ဒီဇင်ဘာ ၈ ရက်ထိပ်တန်းသတင်းများ- အာဆီယံအထူးသံ မြန်မာကိုမလာရောက်တော့

ရေးသားခဲ့သည်။

နမ့်ဆန်မှာ တိုက်ပွဲပြင်းထန်နေ စစ်ကောင်စီက လေကြောင်းကုန်းကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေပြော

ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးရှောင်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်ထဲမှာ ရှိတဲ့ တအောင်းလွတ်မြောက်ရေးတပ် (TNLA) စခန်းအနီးကို ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းကစလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရဟတ်ယာဥ် ၅စီးလောက်နဲ့ အင်အားလာရောက်ချ ထားပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေဟာ မနေ့က ည ၁၀ နာရီကျော် အထိကို ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

နမ့်ဆန်မြို့နဲ့ မိုင် ၂၀လောက်ဝေးတဲ့ ကုန်းသာ၊ မန်တုံနဲ့၊ ဟူးမန်းကျေးရွာတွေနားမှာ တိုက်ပွဲတွေပြင်းပြင်းထန် ထန်ဖြစ်နေတာဖြစ်ပြီး မနေ့ကတည်းက လေကြောင်း၊ ကုန်းကြောင်းအပြင် လက်နက်ကြီးစတာတွေနဲ့ပါ စစ်တပ် ဘက်က ထိုးစစ်ဆင်တာတွေရှိနေလို့ တိုက်ပွဲဖြစ်စဥ်တွေကိုသိရှိကြတဲ့သူတွေက ဘီဘီစီကိုပြောကြပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာလည်း ကုန်းသာကျေးရွာထဲမှာ နှစ်ဖက်တိုက်ပွဲဆက်တိုက်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့အနီးဆုံးမှာရှိနေတဲ့ ကျေးရွာက ကုန်းသာ၊ မန်တုံ၊ ဟူးမန်း စတဲ့ရွာတွေက ဒေသခံ ၂၀၀၀ နီးပါးကတော့အနီးအနားက ကျေးရွာတွေနားမှာသာ စစ်ဘေးရှောင်နေရသလို၊ ပိတ်မိတဲ့အခြေအနေနဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ ကယ်ဆယ်ရေးနဲ့ ဒေသခံတွေက တိတိကျကျသိရှိရတာမရှိသေးပါဘူး။

တိုက်ပွဲအပြင်၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နမ့်ဆန်မြို့တွင်းထဲက ဆိုင်အချို့ ဒီကနေ့ နေ့ခင်းပိုင်း ကစလို အများစု ပိတ်ထားရပြီး စာသင်ကျောင်းအများစုမှာလည်း ကျောင်းတက်သူ အနည်းအကျဥ်းသာ ရှိနေခဲ့ပါတယ်။

တစ်နှစ်ကျော်ကြာ တိုက်ပွဲမဖြစ်တော့တဲ့ နမ့်ဆန်မြို့နယ်ထဲမှာ အခုရုတ်တရက်တိုက်ပွဲဖြစ်လာချိန်မှာတော့ ဒေသခံတွေက စိုးရိမ်မှုတွေရှိနေကြသလို၊ တိုက်ပွဲက ရက်တိုတိုအတွင်းပြီးစီးနိုင်မှာမဟုတ်ဘူးလို့ ယူဆပြော ဆိုကြတာလည်းရှိပါတယ်။

နမ့်ဆန်မှာတိုက်ပွဲတွေမဖြစ်ခင် တရက်အလိုလောက်ကလည်း ရှမ်းအရှေ့မြောက်ဘက်က လောက်ကိုင်ဒေသ မှာ စစ်ပြင်ဆင်မှုတွေရှိလို့ ဒေသခံအများစု လောက်ကိုင်ကနေထွက်ပြေးတိမ်းရှောင်တာတွေရှိနေပါတယ်။

နမ့်ဆန်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တအာင်းတပ်မတော် (TNLA) လှုပ်ရှားနယ်မြေထဲ ပါဝင်မှု ရှိသလို လောက်ကိုင်ကလည်း ကိုးကန့်အဖွဲ့ရဲ့ လှုပ်ရှားနယ်မြေတွေထဲပါဝင်တယ်လို့သိရပါတယ်။

ဒါဟာ ရခိုင်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ကြား အလွတ်သဘော ဆွေးနွေးပြီးတဲ့နောက် တိုက်ပွဲမဖြစ်တာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ရှမ်းမြောက်နမ့်ဆန်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတာလည်း သိရပါတယ်။

