ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာကိုသွားမယ့် စာနာမှုသင်္ဘာ ဆိုက်ပရပ်စ်ကနေ ထွက်ခွာဖို့ရှိ- မတ်လ ၉ ရက် နိုင်ငံတကာ ထိပ်တန်းသတင်း
ဂါဇာမှာ အရေးတကြီး လိုအပ်နေတဲ့ စာနာမှုဆိုင်ရာ အထောက်အပံ့ ပစ္စည်းတွေ အမြောက်အများ တင်ဆောင်ထားတဲ့ သင်္ဘောဟာ ဆိုက်ပရပ်စ် နိုင်ငံကနေ အခု ရက်ပိုင်းအတွင်း ထွက်ခွာမယ်လို့ မျှော်လင့်ရပါတယ်။
အဲဒီ သင်္ဘောဟာ စပိန် သင်္ဘောဖြစ်ပြီး၊ စားနပ်ရိက္ခာ တန်ချိန်ပေါင်း ၂၀၀ တင်ဆောင်ထားတဲ့ ဝန်တင် သမ္ဗာန်တစ်စင်းကိုလည်း ဆွဲယူသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီသင်္ဘောဟာ အစ္စရေးနဲ့ ဟားမတ်စ်ကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတဲ့ အခု အခြေအနေမှာ ဘယ်နည်းဘယ်ပုံ ဆိုက်ကပ်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
ဒီ ကူညီရေး အစီအစဉ်ကို ဥရောပသမဂ္ဂ အဖွဲ့ အီးယူက ကျောထောက် နောက်ခံ ပြုပေးပါတယ်။ ဒီ အစီအစဉ် အထမြောက်လာခဲ့ရင် ပင်လယ် ရေကြောင်း လမ်းကနေ အလားတူ စာနာမှု အကူအညီတွေ ဂါဇာကို တင်ပို့နိုင်ရေး နောက်ဆက်တွဲ လမ်းပွင့်သွားဖို့ မျှော်လင့်ထားပါတယ်။
ဒီအချိန်မှာပဲ အမေရိကန် ပြည်ထောင်စုကလည်း ဂါဇာကမ်းရိုးတန်းမှာ ကုန်စည်တွေ ချနိုင်ဖို့ ရေပေါ် ပေါလောပေါ်နေမယ့် ယာယီ ဆိပ်ခံတစ်ခု ရက် ၆၀ အတွင်း အကောင်အထည်ပေါ်လာဖို့ လုပ်ဆောင်နေပါတယ်။
ယူကေ အခြေစိုက် ပရဟိတ လူမှု ကူညီကယ်ဆယ်ရေး အဖွဲ့ဖြစ်တဲ့ ငတ်မွတ်မှုတိုက်ဖျက်ရေး Action Against Hunger UK ရဲ့ အမှုဆောင် ဒါရိုက်တာ ယန်း မီရှဲလ် ဂရန်းက ဂါဇာထဲက အခြေအနေအကြောင်း ဘီဘီစီကို ပြောပါတယ်။
“အခြေအနေကတော့ အလွန်အမင်းကို ဆိုးရွားနေပြီး၊ မိသားစုတိုင်းအတွက် စားနပ်ရိက္ခာ လိုအပ်နေပါတယ်။ အထူးသဖြင့် ဂါဇာမြောက်ပိုင်းဟာ ပြင်ပနဲ့ လုံးဝ ဖြတ်တောက်ခံထားရပါတယ်။ ဘယ်ကူညီရေးအဖွဲ့မှာ ဂါဇာမြောက်ပိုင်းကို ကုန်းလမ်းခရီးကနေ မသွားရောက် နိုင်ပါဘူး။ ဒါ့ကြောင့် ငတ်မွတ် သေဆုံးရမယ့် အန္တရာယ်ကြုံနေတဲ့ ဂါဇာလူထုအတွက် ကြိုးစားမှု မှန်သမျှကို ကြိုဆိုရမှာ ဖြစ်တယ်” ဆိုပြီး ယန်း မီရှဲလ် ဂရန်းက ပြောပါတယ်။
လုံခြုံရေးပျက်ယွင်းနေတဲ့ ဟေတီမြို့တော်မှာ သေနတ်သံတွေ ထွက်လာပြန်
ဟေတီမြို့တော် ပေါ်တိုပရန့်စ်မှာ ပျက်စီးနေတဲ့ သမ္မတ အိမ်တော်အနီး သေနတ်သံတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့ပါတယ်။ မြို့တော် တစ်ခုလုံး နီးပါးကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် ဂိုဏ်းအဖွဲ့တွေက နိုင်ငံတကာ လေဆိပ်ကို ထပ်မံ စီးနင်းလာပြန်တာ ဖြစ်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကလည်း လေဆိပ်ကို အလားတူ စီးနင်းခဲ့ကြပါတယ်။ သမ္မတ အေရီရယ် အွန်နရီ နိုင်ငံရပ်ခြားကနေ ပြန်လာလို့ မရနိုင်အောင် လေဆိပ်ကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ အဲဒါကြောင့် သမ္မတရဲ့ လေယာဉ်ဟာ ပွာတိုရီကို အမေရိကန်ပိုင်နက်မြေမှာ ဆင်းသက်ခဲ့ရပါတယ်။
ဟေတီမှာ လုံခြုံရေး ပျက်ယွင်းပြီး အခြေအနေဆိုးရွား နေတာနဲ့ ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ မိတ်ဆွေတွေ ဂျမေကာမှာ တွေ့ဆုံ ဆွေးနွေးသွားမယ် ဆိုပြီး ကရစ်ဘီယန် ဒေသတွင်း အဖွဲ့ရဲ့ ဥက္ကဌ ဂါယာနာ သမ္မတ မိုဟာမက်ဒ် အိုင်ယာဖန် အလီက ပြောပါတယ်။
