မေ ၁၅ ရက် ထိပ်တန်းရောက်သတင်းများ- စစ်ခေါင်းဆောင် စစ်တွေရောက်ရှိ

ရေးသားခဲ့သည်။

ကချင် - တရုတ်နယ်စပ်မှာ မုန်တိုင်းကြောင့်စစ်ရှောင်စခန်းတစ်ချို့ပျက်စီးမှုရှိ

ကချင် - တရုတ်နယ်စပ်မှာ မုန်တိုင်းကြောင့်စစ်ရှောင်စခန်းတစ်ချို့ပျက်စီးမှုရှိ

ဓာတ်ပုံ ရင်းမြစ်, Kachin Gender Star Group

မိုခါမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ပြီး ကချင် နဲ့ တရုတ်နယ်စပ်မှာရှိတဲ့ ရှအစ်ယန် စစ်ရှောင်စခန်းနဲ့ မဂါးယန် စစ်ရှောင်စခန်းက လူနေ အဆောက်အအုံအပါအဝင် မီးဖိုချောင်၊ အိမ်သာ ၊စာသင်ကျောင်းတွေပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အခုလိုလေတိုက်ခတ်မှုကြောင့် နယ်စပ်မှာရှိတဲ့ မဂါးယန်စခန်းက လူနေအိမ် ၁၈ လုံးပျက်စီးခဲ့ပြီး ရှအစ်ယန်စခန်းက ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်အဆောက်အအုံတွေကို ပြန်လည်ပြုပြင်ဖို့ အခက်အခဲ အကူအညီတွေ လိုအပ်နေတယ်လို့လည်း စစ်ရှောင်တွေက ပြောပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ကချင်နဲ့ တရုတ်နယ်စပ်ကို မေလ ၁၄ ရက်နေ့ည၈နာရီခွဲအချိန်ကနေစတင်လေပြင်းတိုက်ခတ်ခဲ့ပြီး ညသန်းခေါင်ယံချိန် ၁၂ နာရီအချိန်မှာပိုပြင်းထန်လာကာ မနက်၁နာရီခွဲအချိန်မှလေငြိမ်သွားတယ်လို့ဆိုပါတယ်။

မိုခါမုန်တိုင်းကြောင့် ဆမီးမြို့မှာ မြေပြိုမှုတွေဖြစ်

မနေ့ မေလ ၁၄ ရက်၊ စစ်တွေမြို့တွင်း မုန်တိုင်းတိုက်ခတ်စဉ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝဘက်ကိုလည်း မနေ့ညပိုင်းမှာ ‌ဖြတ်သန်းသွားခဲ့တာကြောင့် ပလက်ဝမြို့နယ်ခွဲဖြစ်တဲ့ ဆမီးမြို့မှာပါ ‌မိုးကြီး၊ လေပြင်းတိုက်၊ မြေပြိုတာတွေဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

"မိုးကြီးလေပြင်းလည်းတိုက်ရော အိမ်အနောက်က ချောင်းက‌ရေလျှံလာပြီး အိမ်ထဲတွေဝင်လာတော့ ကျွန်မတို့တအားကြောက်သွားတာ။ ‌အိမ်ရှေ့က ဆောက်လက်စ ဘုရားကျောင်းကလည်း ပြိုကျ မြေပြိုသံတွေကလည်း ကြားရတော့ အထုပ်လွယ်ပြီး ညတွင်းချင်းပဲ တောင်ပေါ်က ဘုရားကျောင်းကို မုန်တိုင်းရှောင်ဖို့ တက်ကြရတာပါ။ ကျွန်မဆို ရေကခါးလောက်ရှိတယ်၊ ကလေး ၂ ယောက်ဆို ရေက ရင်ခေါင်းရောက်တာ အခုကျတော့ ကလေးတွေက ဖျားနေပြီ" လို့ ဆမီး မြို့ပေါ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

မုန်တိုင်းဟာ မနေ့ မေလ ၁၄ ရက် ညနေ ၄ နာရီလောက်ကနေ ဒီကနေ့မနက် ၇ နာရီအထိ တိုက်ခတ်ခဲ့တာကြောင့် ကားလမ်းမတွေ မြေပြိုတာကြောင့် သွားလာရေးအဆင်မပြေသလို စားဝတ်နေရေးအတွက်ပါ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ မေလ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်အထိ ဆမီးဒေသခံတွေကို ကူညီဆောင်ရွက်ပေးနေတာတွေမရှိသေးပါဘူး။