နမ့်ဆန်ဘက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၈ ရက် ညပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအပါအဝင် သုံးဦး အဂတိအမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရ  

စစ်ကောင်စီက ခန့်အပ်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးနဲ့ အစိုးရအဖွဲ့အတွင်းရေးမှူးဟောင်း ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးဟာ မြေနေရာချထားပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးဆီက လာဘ်ငွေ ကျပ်သိန်း ၂၅၀၀ လက်ခံရယူ တာနဲ့ မြို့နယ်တချို့က မြေကွက်တွေရောင်းတဲ့ချနေရာမှာ လုပ်ထုံး လုပ်နည်းအတိုင်း မဆောင်ရွက်တာကြောင့် အရေးယူတာလို့ ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးအောင်သန်းဦးကတော့ မြေကွက်လျှောက်ထားရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် တစ်ဦးဆီကနေ လာဘ်ငွေ ကျပ်သိန်း ၅၀၀၀ ရယူခဲ့တာ၊ ဒါ့အပြင် ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းကိုကျော်လွန်ပြီး ပြင်ပဘဏ်မှာ ငွေစာရင်းဖွင့်လှစ်တာ စတဲ့အချက်တွေကြောင့်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

 

အတွင်းရေးမှူး ဦးစိုးစိုးဇော်ကတော့ မြောက်ဒဂုံမြို့နယ်က မြေဧက ၃၂ ဧကကို အငြိမ်းစား တစ်ဦးအမည်နဲ့ လျှောက်ထားတဲ့အခါ မြေကွက်ချထားပေးနိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့ပြီး မြေကွက်ဂရန်ရရှိတဲ့အခါ ပြန်ရောင်းလို့ ရတဲ့ အမြတ်ငွေရဲ့ ၂၀ ရာခိုင်နှုန်းရယူဖို့ သဘောတူညှိနှိုင်းဆောင်ရွက်မှုတွေကြောင့်လို့ ဆိုပါတယ်။

ဒါကြောင့်  ဦးလှစိုးနဲ့ ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှုပုဒ်မ တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊  ဦးစိုးစိုးဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃၊ ပုဒ်မ ၅၆ တို့နဲ့အမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် ၆ လခန့်အကြာ ဒီဇင်ဘာ ၈ ရက်မှာတော့ ဦးလှစိုးကို ထောင်ဒဏ် ၁၅ နှစ်နဲ့ ဦးအောင်သန်းဦးကို ထောင်ဒဏ် နှစ် ၂၀၊ ဦးစိုးစိုးဇော်ကို ထောင်ဒဏ် ၆ နှစ်  ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့တယ်လီဂရန်ချန်နယ်တွေက ဖော်ပြနေပါတယ်။

မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ၃၀ ရက်အထိ စစ်ကောင်စီက အဂတိမှုနဲ့တရားစွဲထားမှုပေါင်း ၁၉၄ မှု၊ နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးစေမှု ၈၇ မှု ရှိကြောင်းနဲ့ အဲဒီထဲမှာ NLD အစိုးရလက်ထက် ၂၇၄ ဦးနဲ့ စစ်ကောင်စီလက်ထက် ၂၂ ဦးဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက် WFP ကို ဥရောပသမဂ္ဂ ယူရို ၆ သန်းကျော်ထောက်ပံ့

စားနပ်ရိက္ခာမဖူလုံမှု၊ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတဲ့ လူ ၁၅ သန်းရှိနေတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်နိုင်ဖို့  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကို ဥရောပသမဂ္ဂက ယူရိုငွေ ခြောက်သန်းခွဲ ထောက်ပံ့ပေးအပ်လိုက်ပါတယ်။

စားသောက်ကုန်စျေးနှုန်းတွေနဲ့ လောင်စာဆီ စျေးနှုန်းမြင့်တက်မှုကြောင့် မြန်မာလူထုဟာ ဆန်နဲ့ ဟင်းချက်ဆီကိုတောင် လက်လှမ်းမီ ဝယ်ယူစားသောက်နိုင်ဖို့ ခက်ခဲလာသလို နိုင်ငံတွင်း နေရာအနှံ့အပြားမှာ ဆက်လက်ဖြစ်ပွားနေတဲ့  ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေကြောင့် ထောက်ပံ့ရေးကွင်းဆက်တွေပြတ်တောက်မှုကလည်း သန်းနဲ့ချီတဲ့လူထုရဲ့ နေ့စဉ်စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။

