ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်ရဲ့ လမ်းညွှန်မှုအောက် ပါကစ္စတန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုနက်ရှိုင်းလာ
ပါကစ္စတန်နဲ့ မြန်မာကြား စစ်ဘက်ဆိုင်ရာ ပစ္စည်း ထုတ်လုပ်မှု အဆက်အစပ်တွေ လတ်တလော ကာလတွေ အတွင်း ပိုပြီး ကြီးထွားလာတယ်လို့ ဒေသတွင်းနဲ့ နိုင်ငံတကာ စောင့်ကြည့်သူတွေက ပြောနေပါတယ်။
အခု လတွေမှာ နှစ်ဖက် အပြန်အလှန် ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ် ခဲ့ကြပြီးတဲ့နောက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကြီးမားတဲ့ သဘောတူမှုတွေ၊ တိုးတက်မှုတွေ ရှိလာခဲ့တယ် ဆိုပြီး အိန္ဒိယ အခြေစိုက် ဝါရင့် သတင်းသမားတစ်ဦး ဖြစ်တဲ့ ဒီပါဂျန် ရွိုင် ချောက်ဒရီက ရေးသားပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ အီကော်နောမစ်တိုင်းမ်စ် သတင်းစာရဲ့ သံတမန်ရေးဆိုင်ရာ အယ်ဒီတာ မစ္စတာ ချောက်ဒရီရဲ့ အဆိုအရ ပါကစ္စတန်-မြန်မာ နှစ်နိုင်ငံကြား စစ်ဘက် ဆက်ဆံရေး ပိုမိုလုပ်ဆောင်လာတာ၊ တိုးတက် ခိုင်မာနေတာဟာ တရုတ်နိုင်ငံရဲ့ အားပေးမှု၊ တိုက်တွန်းမှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်အခြေစိုက် သုတေသနေ အဖွဲ့ဖြစ်တဲ့ မဟာဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျူ့ IISS ကနေ နောက်ဆုံး ထုတ်ပြန်ထားတဲ့ စစ်တမ်းထဲမှာလည်း အလားတူ အချက်ကို အာရုံစိုက် ဖော်ပြထားတာ တွေ့ရပါတယ်။
တရုတ် အနေနဲ့ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတွေမှာ ရှိနေတဲ့ သူတို့ရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း မဟာစီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်လိုရင်ဖြင့် ဒေသတွင်း ပဋိပက္ခတွေထဲမှာ ရှောင်လွှဲလို့ မရ၊ ဆက်ပြီး ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေဦးမယ် ဆိုပြီး IISS က ရေးပါတယ်။
အဲဒီ တရုတ်ရဲ့ ပါဝင် ပတ်သက်မှု ဆိုတာထဲမှာ လက်နက် အရောင်းအဝယ် လုပ်တဲ့ နည်းနာလည်း ပါဝင်တယ် ဆိုပြီး IISS က အခု နိုဝင်ဘာ တတိယပတ်ထဲမှာပဲ ထုတ်ပြန်ထားတဲ့ အာရှဒေသဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခများ အပေါ် ဆန်းစစ်ချက် ၂၀၂၂ စစ်တမ်းထဲ ရေးသားပါတယ်။
နှစ်ဖက် စစ်တပ်ကိုယ်စားလှယ်တွေ အပြန်အလှန် သွားရောက်
ပါကစ္စတန်နဲ့ မြန်မာစစ်တပ်ကြားမှာလည်း တရုတ်ရဲ့ အားပေးမှုနဲ့ ဆက်ဆံရေး တိုးမြှင့်နေကြတာမှာ ပြီးခဲ့တဲ့ လထဲမှာပဲ ပါကစ္စတန်က အဆင့်မြင့် စစ်အရာရှိ ကိုယ်စားလှယ်တွေ မြန်မာပြည်ထဲ သွားရောက် ခဲ့ကြတယ်လို့ အိန္ဒိယ အီကော်နောမစ်တိုင်းမ်စ် သတင်းစာ အယ်ဒီတာ မစ္စတာ ချောက်ဒရီက ဆိုပါတယ်။
အဲဒီ ခရီးစဥ်အတွင်း ရန်ကုန်အနီးမှာ ရှိတဲ့ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်ရေး စက်ရုံဝင်းထဲကို ပါကစ္စတန် အရာရှိတွေ သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ကြတယ်လို့ နားလည်ရပါတယ်။