တခါ အားအလွန်ကောင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းအဆင့်အနေနဲ့ဖြတ်သန်တိုက်ခတ်ခံရတဲ့ ပလက်ဝမြို့အခြေအနေနဲ့ပတ်သက်လို့ စုံစမ်းလို့မရသေးသလို ဒီကနေ့ ညနေပိုင်းအထိ ဖုန်းလိုင်းတွေ ဆက်သွယ်လို့မရသေးပါဘူး။

ပြန်လည်ထူထောင်ရေးအတွက် ကျပ် ၁၀ ဘီလီယံကျော် အလှူငွေရထား

ပြန်လည်ထူထောင်ရေးအတွက် ကျပ် ၁၀ ဘီလီယံကျော် အလှူငွေရထား

ဓာတ်ပုံ ရင်းမြစ်, Popular News Journal

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီကနေ့ မေလ ၁၅ ရက်မှာ ရောက်ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာပဲ စစ်ခေါင်းဆောင်ဟာ ရန်ကုန်မှာ မုန်တိုင်းအတွက်အလှူငွေပေးအပ်ပွဲတက်ရောက်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ငွေကျပ် ၁၀ ဘီလီယံကျော် (သိန်းပေါင်း ၁၃၁,၈၁၀ သိန်း ) အလှူငွေရရှိထားပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီအလှူငွေတွေကို ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ ဧရာဝတီ စတဲ့ ဒေသတွေက ထိခိုက်ပျက်စီးမှုတွေအတွက် စစ်ကောင်စီက ဦးဆောင်ပြီး ပြန်လည်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေ လုပ်မယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့အတွက်လည်း နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်နေပြီလို့လည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

မုန်တိုင်းကြောင့် စစ်တွေမြို့ ဟာ အများဆုံးပျက်စီးခဲ့သလို ရသေ့တောင်က ဒုတိယအများဆုံးလို့ သိရပြီး ရခိုင်ပြည်နယ်ထဲက ၁၇ မြို့နယ်ကို မုန်တိုင်း ဒဏ်သင့်ဒေသအဖြစ်သတ်မှတ်ကာ ကူညီရေးလုပ်ငန်းတွေ လုပ်နေပြီလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရစစ်တွေမှာ လူနေအိမ် ၅၈၈ လုံးအပါအဝင် ပဲခူးမှာလူနေအိမ် ၁၁၃ လုံး၊ ဧရာဝတီမှာ လူနေအိမ် ၁၃၁ လုံးပျက်စီးတယ်လို့ ထုတ်ပြန်ထားသလို မိုခါမုန်တိုင်းလမ်းကြောင်းပေါ်ရှိခဲ့တဲ့ မကွေးမှာတော့ လူနေအိမ် ၂ လုံး၊ ချင်းမှာ ၁ လုံးနဲ့ စစ်ကိုင်းမှာ ၁ လုံးစီပျက်စီးတယ်လို့ ဖော်ပြပါတယ်။

မြေပြင်မှာ မုန်တိုင်းသင့်မြို့တွေရဲ့ အပျက်အစီးတွေဘယ်လောက်အခြေအနေရှိနေလဲဆိုတာကတော့ ဘီဘီစီအနေနဲ့ ဆက်လက် အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

မိုခါမုန်တိုင်းကြောင့် ပုဂံဘုရားလေးဆူ ပျက်စီး၊ အောက်စက်တော်ရာ ရေဝင်ရောက်

မိုခါမုန်တိုင်းကြောင့် ပုဂံဘုရားလေးဆူ ပျက်စီး၊ အောက်စက်တော်ရာ ရေဝင်ရောက်

ဓာတ်ပုံ ရင်းမြစ်, CJ

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသမှာရှိတဲ့ ဓမ္မရာဇာဘုရားကြီး ရင်ပြင်တော်အုတ်ခုံပြိုကျတာ၊ ထီးလိုမင်းလိုဘုရား အရှေ့ဘက်မုခ်ဦး ပဲ့ကျတာအပါအဝင် သဗ္ဗညုတဘုရားအုတ်တတံတိုင်းပဲ့ကျခဲ့သလို ရွှေဘုံသာစေတီတော် ပြိုကျပြီး ထီးတော်မြေခခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

