နှစ် ၁၀၀ ကျော် နောက်ကျပြီးမှ ရောက်လာတဲ့ စာတစ်စောင်

နှစ် ၁၀၀ ကျော်က ထည့်လိုက်တဲ့စာ

ဓာတ်ပုံ ရင်းမြစ်, Finlay Glen

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ထည့်လိုက်တာ တွေ့ရပါတယ်
ရေးသားခဲ့သည်။

၁၉၁၆ ခုနှစ် ဖေဖော်ဝါရီလက ရေးလိုက်တဲ့စာတစ်စောင်ဟာ နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီးမှ လန်ဒန်တောင်ပိုင်းက အိမ်တစ်အိမ်ကို ရောက်လာခဲ့ပါတယ်။

စာအိတ်ပေါ်မှာ ဘာ့သ်မြို့စာတိုက်တံဆိပ်နှိပ်ထားပြီး ပဉ္စမမြောက် ဂျော့ခ်ဘုရင်ပုံနဲ့ တစ်ပြားတန်တံဆိပ်ခေါင်းကပ်ထားတဲ့ စာက ၂၀၂၁ ခုနှစ်မှာ ဖင်လေဂလင်းရဲ့ ခရစ္စတယ်ပဲလေ့စ်မြို့ ဟမ်းမလက်လမ်းက နေအိမ်ဆီ ရောက်လာခဲ့ပါတယ်။

"နှစ်ပေါင်း ၁၀၀ ကျော်လောက် ဒီစာက ဘယ်လိုလုပ်ပြီး တစ်ချာင်ချောင်မှာ ကပ်နေခဲ့တာလဲဆိုတာကို ကျွန်တော်တို့ အတော်ကြီး အံ့အားလည်းသင့်တယ်၊ စဉ်းစားလို့လည်း မရပါဘူး" လို့ ဖင်လေဂလင်းက ပြောပါတယ်။

သူက အသက် ၂၇ နှစ်အရွယ် ပြဇာတ်ဒါရိုက်တာ တစ်ယောက်ပါ။

ယူကေက စာတိုက်လုပ်ငန်း Royal Mail က "အခုကိစ္စဟာ ဘယ်လိုက ဘယ်လို ဖြစ်သွားခဲ့တာလဲဆိုတာ သူတို့လည်း အခုအထိသေသေချာချာမသိပါဘူး"လို့ ပြောပါတယ်။

ဒီစာကို ပထမကမ္ဘာစစ်ကြီးကြောင့် ယူကေမှာ အစားအသောက်တွေခွဲတမ်းနဲ့ မသုံးရခင် နှစ်နှစ်အလိုမှာပို့ခဲ့တာပါ။ ပဉ္စမမြောက်ဂျော့ချ်ဘုရင် နန်းတက်တာ ငါးနှစ်ရှိတဲ့အချိန်ပါ။

နောင်မှာ ဗြိတိသျှဝန်ကြီးချုပ်တွေဖြစ်လာကြမယ့် ဟယ်ရိုးဝီလ်ဆင်နဲ့ အက်ဒွပ်ဟိသ်တို့လည်း အဲဒီနှစ်နှောင်းပိုင်းမှာ မွေးဖွားကြပါတယ်။

ဖင်လေ ဂလင်း

ဓာတ်ပုံ ရင်းမြစ်, Finaly Glen

ဓာတ်ပုံ ပုံစာ, ဖင်လေ ဂလင်းက ဒီစာကို အံဆွဲထဲထည့်ထားတာ နှစ်နှစ်ရှိပါပြီ

ယူကေမှာ ၂၀၀၀ ခုနှစ်ကစလို့ ပြဋ္ဌာန်းထားတဲ့ စာပို့လုပ်ငန်းများဆိုင်ရာဥပဒေအရ ကိုယ့်ဆီဦးတည်ပေးပို့တာမဟုတ်တဲ့ စာတစ်စောင်ကို ဖွင့်ဖောက်ရင် ဥပဒေချိုးဖောက်ရာရောက်ပါတယ်။ ဒါပေမဲ့ ဖင်လေ ဂလင်းကတော့ ဒီစာပို့တာ ၂၀၁၆ မဟုတ်ဘဲ ၁၉၁၆ ဖြစ်နေတယ်ဆိုတာ သတိထားမိတဲ့အချိန်မှာ ဖွင့်ကြည့် မိတာ "ရပါတယ်" လို့ သူ့စိတ်မှာဖြစ်မိကြောင်းပြောပါတယ်။

"ပြစ်မှုကျူးလွန်မိတယ်လို့ဆိုရင်လည်း ကျွန်တော့်အနေနဲ့ တောင်းပန်ရုံပဲပေါ့ဗျာ" လို့သူက ဆိုပါတယ်။

