ရွှေလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီ ခေါ်ယူစစ်ဆေး

ရေးသားခဲ့သည်။

ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းလုပ်ကိုင်သူတချို့ကို စစ်ကောင်စီကခေါ်ယူမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်ကြတဲ့ အသိုင်းအဝိုင်းထံက သိရပါတယ်။

ပြင်ပမှာ အကယ်ဒမီ အခေါက်ရွှေ ပေါက်စျေးကလည်း ဒီရက်ပိုင်း တစ်ကျပ်သားကို ကျပ် ၃၁ သိန်း ဝန်းကျင် ရောက်ရှိလာခဲ့ပြီး နောက် အခုလိုခေါ်ယူ စစ်ဆေးမှုတွေ စစ်ကောင်စီဘက်က လုပ်လာတာပါ။

ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူ စစ်ဆေးတာသာဖြစ်ပြီး ဖမ်းဆီးတာမဟုတ်ဘူးလို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ခေါ်ယူမေးမြန်းမှုတာဟာ အဲဒီလုပ်ငန်းရှင်အချို့ဟာ ရွှေနဲ့ ဒေါ်လာ တရားမဝင်ရောင်းဝယ်တာတွေလုပ်နေတာနဲ့ ဆက်စပ်လို့ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အချို့က ပြောပါတယ်။

မန္တလေးက ရွှေကုန်သည်တချို့ကိုလည်း တရားမဝင် ရွှေနဲ့ ဒေါ်လာ ရောင်းဝယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲဥပဒေတွေနဲ့ တရားစွဲဆို ဖို့ လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အစည်းအဝေးတစ်ခု ပြုလုပ်သွားဖို့ရှိပြီး ရွှေစျေးက ပြင်ပမှာပေါက်နေတဲ့ တစ်ကျပ်သားကို ငွေကျပ် ၃၁ သိန်း ကနေ အခုရက်ပိုင်းအတွင်းမှာပဲ စျေးကျဆင်းလာမယ့် အလားအလာ ရှိတယ်လို့ ရွှေလုပ်ငန်းရှင်များအသင်းထံက သိရပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ အစောပိုင်းကာလတွေမှာတော့ ရွှေစျေးက တစ်ကျပ်သားကို ငွေကျပ် ၁၃ သိန်း ဝန်းကျင်မှာ ရှိနေခဲ့ရာက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ကာလ နှစ်နှစ်ကျော် ကာလအတွင်းမှာ ၂၁သိန်း ကနေ ၂၈ သိန်း အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အောက်တိုဘာလလောက်တုန်းကလည်း ရွှေစျေးက ပေါက်စျေး ကျပ် ၃၁ သိန်း ဝန်းကျင်ကိုအမြင့်ဆုံးရောက်ရှိခဲ့ပြီး ကျပ် ၂၈ သိန်းမှာ ပြန်ငြိမ်နေခဲ့ရာက အခု ဇွန်လ ထဲ မှာကျပ် ၃၁ သိန်း ပေါက်စျေးထိ ပြန်ရောက်လာတာ ဖြစ်ပါတယ်။

ရွှေစျေးနှုန်းတွေကို ထိန်းချုပ်ဖို့ အတွက် လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ စစ်ကောင်စီက အစည်းအဝေး ခေါ်ထားတဲ့ အကြောင်း ရွှေလုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ ဇွန်လ ၁၅ ရက်နေ့ ရွှေပေါက်စျေးကို တစ်ကျပ်သားကို ကျပ် ၂ ,၂၇၇ ,၃၀၀ နဲ့ စျေးပိတ်သွားပြီး ကမ္ဘာရွှေစျေး တစ်ကျပ်သားကို ဒေါ်လာ ၁၉၃၃ ဒေါ်လာပေါက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ သတ်မှတ်ထားတဲ့ တစ်‌ဒေါ်လာ ကို ကျပ် ၂၁၀၀ စျေးနဲ့ ဒေါ်လာတွက်ချက်ပြီးရွှေလုပ်ငန်းရှင်များအသင်းက အရောင်း ဖွင့်ပေးတာဖြစ်တဲ့အတွက် ရွှေစျေးကလည်း ရည်ညွှန်းစျေးနဲ့ ပြင်ပပေါက်စျေး ကွာဟချက်တွေ ရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