"ဒီနေ့တော့ မိုးလည်းမရွာတော့ဘူး၊ ချောင်းရေလျှံတာတွေလည်း ကျသွားပါပြီ။ ရှင်းလင်းရေးတွေ လုပ်နေကြပါတယ်" လို့ ပုဂံဒေသလူမှုကူညီကယ်ဆယ်ရေးအသင်းဝင် တဦးက ဘီဘီစီကိုပြောပါတယ်။

မနေ့က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့နေရတဲ့ ဓာတ်ပုံတွေမှာလည်း ပုဂံဘုရားတွေရဲ့ ပရဝဏ်ထဲမှာပါ ရေဝင်ရောက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

တခါ မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲက မန်းရွှေစက်တော်ရာဘုရား (အောက်စက်တော်ရာ) အတွင်း မန်းချောင်းရေမြင့်တက်တာကြောင့် ၅ ပေခန့် ရေဝင်ရောက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆားလင်းကြီးက မီးရှို့ခံရတဲ့ကျေးရွာအပါအဝင် ကျေးရွာတချို့ ရေနစ်မြုပ်ပြီး အကူညီလိုအပ်နေ

ဆားလင်းကြီး၊ မီးရှို့ခံကျေးရွာ၊ မိုခါမုန်တိုင်း၊ ရေနစ်မြုပ်

ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်မှာ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး မီးရှို့ခံရတဲ့ကျေးရွာ ၃ ရွာအပါအဝင် ကျေးရွာ ၅ ရွာ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေကို ကူညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောပါတယ်။

မုန်တိုင်းဝင်နိုင်တဲ့ သတင်းတွေကြောင့် ကျေးရွာဒေသခံတွေ ရေလွတ်ရာကို ရွှေ့ပြောင်းခဲ့တာကြောင့် အထိခိုက်မရှိပေမဲ့ ရွာတွေထဲမှာ ရေဝင်နေတာကြောင့် ချက်ပြုတ်၊ စားသောက်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ပြောပါတယ်။

“စစ်ကြောင်းထိုး မီးရှို့ခံခဲ့ရပြီးတော့ ထန်းလက်လေးတွေနဲ့ နေဖြစ်အောင် ဆောက်ထားကြတာ။ ရွာနာမည်တွေကိုတော့ လုံခြုံရေးအရ မပြောချင်ဘူး။ ချင်းတွင်းမြစ်ဘေးမှာ တဲထိုးနေတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ် ၁၀ လုံးလောက်တော့ ပျက်စီးသွားတယ်”လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အခုလက်ရှိအချိန်မှာ မိုးမရွာတော့ပေမဲ့ ရေတွေကတော့ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ အကူညီလိုအပ်နေတဲ့သူတွေကို ပြည်သူကနေ ပြည်သူအချင်းချင်း ပြန်ကူညီနေကြရတယ်လို့လည်း ပြောပါတယ်။

လက်ရှိ ဆားလင်းကြီးမြို့နယ်မှာ မုန်တိုင်းကာလအတွင်း စစ်ကြောင်းထိုးတာ မရှိပေမဲ့ ကနီမြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာတော့ စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေ မိုးရေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ရခိုင် နဲ့ ချင်း ကို မုန်တိုင်းကင်းတဲ့ အစိမ်းရောင် အဆင့်သတ်မှတ်လိုက်

မိုခါမုန်တိုင်း၊ ရခိုင်နဲ့ချင်း၊ အစိမ်းရောင်သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, CJ

မုန်တိုင်းဖြတ်နေဆဲ တိုင်းနဲ့ပြည်နယ် ၄ ခုကို အညိုရောင်အဆင့် ဆက်သတ်မှတ်ထား

အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါကနေ ဆိုင်ကလုန်းမုန်တိုင်းမိုခါအဖြစ် ဒီနေ့မနက်ပိုင်းမှာ အားလျော့သွားပေမဲ့ မုန်တိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ဆက်လက်ရွေ့လျားနေတာကြောင့် စစ်ကိုင်း၊ မန္တလေး၊ ကချင်နဲ့ ရှမ်း စတဲ့တိုင်းနဲ့ပြည်နယ်တွေကို အညိုရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလက ဒီနေ့ မေ ၁၅ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဆိုင်ကလုန်းမိုခါဟာ နောက် ၆ နာရီအတွင်းမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီး ကချင်ပြည်နယ်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်သန်းတဲ့ဒေသတွေမှာ လေပြင်းတိုက်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်နိုင်တာကြောင့် ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနားမှာ နေထိုင်ကြသူတွေကိုလည်း သတိထားကြဖို့ မိုးဇလက သတိပေးထားပါတယ်။