“ရထားတဲ့ သတင်းတွေအရ ဟေတီရဲ့ မြေပြင်အခြေအနေဟာ အတော်လေး ဆိုးရွားနေတဲ့ အတွက် ကျွန်တော်တို့ အင်မတန် စိုးရိမ်နေပါတယ်။ ဒါကြောင့် လာမယ့် တနင်္လာနေ့မှာ နိုင်ငံတကာ မိတ်ဆွေတွေနဲ့ အတူ တွေ့ဆုံ ဆွေးနွေးသွားဖို့ ဖိတ်ကြားထားတယ်” ဆိုပြီး သမ္မတ မိုဟာမက်ဒ် အိုင်ယာဖန် အလီက ပြောပါတယ်။
ဆုမားတြားမှာ မြေပြိုမှုတွေ ထပ်ဖြစ်လို့ လူ ၁၀ ဦးထက်မနည်း သေဆုံး
အင်ဒိုနီးရှားနိုင်ငံ ဆုမားတြားကျွန်းပေါ်မှာ ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေ ထပ်မံပေါ်ပေါက်လာပြီး လက်ရှိ အတည်ပြုထားနိုင်သမျှ သေဆုံးသူ ၁၀ ဦးထက် မနည်း ရှိသွားပြီ ဖြစ်သလို၊ နောက်ထပ် ၁၀ ယောက် ဝန်းကျင် ပျောက်ဆုံးနေတယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။ ရွှံ့နွံတွေအောက် အသက်ရှင် ကျန်ရစ်သူတွေ ရှိနေဦးမလား ဆိုပြီး ဆက်လက် ရှာဖွေ နေပေမယ့် ၊ မိုး သည်းသည်းထန်ထန် ရွာသွန်းနေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အလုပ်မတွင် ဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။ ဆုမားတြားမှာ မိုးကြီး ရေလျှံတာတွေ ဖြစ်နေခဲ့တဲ့ အတွက် နေအိမ် အလုံးပေါင်း ၂ သောင်းနဲ့ တံတား ရှစ်စင်း ပျက်စီးခဲ့ရပြီ ဖြစ်သလို၊ လူ လေးသောင်းခြောက်ထောင်ကိုလည်း ယာယီ ခိုလှုံရာနေရာတွေဆီ ရွှေ့ထားရပါတယ်။
ပေ တစ်သောင်းသုံးထောင်ကျော် အမြင့်က ဗျူဟာမြောက် လှိုဏ်ခေါင်းကားလမ်း
အိန္ဒိယ ဝန်ကြီးချုပ် နရန္ဒြာ မိုဒီဟာ နိုင်ငံရဲ့ အရှေ့မြောက်ဘက် တောင်တန်း ဒေသ၊ တရုတ်နယ်စပ် အနီး ဖောက်လုပ်ထားတဲ့ မြေအောက် လှိုဏ်ခေါင်း ကားလမ်းကြောင်းသစ်ကို ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အာရွန်နာချို ပရာဒက်ရှ် တောင်တန်း ပြည်နယ်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေတစ်သောင်းသုံးထောင်ကျော် အမြင့် တည်ဆောက်ထားတာ ဖြစ်ပြီး၊ ဆီလာ လို့ နာမည်ပေးထားတဲ့ လှိုဏ်ခေါင်းဟာ တစ်မိုင်နီးပါး ရှည်လျားပါတယ်။
တရုတ်က သူတို့ ပိုင်နက်အဖြစ် ပြောနေတဲ့ ဗျူဟာမြောက် တာဝမ်နယ်ကို အခု လှိုဏ်ခေါင်းကြောင့် ရာသီမရွေး သွားရောက် နိုင်မှာ ဖြစ်ပါတယ်။
ဒီလှိုဏ်ခေါင်းကို ဒေါ်လာ သန်း ၁၀၀ နီးပါး အကုန်ကျခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယား ကျောင်းသားကလေးငယ်တချို့ ပြန်ပေးတွေလက်ထဲက ထွက်ပြေးလာနိုင်
နိုင်ဂျီးရီးယား နိုင်ငံ ကာဒူနာ ပြည်နယ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက စာသင်ကျောင်းကနေ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံလိုက်ရတဲ့ ကလေးသူငယ်တွေထဲက ၂၈ ယောက်ထက်မနည်း ပြန်ပြီး ထွက်ပြေး လွတ်မြောက်လာကြတယ် ဆိုပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။ ကူရီဂါမြို့ စာသင်ကျောင်းကနေ ကလေးပေါင်း ၂၈၀ ကျော် ဖမ်းခေါ် သွားခံရတာ ဖြစ်ပြီး၊ နိုင်ဂျီးရီးယား စစ်တပ် ဦးဆောင်ပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မြေပြင်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လုံလုံလောက်လောက် မရှိတာကြောင့် အခုလို ပြန်ပေးဆွဲတဲ့ လုပ်ရပ်တွေ မကြာခန ပေါ်ပေါက် နေရတာ ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အူဘာဆာနီက ဆိုပါတယ်။