WFP ကတော့ အီးယူက ပေးတဲ့ ဒီထောက်ပံ့ရေးအကူအညီတွေကို အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ ပူးပေါင်းပြီး ပဋိပက္ခဒဏ်ကို ထိခိုက်ခံစားရတဲ့ ဒေသတွေအပါအဝင် အကူအညီအလိုအပ်ဆုံး အိမ်ထောင်စုတွေကို အစားအစာနဲ့ ငွေကြေး၊ အာဟာရဆိုင်ရာ ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီထောက်ပံ့မှုတွေကို ရန်ကုန်မြို့ကဆင်ခြေဖုန်းဒေသက ဆင်းရဲတဲ့မိသားစုတွေ၊ နယ်စပ်ဒေသတွေနဲ့ နိုင်ငံရဲ့အရှေ့တောင်ပိုင်းနဲ့မြောက်ပိုင်းက လူ ရှစ်သိန်းကျော်ဆီ ဖြန့်ဝေပေးမှာဖြစ်ပါတယ်။

 ၂၀၂၂ ခုနှစ်ကစလို့ WFP ဟာ နိုင်ငံတဝန်းက လူ ၃ သန်းကျော်ကို အစားအစာ၊ အာဟာရနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေပြုလုပ်ထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းပင်လယ်ပြင်အနီး မျောပါနေတဲ့ ရိုဟင်ဂျာတစ်ရာ‌ကျော်ကို မြန်မာရေတပ်သွားရောက်ခေါ်ဆောင်

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားသွားမယ့်သူတွေလို့ ကနဦးသိရ

မြိတ်မြို့အနောက်တောင်ဘက် ထိုင်းပင်လယ်ပြင်အနီးမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးကို မြန်မာရေတပ်က မနေ့ ဒီဇင်ဘာ ၇ ရက် ညက သွားရောက်ခေါ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်သင်္ဘောပေါ်မှာပဲ ရှိသေးတဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။

ကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့ဌာနက သင်္ဘော နှစ်စင်းက ကနဦးသွားရောက် ကယ်ဆယ်ခဲ့ပြီးမှ မြန်မာရေတပ်ကို သတင်းပို့ခဲ့တာလို့သိရပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားသွားမယ့်သူတွေလို့ ကနဦးသိရတယ်။ UNHCR ကတ်တွေ ကိုင်ထားတယ်’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီရဲ့မေးမြန်းချက်ကို ဖြေကြားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရှိချက်တွေကို ဆက်လက်ထုတ်ပြန်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက်တင်ဆောင်ထားတဲ့ စက်လှေတစ်စင်းဟာ ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်ထဲမှာမျောနေခဲ့တာ တစ်ပတ်နီးပါးရှိပြီဖြစ်တဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေးအဖွဲ့၀င်တစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက ဘီဘီစီကို မနေ့ကပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အယောက် ၁၈၀ တင်ဆောင်လာတဲ့ နောက်ထပ် လှေတစ်စင်းက နိုဝင်ဘာလ ၂၅ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားစဉ် စက်ချို့ယွင်းသွားခဲ့ပြီး လောလောဆယ် ပင်လယ်ထဲမျောနေကြောင်းလည်း ဦးအောင်ကျော်မိုးက သူ့ရဲ့လူမှုကွန်ရက်မှာ ဒီနေ့ ဒီဇင်ဘာ ၈ ရက်မနက်က ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေဟာ ရေလမ်းကရော ကုန်းလမ်းကပါ နေရပ်စွန့်ခွာမှုတွေရှိနေပြီး ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ရန်ကုန်မြို့လှည်းကူးမှာ ရိုဟင်ဂျာ ၇၀ ဦး အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် လှည်းကူးမြို့နယ်ထဲက ငွေနံ့သာ ကျေးရွာမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့အလောင်းကို လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ထီးချိုင့်က ပေါက်ကုန်းရွာနဲ့ ကျက်သရေချောင်းရွာနှစ်ရွာ မီးရှို့ခံရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ ဒီနေ့ ဒီဇင်ဘာ ၈ ရက် မနက်အစောပိုင်းမှာ ပေါက်ကုန်းရွာနဲ့ ကျက်သရေချောင်းရွာကို စစ်ကောင်စီက မီးရှို့နေတယ်လို့ ဒေသခံတွေက ဆက်သွယ်ပြောကြားပါတယ်။