ဒါ့အပြင် မြန်မာ စစ်တပ်က ပါကစ္စတန်ကနေ ဝယ်ထားတဲ့ JF-17 တိုက်လေယာဥ် အမျိုးအစား ဆိုင်ရာ ဆွေးနွေးပွဲ ဝပ်ရှော့မှာလည်း အဲဒီ ပါကစ္စတန် အရာရှိတွေ ပါဝင် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်လေယာဥ် အမျိုးအစားဟာ တရုတ်နဲ့ ပါကစ္စတန် ပူးပေါင်း ထုတ်လုပ်ထားတဲ့ ဘက်စုံသုံး အပေါ့စား တိုက်လေယာဥ်ဖြစ်ပါတယ်။
အိန္ဒိယရဲ့ အီကော်နောမစ်တိုင်းမ်စ် သတင်းစာကတော့ အဲဒီ ခရီးစဥ်တင်မကပဲ ပါကစ္စတန် စစ်တပ် ကိုယ်စားလှယ် နောက်တစ်ဖွဲ့လည်း မြန်မာပြည်ထဲ သွားရောက်ခဲ့တာမှာ လက်နက်ထုတ်လုပ်ရေး ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ နည်းပညာ အကူအညီတွေ ပေးဖို့ ဖြစ်တယ်လို့ ရေးပါတယ်။
အပြန်အလှန်အနေနဲ့ မြန်မာ စစ်ကိုယ်စားလှယ် အဖွဲ့လည်း စက်တင်ဘာလ အစောပိုင်းတုန်းက ပါကစ္စတန်ကို ရောက်လာခဲ့တဲ့ မှတ်တမ်းတွေ ရှိတယ်လို့ မစ္စတာ ချောက်ဒရီက သူ့ဆောင်းပါးထဲမှာ ရေးသားထားပါတယ်။
အဲဒီခရီးစဥ်ကတော့ ပါကစ္စတန်ကနေ ဝယ်ထားတဲ့ ဗုံးသီးအပါအဝင် သေနတ်ကျည်ဆန်တွေ မြန်မာပြည်ထဲ တင်ပို့ရေးကို သွားပြီး အနီးကပ် စစ်ကြတာလို့ ဆိုပါတယ်။
ပါကစ္စတန်ဟာ တရုတ်နည်းပညာနဲ့ ကနဦးထုတ်လုပ်တဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ထိန်းသိမ်းပြင်ဆင်ရေး လုပ်ငန်းတွေ အဓိက လုပ်ကိုင်ခွင့်ရနေပြီး တရုတ်လက်နက်တွေကိုလည်း အဓိက ကြားခံထား ရောင်းပေးနေတယ်လို့ မစ္စတာ ချောက်ဒရီက ဆိုပါတယ်။
ဘယ်လို လက်နက်နဲ့ကျည်တွေ မြန်မာစစ်တပ် ဖြည့်တင်းချင်လဲ
အခုဆိုရင် တရုတ်ရဲ့ တွန်းအားပေးမှုနဲ့ ပါကစ္စတန်နဲ့ မြန်မာတို့လည်း စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရေး အခန်းကဏ္ဍမှာ ပူးပေါင်းမှုတွေ အရှိန်မြှင့် လုပ်လာကြဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အကြိမ်ကြိမ် အခါခါ သော ရုရှားပြည် ခရီးစဥ်တွေနဲ့ ရုရှားကနေ တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေ အပါအဝင် မစ်ဆိုင်း ဒုံးကျည် ဝယ်ယူမှုတွေ တိုးမြင့်လာတဲ့ အပေါ် တရုတ် အနေနဲ့ စိုးရိမ်မှု ရှိနေတယ်လို့ မစ္စတာ ချောက်ဒရီက ထောက်ပြပါတယ်။
ဒါ့ကြောင့် လက်နက်စျေးကွက် စွက်ဖက် မခံလိုတဲ့ အကြာင်းရင်းခံလည်း ပါဝင်တဲ့ တရုတ်ရဲ့ ဗျူဟာမြောက် အစီအစဥ် အနေနဲ့ တရုတ်ဟာ သူ့ရဲ့ စစ်လက်နက်ဆိုင်ရာ အဓိက စီးပွားဖက် ပါကစ္စတန်နဲ့ပါ အတူ လက်တွဲပြီး မြန်မာကို လက်နက်ကြီးတွေ၊ စက်သေနတ် အကြီးစားတွေ၊ ၆၀ မမနဲ့ ၈၁ မမ မော်တာ စိန်ပြောင်းနဲ့ ကျည်တွေ၊ M-79 ဗုံးပစ်လောင်ချာတွေ တိုးမြင့် ရောင်းဖို့ စိုင်းပြင်းနေကြတယ်လို့ မစ္စတာ ချောက်ဒရီက ဆိုပါတယ်။
မြန်မာ စစ်တပ်ဘက်က ပါကစ္စတန်ထံကနေ အဓိက လိုချင်နေတဲ့ လက်နက်ပစ္စည်းတွေထဲမှာ ဝယ်ယူထားနှင့်ပြီး JF-17 တိုက်လေယာဥ်မှာ တပ်ဆင် ပစ်ခတ်ဖို့ရာ ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေ ထိပ်ဆုံးက ရှိနေတယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ပါကစ္စတန် အနေနဲ့ မြန်မာစစ်တပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ပြုလုပ်ခဲ့ဖူး ပေမယ့် လက်ရှိမှာတော့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးတက် ခိုင်မာနေပြီး၊ လက်နက် အရောင်းအဝယ်တွေလည်း အထမြောက် လာတာ တွေ့မြင်နေရပါတယ်။