မုန်တိုင်း ဖြတ်သန်းသွားပြီးတဲ့ ချင်းနဲ့ ရခိုင်ပြည်နယ်တွေကိုတော့ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပါတယ်။

မုန်တိုင်းမိုခါရဲ့ အရှိန်ကြောင့် ဒီနေ့ မနက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်ပြည်နယ်တွေမှာ မိုးရွာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဆင်ဖြူကျွန်းမြို့နယ်မှာ ကျေးရွာ ၂၀ လောက်ရေနစ်မြုပ်ပြီး သားအမိနှစ်ယောက် သေဆုံး

မိုခါမုန်တိုင်း၊ မကွေး၊ ဆင်ဖြူကျွန်း၊ ရေနစ်မြုပ်၊

ဓာတ်ပုံ ရင်းမြစ်, Si Phyo Thu

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ်မှာ စလင်း‌ချောင်းရေတက်တာကြောင့် ချောင်းတစ်လျှောက်က ကျေးရွာပေါင်း ၂၀ လောက် ရေနစ်မြုပ်ပြီး နွယ်တမယ်ကျေးရွာက သားအမိနှစ်ယောက် ရေထဲမျောပါ သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေဆီကနေ သိရပါတယ်။

စလင်းချောင်းရေဟာ မနေ့က မေ ၁၄ ရက် ညနေပိုင်းမှာ ရုတ်တရက်တက်လာပြီး ရေစီးမြန်တာကြောင့် အသက် ၇၀ မိခင်နဲ့ အသက် ၃၀ ကျော် သမီးတို့ မျောပါသွားပြီး ဒီနေ့မနက်မှာ မိခင်ဖြစ်သူရဲ့အလောင်းကို တွေ့ပေမဲ့ သမီးဖြစ်သူအလောင်းကို ရှာမတွေ့သေးဘူးလို့လည်း KS Rescue Magway က ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတစ်ယောက်က ပြောပါတယ်။

“နွယ်တမယ်ရွာထဲတင် ပျက်စီးဆုံးရှုံးမှုက တော်တော်များတယ်။ အိမ်တွေလည်း ပျက်စီးသလို စပါးတွေလည်း တော်တော်ပျက်စီးတယ်။ ကားတွေလည်း ရေထဲမျောသွားလို့ ထော်လာဂျီတစ်စီးဆိုရင် လယ်ကွင်းထဲရောက်နေတာတွေ့ရတယ်။ နွားတွေလည်း ပါသွားတယ်။ ချောင်းရေဆောင့်တက်တဲ့ ငါးမိနစ်အတွင်းမှာဖြစ်သွားတာ။ အခုက နွယ်တမယ်ရွာထဲကိုပဲ ဝင်လို့ရသေးတာ။ စလင်းချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့နေရာနားကရွာတွေဆိုရင် အခုထိရေမကျသေးလို့ သွားလို့မရသေးဘူး”လို့ ပြောပါတယ်။

ချင်းတောင်ဘက်က မိုးသည်းပြီးကျလာတဲ့ရေတွေက စလင်းချောင်းထဲဝင်လာပြီး ရုတ်တရက်ရေကြီးလာတာလို့လည်း ပြောပါတယ်။