"ရွှေက ဘောင်ချာနဲ့ရေးရင် တစ်စျေး ၊ အပြင်မှာ ငွေချေရရင်တစ်စျေးနဲ့ ရောင်းနေကြတာ ကြာပါပြီ"လို့ ရန်ကုန်မြို့က ‌ရွှေဝယ်လေ့ရှိတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ရွှေဆိုင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ပြီး ရွှေတစ်ကျပ်သားကို ၂၇ သိန်း ၉ သောင်းကျပ် နဲ့ ရောင်းချဖို့ သတ်မှတ်ခဲ့ပါသေးတယ်။

စစ်ကောင်စီလက်ထက်မှာ ရွှေစျေးနဲ့ ဒေါ်လာ စျေးတွေကို ကိန်းဂဏန်းတစ်ခု တရားဝင် သတ်မှတ်ထားပေမဲ့ ပြင်ပစျေးကွက်ထဲမှာတော့ စစ်ကောင်စီ သတ်မှတ်တဲ့ စျေးနဲ့ အရောင်းအဝယ် ပြုလုပ်လို့မရတာကြောင့် သတ်မှတ်စျေးထက် ပိုပေးရတဲ့ ပြင်ပ ပေါက်စျေးတွေနဲ့ပဲ အရောင်းအဝယ်ဖြစ်နေကြတာလည်း တွေ့ရပါတယ်။

ကမ္ဘာ့ရွှေစျေး တစ်အောင်စစျေး ၁၉၃၃ ဒေါ်လာကို လက်ရှိဒီရက်ပိုင်း ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း ပြင်ပပေါက်စျေး ၂၉၇၅ ကျပ် နဲ့ မြှောက်ပြီး အောင်စနဲ့ ကျပ်သား ဆက်သွယ်ချက် ၁.၈၇၅ နဲ့ စားရင် ရန်ကုန်ရွှေစျေးကို အကြမ်းဖျင်းခန့်မှန်းလို့ရပြီး ဒီတွက်ချက်နည်း အရ တစ်ကျပ်သားကို ကျပ်သိန်း သုံးဆယ် နဲ့ ခြောက်သောင်းကျပ် ဝန်းကျင်ရှိပါတယ်။ ဒါဟာ အရင်က နှစ်ပေါင်းများစွာတွက်လာကြတဲ့ နည်းဖြစ်တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရွှေစျေးတွေ အဓိက တက်ရတဲ့ အကြောင်းအရင်းဟာ မိုးရာသီကာလ ဖြစ်လို့‌ ‌ရွှေတွင်းတွေ အပြည့်အဝ မလည်ပတ်နိုင်လို့ ဖြစ်သလို ဒေါ်လာကလည်း ကျောင်းဖွင့်ရာသီဖြစ်တာကြောင့် နိုင်ငံတကာ‌ကျောင်းတွေကို ကျောင်းလခ ဒေါ်လာ ပေးသွင်းဖို့ဒေါ်လာ အဝယ်များနေပြီး ဒေါ်လာ စျေးတွေကလည်း မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပြီလား ဆက်လက်ထိန်းသိမ်းထားသလား ဆိုတာနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်က ‌ရွှေဆိုင်အချို့ အရောင်းအဝယ်ပိတ်ထားပြီးတော့ သိတဲ့သူကိုပဲ ရောင်းပေးကြတယ်လို့ ရန်ကုန်လုပ်ငန်းရှင်အချို့ကပြောပါတယ်။

ပြီးခဲတဲ့ နိုဝင်ဘာလတုန်းကလည်း ရွှေစျေးတွေ တစ်ကျပ်သား ကျပ် သိန်း ၃၀ ကျော်လာပြီးတဲ့နောက်ပိုင်း ရန်ကုန်က ‌ရွှေလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ခေါ်ယူမေးမြန်းတာတွေလုပ်ခဲ့တာရှိပါတယ်။