ရွေးကောက်ပွဲအပြီး အာဏာမသိမ်းပါဘူးလို့ ထိုင်းစစ်တပ်ကတိပေး-မေလ ၁၂ ရက် ညနေပိုင်းသတင်းများ

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာ လာမယ့်တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံအားပေးတဲ့ လက်ရှိအစိုးရ ပြုတ်ကျနိုင်ဖွယ်ရှိနေပေမဲ့လည်း ရွေးကောက်ပွဲအပြီးနောက်ပိုင်း အာဏာသိမ်းတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ထိုင်းထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျစ်ကေအူတေက ပြောပါတယ်။

အရင်အတိတ်က အာဏာသိမ်းမှုတွေအပေါ် အဆိုးမြင်ခဲ့ကြပြီး အာဏာသိမ်းမှု ဆိုတဲ့ စကားလုံးကို အဘိဓာန်စာအုပ်ထဲကနေတောင် ဖယ်ရှားသင့်တယ်လို့ စစ်ဗိုလ်ချုပ်ကြီး နာရွန်ပန် ဂျစ်ကေအူတေ က သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်ဟာ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း အာဏာသိမ်းမှုပေါင်း ၁၀ ကြိမ်မက လုပ်ခဲ့ပြီး နောက်ဆုံးအာဏာသိမ်းခဲ့ချိန်က ၂၀၁၄ ခုနှစ်က ဖြစ်ပါတယ်။

လူထုစစ်တမ်းတွေအရ အတိုက်အခံပါတီ နှစ်ခုက အလားအလာကောင်းနေပြီး ရှေးရိုးစွဲ ပဒေသရာဇ် ထောက်ခံအားပေးတဲ့ လက်ရှိ အစိုးရပါတီကတော့ အရှုံးနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ပါကစ္စတန်ဝန်ကြီးဟောင်းကို အာမခံ ပေးထားစဉ် မဖမ်းဖို့ တရားရုံးညွှန်ကြား

ပါကစ္စတန်နိုင်ငံမှာ အဂတိလိုက်စားခဲ့မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ကို သီတင်းနှစ်ပတ် အာမခံပေးခဲ့အပြီးမှာပဲ သူ့ကို ဖမ်းဆီးထားရာကနေ လွှတ်ပေးဖို့ အစ္စလာမာဘာ့ဒ်မြို့ အထက်တရားရုံးက ညွှန်ကြားလိုက်ပါတယ်။

သူထိန်းသိမ်းခံထားရစဥ်တုန်းက သူ့အပေါ်စွဲဆိုထားတဲ့ တခြားစွဲချက်တွေနဲ့ပတ်သက်လို့လည်း သူ့ကို အာမခံ ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အင်မရန်ခန်းကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အတွက် နိုင်ငံတဝန်း သူ့ကို ထောက်ခံအားပေးသူတွေရဲ့ အကြမ်းဖက် ကန့်ကွက်ဆန္ဒပြမှုတွေ ထွက်ပေါ်လာခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို ဖမ်းဆီးထိန်းသိမ်းတာဟာ တရားဥပဒေနဲ့ မညီကြောင်း ပါကစ္စတန်တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ကို ဆန့်ကျင်သူတွေကတော့ သူဟာ တရားဥပဒေအတိုင်း စီရင်ခံရမှာကို ရှောင်လွှဲနိုင်ဖို့ သူ့ကိုထောက်ခံအားပေးသူတွေကို အသုံးချခဲ့တယ်လို့ ဝေဖန်ပြောနေကြပါတယ်။

အင်မရန် ခန်းက သူထိန်းသိမ်းခံထားရစဉ် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ကန့်ကွက်ဆန္ဒပြမှုတွေအတွက် သူ့အပေါ် တာဝန်ခံခိုင်းလို့မရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ရွာသား ၅၀၀ သတ်ဖြတ်ခဲ့မှုနဲ့ မာလီစစ်တပ်၊ နိုင်ငံခြားတပ်ဖွဲ့တွေကို ကုလစွပ်စွဲ

မာလီနိုင်ငံအလယ်ပိုင်းက ရွာတစ်ရွာမှာ မနှစ်က မာလီတပ်ဖွဲ့တွေနဲ့ နိုင်ငံခြား တပ်ဖွဲ့ စစ်မှုထမ်းတွေရဲ့ လက်ချက်နဲ့ လူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

အဲဒီ မူရာ ရွာ သတ်ဖြတ်မှုဟာ ဂျီဟာ့ဒ်ဝါဒီအုပ်စုတစ်စုကို စစ်ဆင်တိုက်ခိုက်မှုတစ်ခုအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတစ်ခုအတွင်း ရွာသားတွေကို စုဝေးခေါ်ဆောင်ထားပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးအတော်များများလည်း အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

နိုင်ငံခြားတပ်ဖွဲ့စစ်မှုထမ်းတွေဟာ ဒေသခံတွေ အကျွမ်းမဝင်တဲ့ ဘာသာစကားပြော လူဖြူတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ အဲဒီလူတွေဟာ မာလီနိုင်ငံမှာလည်း စစ်ဆင်လှုပ်ရှားနေတဲ့ ဗာဂနာ ရုရှားကြေးစားတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အများက ယူဆခဲ့ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ ကော်မရှင်မင်းကြီး ဗော်လ်ကာ တာ့ခ် က ဒီသတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ ပြောပါတယ်။

ဘာ့ခ်မွတ်မြို့နားကို ရှေ့တိုး တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းတပ်ဖွဲ့တွေ ထပ်ပြော

ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို လပေါင်းများစွာ ခံနေရတဲ့ ဘာ့ခ်မွတ်မြို့နားတစ်ဝိုက်ကို ယူကရိန်းတပ်ဖွဲ့တွေ ရှေ့တိုး ထိုးစစ်ဆင်နိုင်ခဲ့ပြီလို့ ယူကရိန်းအစိုးရက ထပ်မံပြောဆိုလိုက်ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ၂ ကီလိုမီတာလောက် ရှေ့တိုး ထိုးစစ်ဆင်နိုင်ခဲ့ပြီး ရုရှားတပ်ဖွဲ့ဘက်ကို အကျအဆုံးများအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်း ဒုတိယ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မော်စကိုမြို့မှာရှိတဲ့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ဗက်ခ်နာ ရုရှားကြေးစားတပ်ဖွဲ့ရဲ့ အကြီးအကဲက ဘာ့ခ်မွတ်မြို့နားတဝိုက် ယူကရိန်းတပ်ဖွဲ့တွေရဲ့ တုံ့ပြန်ထိုးစစ်ဆင်မှုတွေ အောင်မြင်နေတဲ့အကြောင်း ထပ်မံ ပြောဆိုခဲ့ပါတယ်။

ဗာဂနာ ရုရှားကြေးစားတပ်ဖွဲ့ အကြီးအကဲ ယက်ဗ်ဂေနီ ပရီဂိုရှင်းက ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်းဂူးထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး တမင်ရွဲ့တဲ့အနေနဲ့ အခြေအနေမှန်သိအောင် ဘာ့ခ်မွတ်မြို့ကို ကိုယ်တိုင်လာကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။