ချောင်းရေရုတ်တရက်မြင့်တက်တာကြောင့် ကျီးသိုက်၊ နောင်တော်ကြီး၊ ကညှပ်၊ ပေါင်းဆည်၊ ယမ်းဘိုကုန်း၊ နွယ်တမယ်၊ ဥယျာဉ်စု၊ ခရေကုန်းအပါအဝင် ကျေးရွာ ၂၀ လောက် ရေနစ်မြုပ်နေပြီး တချို့ရွာတွေမှာ အဆက်သွယ်တွေ ပြတ်တောက်နေသလို ရေမကျသေးတာကြောင့် ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်းအတွင်းမှာ ယောချောင်းရေကြီးတာကြောင့် ဆောမြို့နယ် ပဆုပ်ရွာနဲ့ လက်ပန်းကျေးရွာကို ဆက်သွယ်ထားတဲ့ ကြိုးတံတားရေနဲ့မျောပါသွားသလို လယ်ယာမြေတွေ ပျက်စီးတာတွေရှိတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ဒီနေ့မနက်မှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ကို ဖြတ်ကျော်နေတယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။

မိုခါမုန်တိုင်းဝင်ခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်မှာလည်း အဆက်သွယ်ပြတ်တောက်နေ

ချင်ပြည်နယ်၊ မိုခါမုန်တိုင်း၊ မင်းတပ်

ဓာတ်ပုံ ရင်းမြစ်, Yaw Mang

အားအလွန်ကောင်းတဲ့အဆင့်နဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါ မနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ချင်းပြည်နယ်မှာ မြေပြိုတာတွေ၊ နေအိမ်ပျက်စီးတာတွေ ရှိခဲ့ပြီး ဒီနေ့မနက်အထိ အဆက်သွယ်တွေ ပြတ်တောက်နေတယ်လို့ ချင်းပြည်နယ် ဒေသခံတွေဆီကနေ သိရပါတယ်။

အားအလွန်ကောင်းသောဆိုင်ကလုန်းမိုခါအရှိန်ကြောင့် မေ ၁၄ ရက်ည ၆ နာရီကနေ ၈ နာရီဝန်းကျင်အထိ မိုးသည်းထန်တာ၊ လေပြင်းတိုက်တာတွေရှိခဲ့တယ်လို့ မင်းတပ်မြို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်း အဓိက မုန်တိုင်းဖြတ်သွားတဲ့ မင်းတပ်-မတူပီနယ်စပ်၊ မင်းတပ်- ပလက်ဝနယ်စပ်တွေက တိုက်နယ် ငါး ခုမှာ ဖုန်းလိုင်းတွေမရသေးတာကြောင့် ပျက်စီးထိခိုက်မှုတွေ မသိကြရသေးဘူးလို့ မင်းတပ်မြို့ခံတစ်ယောက်က ပြောပါတယ်။

“ဖုန်းလိုင်းတွေမရတော့ ဘာတွေဖြစ်နေလဲဆိုတာ မသိကြရသေးဘူး။ အခုတော့ ရာသီဥတုက ပုံမှန်တော့ ပြန်ဖြစ်သွားပြီ”လို့ ပြောပါတယ်။

မုန်တိုင်း သတင်းအချက်လက်တွေကို ရေဒီယိုနားထောင်တဲ့သူ၊ PSI ၊ Sky Net ကြည့်တဲ့ ဒေသခံတွေက သိရှိပြီး ပြင်ဆင်ထားတာတွေရှိပေမဲ့ စစ်ဘေးရှောင်စခန်းက ပြည်သူတွေကတော့ စောင်၊ အိုး၊ ခွက်၊ ပန်းကန် စတဲ့ပစ္စည်းတွေကို တောင်ယာတဲတွေမှာသာ သိမ်းဆည်းကြရပြီး မုန်တိုင်းကို ကျော်ဖြတ်ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြောက်ယမားဆည်လက်တံကျိုးလို့ ကျေးရွာတချို့ နေအိမ်ဆုံးရှုံးပျက်စီးတာတွေရှိ

မိုခါမုန်တိုင်း၊ ယင်းမာပင်၊ မြောက်ယမားဆည်လက်တံကျိုး၊ ရေနစ်မြုပ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဆည်ရေတွေဝင်လာတာကြောင့် ညဘက်ပြောင်းရွှေ့ရတဲ့ ဒေသခံများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မြောက်ယမားဆည် လက်တံကျိုးတာကြောင့် မနေ့ မေ ၁၄ ညပိုင်းက ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး ဒီနေ့မနက်မှာတော့ ပျက်စီးဆုံးရှုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်အစပ် ချင်ပြစ်ရွာနဲ့ လက်ပံကန်ရွာနားက မြောက်ယမားဆည်ရဲ့ လက်တံတစ်ခုကျိုးတာဖြစ်ပြီး ကျေးရွာတွေထဲကို ရေတွေ စဝင်လာတာဖြစ်တယ်လို့လည်း ပြောပါတယ်.

