ယူကရိန်းစစ် ၂ နှစ်ပြည့် နဲ့ ဂါဇာက အခြေအနေ - ဖေဖော်ဝါရီ ၂၄ ရက်ညခင်း သတင်းများ

ရေးသားခဲ့သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ ၂ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ယူကရိန်းသမ္မတ ဇလန်းစကီးက သူ့ရဲ့ တပ်သားတွေကို အားပေးစကား ပြောခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်အနီး ဟော့စ်တိုမယ်လ် လေဆိပ်မှာ ပြောတဲ့ သူ့ရဲ့မိန့်ခွန်းမှာ ယူကရိန်းနိုင်ငံသားအားလုံးကို ဂုဏ်ယူကြောင်းနဲ့ ဒီစစ်ပွဲကို ယူကရိန်းက နိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီလေဆိပ်ဟာ ရုရှားကျူးကျော်မှု စတင်ချိန်က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာပါ။

ဒီလေဆိပ်က အခမ်းအနားမှာ အနောက်ကမ္ဘာက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပြီး အဲဒီထဲမှာ ဥရောပကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါ လိုင်ယန်၊ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး၊ အီတလီနဲ့ ဘယ်လ်ဂျီယံက ဝန်ကြီးချုပ်တွေလည်း တက်ရောက်ကြပါတယ်။

နေတိုးအကြီးအကဲ ယန် စတိုတမ်ဘတ်ကလည်း ယူကရိန်းရဲ့ စစ်မြေပြင်တိုက်ပွဲအခြေအနေက အလွန် ပြင်းထန်နေပြီး အကူအညီတွေ ထပ်ပေးဖို့ ကတိပြုခဲ့ပါတယ်။

ဒီလို အနောက်ကမ္ဘာက ခေါင်းဆောင်တွေက ယူကရိန်းနဲ့ တစ်သားတည်းရှိကြောင်း လာရောက်ပြသကြပေမဲ့ လတ်တလော ရုရှားဘက်က တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအလားအလာဟာ ပြီးခဲ့တဲ့ နှစ်ကနဲ့စာရင် ယုတ်လျော့အားနည်းလာတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အနောက်နိုင်ငံတွေဘက်က စစ်ရေးအကူအညီတွေ ပေးပို့မှု နှောင့်နှေးကြန့်ကြာနေတဲ့အခြေအနေကို ရုရှားဘက်က ကောင်းကောင်း အသုံးချနေတယ်လို့ ယူကရိန်းအမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး အိုလက်စီ ဒန်နီလော့ဗ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ် ယူကရိန်းစစ်ပွဲအတွင်းမှာ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ကြီးမားခဲ့သလို နှစ်ဖက်စစ်သားသောင်းနဲ့ချီ သေဆုံးခဲ့ပြီး ယူကရိန်းအရပ်သားထောင်နဲ့ချီလည်း သေဆုံးခဲ့ပါတယ်။

ယူကရိန်းစီးပွားရေးလည်း ပျက်စီးခဲ့ပြီး အခုချိန် ပြန်ထူထောင်နိုင်မယ်ဆိုရင်တောင် ဒေါ်လာ ဘီလျံ ၅၀၀ လောက် လိုအပ်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ပြောပါတယ်။

လတ်တလော ယူကရိန်း စစ်ရေး

ရုရှားဘက်က ယူကရိန်းတစ်ဝန်းက မြို့တွေကို မစ်ဆိုင်းဒုံးကျည်တွေ၊ ဒရုန်းယာဉ်တွေနဲ့ ဆက်လက် တိုက်ခိုက်နေပါတယ်။

သောကြာနေ့က တိုက်ခိုက်မှုတွေကြောင့် အိုဒက်ဆာ ဆိပ်ကမ်းမြို့မှာ လူတစ်ဦးသေဆုံးခဲ့ပါတယ်။ ရုရှားဒရုန်းတစ်စင်းကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ပစ်ချခဲ့မှုမှာတော့ ဒရုန်းဟာ လူနေအဆောက်အအုံတစ်ခုပေါ် ပျက်ကျပြီး မီးလောင်ကာ လူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် ၂ နှစ်မြောက်ကာလမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူကတော့ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းက စစ်စခန်းတွေဆီ သွားရောက်ခဲ့ပါတယ်။

အစ္စရေးက ဂါဇာကို ဆက်ဗုံးကြဲ

အစ္စရေးဟာ ဂါဇာကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေပြီး တစ်ရက်အတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဂါဇာမြောက်ပိုင်းက ဂါဇာစီးတီးနဲ့ တောင်ပိုင်းက ခန်းယူနစ်စ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ အစ္စရေးစစ်တပ်ကလည်း ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှုဖြစ်နိုင်ခြေ ပိုများလာနေတယ်လို့ ကုလသမဂ္ဂကလည်း သတိပေးထားပါတယ်။

ဂါဇာမြောက်ပိုင်းမှာ စားစရာရဖို့ လူတွေ တန်းစီစောင့်ဆိုင်းနေကြတာကို ဂါဇာက ထွက်လာတဲ့ ဗီဒီယိုတွေမှာလည်း တွေ့ရပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာတော့ အစ္စရေးရဲ့ ထောက်လှမ်းရေးအကြီးအကဲဟာ နိုင်ငံတကာညှိနှိုင်းရေးမှူးတွေနဲ့ တွေ့ဆုံနေပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေ ပြန်လွတ်လာရေးအတွက် ဆွေးနွေးဖို့ ဖြစ်ပါတယ်။