စာက "ချစ်ခင်ရပါသော ကေတီရေ" လို့ အစချီပြီးရေးထားပါတယ်။ ကေတီဆိုတာ အဲဒီအရပ်က တံဆိပ်ခေါင်းရောင်းဝယ်သူ အော်စဝဲလ်မာ့ရှ်ရဲ့ ဇနီးဖြစ်တယ်လို့ ဒေသခံသမိုင်းဆိုင်ရာ မဂ္ဂဇင်း Norwood Review ရဲ့ အယ်ဒီတာ စတီဖင်အောက်စဖို့က ပြောပါတယ်။

အော်စဝဲလ်မာ့ရှ်ဟာ အဲဒီအရပ်မှာ နာမည်ကြီး တံဆိပ်ခေါင်းရောင်းဝယ်သူတစ်ယောက်ဖြစ်ပြီး တံဆိပ်ခေါင်းနဲ့ပတ်သက်လို့ အငြင်းအခုံဖြစ်ကြတဲ့အခါ သူ့ကို ကျွမ်းကျင်သူအဖြစ်ခေါ်ယူပြီး အကြံဉာဏ်တောင်းရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စာရေးသူကတော့ သူတို့ရဲ့ မိတ်ဆွေ ခရစ္စတာဘဲလ်မန်နယ် ဖြစ်ပြီး သူကတော့ လက်ဖက်ခြောက်သူဌေးကြီး ဟင်နရီတုခ်မန်နယ်ရဲ့ သမီးဖြစ်ပါတယ်။ သူ ဘာ့သ်မြို့ကို အပန်းဖြေခရီးသွားနေတုန်း စာရေးပို့လိုက်တာပါ။

စာထဲမှာ မစ္စမန်နယ်က "သူဘာတွေလုပ်ခဲ့တာကို ပြောပြပြီးတဲ့နောက်မှာ သူ့ကိုယ်သူ ရှက်မိတယ်" လို့ ရေးထားသလို "ဒီမှာ ရာသီဥတုက သိပ်ကိုအေးလို့ အတော်ကြီး မခံသာဖြစ်နေရတယ်" လို့လည်း ရေးထားပါတယ်။

နှစ် ၁၀၀ ကျော်က ပို့တဲ့စာ

ဓာတ်ပုံ ရင်းမြစ်, Finlay Glen

ဓာတ်ပုံ ပုံစာ, ခရစ္စတာဘဲလ် မန်နယ်က ကေတီမာ့ရှ်ဆီ ရေးလိုက်တဲ့စာ ဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သမိုင်းဆိုင်ရာ မဂ္ဂဇင်းအယ်ဒီတာ မစ္စတာအောက်စဖို့က ဒီစာကနေပြီး အဲဒီအချိန်က လူတွေ နေပုံထိုင်ပုံ ပြောဆိုပုံတွေအကြောင်း သိရလို့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဆိုတာလည်း ၁၈၀၀ ပြည့်ကျော်နှစ်တွေကစလို့ ချမ်းသာသူတွေအများကြီး ရွှေ့ပြောင်းပြီးလာနေကြတဲ့ နေရာဖြစ်တဲ့အတွက် အဲဒီလိုရွှေ့လာသူ တစ်ယောက်ကို တွေ့ရတာ သမိုင်းရေးအရ တန်ဖိုးရှိပါတယ်လို့ ပြာပါတယ်။

ဒီစာကို ရေးလိုက်သူပဲ ဖြစ်ဖြစ်၊ သူ ပို့လိုက်တဲ့သူပဲဖြစ်ဖြစ် အဲဒီသူတွေရဲ့ မိသားစုတွေက ဆက်သွယ်လာရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဖင်လေဂလင်းက "ဒါက သူတို့မိသားစုတွေရဲ့သမိုင်းနဲ့ပတ်သက်တဲ့ အံ့သြစရာ အစိတ်အပိုင်းလေး ပေါ်လာတာပဲလေ၊ သူတို့ လိုချင်ရင်တော့ လာယူနိုင်ပါတယ်" လို့ ပြောပါတယ်။

ယူကေက တော်ဝင်စာတိုက်လုပ်ငန်း Royal Mail ရဲ့ ပြောခွင့်ရသူတစ်ဦးကတော့ "ဒီလို အဖြစ်မျိုးက မကြာမကြာဖြစ်တတ်ပါတယ်။ အခုအဖြစ်ကတော့ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ မသေချာဘူး" လို့ ဆိုပါတယ်။

"၁၉၁၆ ခုနှစ်က စာရဲ့ သမိုင်းနဲ့ပတ်သက်ပြီး လူတွေကြားစိတ်ဝင်စားမှုရှိကြတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ နောက်ထပ်မသိရသေးပါဘူး" လို့ ပြောပါတယ်။