“ရေတွေက ရွာတွေထဲမှာ ရှိနေတုန်းပဲ၊ တက်လာတုန်းကတော့ ရုတ်တရက်ကြီးအရှိန်နဲ့လာတာ၊ တဖြည်းဖြည်းတော့ ပြန်ကျမှာပေါ့။ နေအိမ်တွေဆုံးရှုံးပျက်စီးတာတွေရှိတယ်။ အိမ်တွေပြိုတယ်၊ ကြက်သွန်တွေ ပျက်စီးကုန်တယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဆည်လက်တံကျိုးတာကြောင့် ယင်းမာပင်မြို့နယ်ထဲက ကျေးစာကျ၊ ရေကြည်ပင်၊ ကုန်းရွာ၊ သီးကုန်း၊ လက်ပံတော အပါအဝင် ကျေးရွာ ၁၀ ရွာနီးပါးထဲကို ရေဝင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ကျေးရွာအတွင်းက ပရဟိတစိတ်ရှိတဲ့ လူငယ်တွေ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ မနေ့ညပိုင်းမှာ စစ်ကိုင်းတိုင်းကို ကုန်းတွင်းမုန်တိုင်းအနေနဲ့ဝင်ရောက်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

မြန်မာကနေ မိုခါမုန်တိုင်းထွက်သွားပြီ

မြန်မာကနေ မိုခါမုန်တိုင်းထွက်သွားပြီ

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို အကုန်ဖြတ်သန်းပြီးနောက် လေဖိအားနည်းရပ်ဝန်းအနေနဲ့ တဖြည်းဖြည်းအားလျော့သွားခဲ့ပြီဖြစ်တာကြောင့် မုန်တိုင်းအန္တရာယ်မစိုးရိမ်ရတော့ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

"မနက် ၉ နာရီခွဲတိုင်းထွာချက်အရ မိုခါမုန်တိုင်းက မုန်တိုင်းငယ်အနေနဲ့ တရုတ် - မြန်မာနယ်စပ်ကို ဖြတ်ခဲ့ပြီး အခု နေ့လယ် ၁ နာရီမှာတော့ အားလျော့ပျက်ပြယ်သွားပြီ" လို့ မိုးဇလရဲ့ ပြောရေးဆိုခွင့်ရ ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။

မုန်တိုင်းဖြတ်ကျော်သွားပြီဖြစ်ပေမဲ့ မုန်တိုင်းက အကြွင်းအကျန်တိမ်တိုက်တွေကြောင့် စစ်ကိုင်း၊ မန္တလေး၊ ကချင်နဲ့ ရှမ်း ‌ဒေသတွေမှာ အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ တနာရီကို မိုင် ၃၀ ခန့် တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေလည်း ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုတဲ့ အန္တရာယ်ကို သတိထားဖို့လိုသေးသလို မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်နားနေသူတွေဟာလည်း ရေကြီး၊ ရေလျှံတာတွေကို သတိထားဖို့ ပြောပါတယ်။

ရသေ့တောင်၊ကျောက်တော်နဲ့ မြောက်ဦးဘက်က နောက်ဆုံးရအခြေအနေ

မုန်တိုင်းတိုက်ခတ်ပြီးနောက် မြောက်ဦးမြို့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Aung Soe

ဒီကနေ့ မေလ ၁၅ ရက်မနက်ပိုင်း ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့ မြောက်ဦးဘက်မှာ ‌မိုးရွာလေတိုက်တာမရှိတော့ပေမဲ့ အပျက်အစီးတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေသေးဘူးလို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။

ဒါ့အပြင် ကျောက်တော်နဲ့ မြောက်ဦးကို ရောက်နေတဲ့ မုန်တိုင်းရှောင်စစ်တွေဒေသခံတွေလည်း နေရပ်ပြန်လို့ မရသေးဘူးလို့ ပြောကြပါတယ်။