ကျက်သရေချောင်းရွာဟာ ဒီမနက်မီးရှို့ခံရတာနဲ့ဆိုရင်  သုံးကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပါတယ်။ ပေါက်ကုန်းရွာက ဒီမနက် ၇ နာရီကျော်မှာ မီးရှို့ခံရတာပါ။

မနေ့ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာလည်း အောင်သာကုန်း၊ ဇီးသောင်အရှေ့ရွာနဲ့ ဇီးသောင်အနောက်ရွာ တွေလည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ထီးချိုင့် ကာကွယ်ရေးတပ် Tigyaing Revolution -TR စာမျက်နှာမှာ ရေးသားထားချက်အရ​ဒီနေ့မနက်ပိုင်းမှာတင် ထီးချိုင့်မြို့နယ်ထဲက ကျက်သရေချောင်းရွာအပါအဝင် ပျဥ်းစုရွာနဲ့ မန်ကျည်းပင်ရွာတို့ကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်အရရော ဒေသခံတချို့က ဘီဘီစီထံ ဒီနေ့မွန်းလွဲပိုင်းမှာ ဆက်သွယ်ပြောကြားချက်အရ တစ်မနက်တည်းမှာတင် အနည်းဆုံး ရွာလေးရွာ မီးရှို့ခံထားရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထီးချိုင့်မြို့နယ်ထဲမှာ စစ်ရေးတင်းမာနေတဲ့ နှစ်ပတ်အတွင်း ကျေးရွာပေါင်း ၁၄ ရွာမီးရှို့ခံထားရတယ်လို့လည်း ဒေသခံတွေပြောကြားချက်အရ​သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ကသာ ၊ ထီးချိုင့်မြို့နယ်တွေဘက်ကို  စစ်ကြောင်းသုံးကြောင်း ခွဲကာ ဝင်ရောက်လာပြီး လေကြောင်းပစ်ခတ်မှုတွေလည်း မကြာခဏဆိုသလို ပြုလုပ်နေတာကြောင့် ဒေသခံတွေ နေအိမ်စွန့်ခွါထွက်ပြေးနေရတာ အခုဆိုရင် စစ်ရှောင်ပြည်သူ တစ်သောင်းကျော်ပြီလို့ ကူညီကယ်ဆယ်ရေး ပြုလုပ်သူတွေကနေ သိရပါတယ်။

ထီးချိုင့်ဘက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ချက်ထားပါတယ်။

ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာ၊ အင်းတိန်ကျေးရွာတို့မှာ KIA နဲ့ PDF အဖွဲ့တွေ ဝင်ရောက်နေထိုင်နေတဲ့သတင်းအရ စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၈ ရက်နဲ့ နိုဝင်ဘာ ၃၀ ရက်တို့မှာ နယ်မြေလုံခြုံရေး ဝင်ရောက်ပြုလုပ်ချိန်မှာ KIA နဲ့ PDF တို့က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ကျေးရွာနေအိမ်တွေကိုမီးရှို့ခဲ့ဖျက်ဆီးခဲ့တာကြောင့် အလယ်တောကျေးရွာက နေအိမ် ၂၅၀ လုံး၊ အင်းတိန်ကျေးရွာနဲ့ လမ်းတစ်လျှောက်ရှိ လေသာကုန်းကျေးရွာနေအိမ်က စုစုပေါင်း နေအိမ် ၁၀၈ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဆီယံအထူးသံ မြန်မာကိုမလာရောက်တော့

မြန်မာ့အရေးအာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း မြန်မာနိုင်ငံကို တတိယခရီးစဥ် လာရောက်တော့မှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူကို ကိုးကားပြီး ခမာတိုင်းမ်သတင်းက ဖော်ပြပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန် ကုန်ဆုံးတော့မှာဖြစ်ပြီး အချိန်မလုံလောက်မှုကြောင့်နဲ့ ဘရပ်ဆဲမှာကျင်းပမယ့် ထိပ်သီးညီလာခံတစ်ခုကို တက်ရောက်ဖို့ရှိနေတာကြောင့် မြန်မာနိုင်ငံကို တတိယခရီးစဥ် လာရောက်တော့မှာမဟုတ်ကြောင်း ခမာတိုင်းမ်က ရေးပါတယ်။  

ကမ္ဘောဒီးယားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်တဲ့   Luy David ကတော့ ဘရပ်ဆဲမှာ  ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ အီးယူ ထိပ်သီးညီလာခံကို ပရက်ဆော့ခွန်းတက်ရောက်ဖို့ရှိတာကြောင့် လို့ ပြောပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကို တတိယအကြိမ် ခရီးစဥ်သွားရောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်ကလည်း တအားတိုတောင်းလွန်းတယ်။ ဒီအလုပ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ နောင်နှစ်ရဲ့အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအတွက် ချန်ထားခဲ့ပါမယ်။ ကမ္ဘောဒီးယားဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ ကြိုးစားခဲ့ပြီး အများကြီးလည်းအားထုတ်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအကဲခတ်တွကတော့ မြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာအကောင်အထည်ဖော်ရာမှာ တိုးတက်ဖြစ်ထွန်းမှုမပြသနိုင်တာကြောင့်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသား ၇ ဦးကိုသေဒဏ်အမိန့်ချမှတ်ခဲ့တာတွေကြောင့် ဒီခရီးစဥ် မဖြစ်မြောက်တော့တာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။

အာဆီယံအထူးသံဘက်ကတော့ ကိုဗစ်အခြေအနေကြောင့် မြန်မာကိုမလာရောက်တော့တာလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကို စာတရားဝင်ပေးပို့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ထံက သိရပါတယ်။

ဂျီနီဗာမှာလုပ်မယ့် စီးပွားရေးဆိုင်ရာထိပ်သီးအစည်းအဝေးကို မြန်မာကို မဖိတ်ထားသေးကြောင်း ဆွစ်ဇာလန်သံရုံး ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ ၁၄ ရက်အထိ ကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဂျနီဗာမှာရှိတဲ့ ကုလ အမြဲတမ်းအဖွဲ့ဝင် ကိုယ်စားလှယ်ရုံးတွေကို တက်ရောက်ဖို့ အသိပေးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ဒီဇင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေကို ဖိတ်ကြားမှာ ဖြစ်ပြီး မြန်မာနိုင်ငံတော့ မပါဝင်သေးဘူးလို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီကို မဖိတ်ဖို့ ဆွစ်ဇာလန်အစိုးရရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Justice for Myanmar က ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မူလက ဒီထိပ်သီးအစည်းအဝေးကို စစ်ကောင်စီကို ဖိတ်ကြားထားတယ်ဆိုတဲ့သတင်းတွေကြောင့် Justice for Myanmar က ကန့်ကွက်ကြောင်း  ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ အပြီးမှာပဲ​ ဆွစ်ဇာလန်သံရုံးက မြန်မာကို မဖိတ်ကြားထားသေးကြောင်း အဲဒီနေ့ ညပိုင်းမှာ သတင်းပြန်လည်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

ဒီထိပ်သီးအစည်းအဝေးကို စစ်ကောင်စီကို ဖိတ်ကြားထားကြောင်း Justice for Myanmar ရဲ့ သတင်းရင်းမြစ်တွေနဲ့ ဆွစ်ဇာလန်အစိုးရက အတည်ပြုကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဂျီနီဗာမှာရှိတဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့အတူ အွန်လိုင်းကနေ တက်ရောက်ဖို့စီစဥ်ထားတယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

ထိရောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဖြစ်ဖို့ ဒီထိပ်သီးအစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖိတ်ကြားဖို့နဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ​ NUG ကို အသိအမှတ်ပြုထိတွေ့ဆက်ဆံဖို့လည်း Justice for Myanmar က တိုက်တွန်းထားပါတယ်။

သုံးရက်ကြာကျင်းပမယ့် အဲဒီထိပ်သီးအစည်းအဝေးကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့တွေကို ပံ့ပိုးပေးသူနဲ့ လက်ခံသူ အစိုးရကိုယ်စားလှယ်တွေ၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံခန့်ခွဲသူတွေ၊ ဘဏ်လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကျွမ်းကျင်သူတွေ၊ အရပ်အဖက်အဖွဲ့အစည်းတွေ၊  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် UNDP၊ စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း OECD အဖွဲ့ဝင်နိုင်ငံတွေ တက်ရောက်ကြဖို့ရှိပါတယ်။

အခုလို ဆွစ်ဇာလန်သံရုံးရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့တုံ့ပြန်ချက်ကို သိရဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနထံ ဘီဘီစီ ကဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

သာကေတမြိုန့ယ်၊ အမှတ် ၈ ရပ်ကွက်မှာ မနေ့ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အမျိုးသားတစ်ဦး စျေးရောင်းနေတုန်းမှာ ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သတင်းရရှိပါတယ်။

ပစ်ခတ်ခံရသူအမျိုးသားဟာ အီကြာကွေး၊ စမူဆာ ကြော်လှော်ရောင်းချသူတစ်ဦးဖြစ်ပြီး မနေ့ည ၈ နာရီခန့်မှာ ၈ ရပ်ကွက်အတွင်း သူ့စျေးဆိုင်မှာ စျေးရောင်းချနေတုန်း ပစ်ခတ်ခံရတာလို့ သိရပါတယ်။

ပစ်ခတ်ခံရသူဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ဘဲ ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သာကေတမြို့နယ်အမှတ် (၂) ရဲစခန်းထံကနေ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။ဒီအမျိုးသားကို စစ်ကောင်စီသတင်းပေးဆိုပြီး လူမှုကွန်ရက်မှာရေးသားဖော်ပြနေတာတွေရှိပေမဲ့ ဘီဘီစီအနေေနဲ့ ဒီအချက်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ရခိုင်ရိုးမပေါ်က နေပူတောင် မာဘာယ်လ်ကျောက်ထုတ်လုပ်ရေး ပြန်စဖို့ရှိ

ဗီယက်နမ်ကုမ္ပဏီနဲ့ စစ်ကောင်စီတို့ ဆွေးနွေးပြီး စီမံကိန်းပြန်လည်ပတ်ဖို့ ကော်မတီဖွဲ့စည်းပြီးဖြစ်

 

ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းမှာရှိတဲ့ ရခိုင်ရိုးမပေါ်က နေပူတောင် မာဘယ်လ်ကျောက်တွေကို ဗီယက်နမ်ကုမ္ပဏီက ပြန်လည်ထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။

ဗီယက်နမ်နိုင်ငံပိုင် SIMCO-Song Da Joint Stock ကုမ္ပဏီက အဲဒီကျောက်တွေကိုထုတ်လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ အရှုံးပေါ်တယ်ဆိုပြီး ရပ်နားထားခဲ့တာဖြစ်ပါတယ်။

အခုဒီဇင်ဘာလအတွင်းမှာတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပြီး စီမံကိန်းပြန်လည်လည်ပတ်နိုင်ရေးအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

နေပူတောင်က မာဘယ်လ်ကျောက်ဟာ ရှားပါးတဲ့တန်ဖိုးကြီးကျောက်အမျိုးအစားဖြစ်တာကြောင့် ဒီကျောက်တောင်ကြီးကို ဖြိုဖျက်မှုတွေမလုပ်ဖို့၊ ပြည်ပကိုမရောင်းချဖို့နဲ့ နိုင်ငံခြားဝင်ငွေရရှိအောင် တခြားနည်းလမ်းတွေသုံးပြီးဝင်ငွေရှာဖို့အတွက် ၂၀၁၃ ခုနှစ်ဝန်းကျင်လောက်မှာ တောင်ကုတ်ဒေသခံတွေ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြသလို ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ရက်တို့ကလည်း ကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြပေမဲ့ အောင်မြင်မှုမရှိခဲ့ပါဘူး။

အဲဒီကျောက်တောင်ကြီးက မာဘယ်လ်ကျောက်တွေကို အလှဆင်ကျောက်အဖြစ် ထုတ်လုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံပိုင် SIMCO ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်ကတည်းက စတင်ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။

ကျောက်ထုတ်လုပ်ဖို့အတွက် အဲဒီကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ နှစ်နှစ်ဆယ်စီမံကိန်းအဖြစ် သဘောတူထားကြတာလည်းဖြစ်သလို နေပူတောင်ရဲ့ မာဘယ်လ်ကျောက်တည်ရှိမှုဧရိယာဟာ စတုရန်းဧက ၅၈၀ ခန့်ရှိပြီး လက်ရှိထုတ်လုပ်ထားတဲ့ အဲဒီကျောက်တွေကို ကုန်အောင်ထုတ်လုပ်လိုက်လို့ရှိရင် ရခိုင်ရိုးမရဲ့ အနောက်တောင်ဘက်ခြမ်းနေရာတချို့ဟာ လုံးဝပျက်စီးသွားနိုင်တဲ့အခြေအနေရှိနေတယ်လို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကွန်ရက်က ‌ ဦးထွန်းကြည်က ပြောပါတယ်။