"လက်လုပ်လက်စား‌တွေရဲ့ လူနေအိမ် ၂၀ နီးပါးပျက်စီးသွားတယ်။ အခုတော့ နေပူနေပြီ။ စစ်တွေဘက်က လေဘေး‌လာရှောင်တဲ့ဒေသခံတွေတော့ ပြန်လို့မရသေးဘူး။ စျေးတွေလည်း ပြန်မဖွင့်သေးဘူး၊ ရှင်းလင်းနေကြတုန်းပါ" လို့ မြောက်ဦးဒေသခံ တဦးက ပြောပါတယ်။

တခါ ကျောက်တော်မြို့ပေါ်မှာလည်း အပျက်အစီးတချို့ရှိပြီး အခဇားကျေးရွာအုပ်စုက အုတ်ကြွပ်ကျေးရွာမှာဆိုရင် ရွာလုံးကျွတ်နီးပါးအိမ်တွေပျက်စီးခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။

ရသေ့တောင်မြို့မှာဆိုရင်လည်း မြို့တခုလုံးနီးပါးအပြင် ကျေးရွာတွေမှာပါ အပျက်အစီးများပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေဆဲလို့ သိရပါတယ်။

စစ်တွေမှာ မုန်တိုင်းကြောင့် အမျိုးသမီးတယောက်သေဆုံး

အင်အားပြင်းမုန်တိုင်းတိုက်ခတ်ခံရပြီး ဒီကနေ မေ ၁၅ ရက်  ၂၄ နာရီပြည့်ချိန်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့က အပျက်အစီးမြင်ကွင်းတချို့ကို ဒေသခံတွေ ရိုက်ကူးထားပြီး လူမှုကွန်ရက်မှာဖြ‌န့်ဝေလိုက်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thu Ra Aung

မနေ့ မေလ ၁၄ ရက် မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း မုန်တိုင်းရှောင်တွေ နေထိုင်နေတဲ့ အဓိဌာန်ကျောင်းရဲ့ အဆောက်အအုံ ပျက်စီးပြီး မှန်တွေကွဲကျရာကနေ အမျိုးသမီးတယောက်ဗိုက်ထိမှန်ခဲ့ပြီးသေဆုံးခဲ့တယ်လို့ မြေပြင်မှာရှိနေတဲ့ ဘီဘီစီသတင်းထောက်ဆီက ကနဦးသိထားရပါတယ်။

အဓိဌာန်ကျောင်းဟာ ပေ ၄၀ ကျော်မြင့်တဲ့ အာကျိတ်တောင်ကုန်းပေါ်မှာတည်ရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းဖြစ်ပြီး စစ်တွေဒေသခံတွေ မုန်တိုင်းတိမ်းရှောင်တဲ့ နေရာလည်းဖြစ်ပါတယ်။

ဘီဘီစီဆက်သွယ်လို့ရခဲ့တဲ့ စစ်တွေဒေသခံရဲ့ အပြောအရလည်း မုန်တိုင်းကြောင့် လူအသေအပျောက်ရှိနိုင်ပြီး လက်ရှိအခြေအနေမှာတော့ အသေးစိတ်မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ပေးခဲ့သူနဲ့ ဘီဘီစီက မေးမြန်းထားပြီး ဆက်လက်သတင်းတင်ဆက်ပေးဖို့လည်းရှိနေပါတယ်။

ဒီကနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ စစ်တွေမြို့ခံတချို့ကို ဆက်သွယ်လို့ရပြီ ၊ စစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီး

ဒီကနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ စစ်တွေမြို့ခံတချို့ကို ဆက်သွယ်လို့ရပြီ ၊ စစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီး

ဓာတ်ပုံ ရင်းမြစ်, Youn Mi Mi

မိုခါမုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့ စစ်တွေမှာ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီးသွားပြီလို့ ဘီဘီစီဆက်သွယ်လို့ရခဲ့တဲ့ ဒေသခံဆီက သိရပါတယ်။

"အခုတမြို့လုံးကိုပတ်ကြည့်နေတာ။ လမ်းတွေအကုန်ပျက်စီးနေပြီ၊ အထင်ကရနေရာတွေဖြစ်တဲ့ စစ်တွေဆေးရုံ၊ တက္ကသိုလ်တွေဆိုအကုန်အမိုးလန်ကုန်တယ်။ ကမ္ဘောဇဘဏ်က တစစီဖြစ်သွားပြီ။ ရွာတွေကတော့ ရွာပျက်ကုန်ပြီပဲ" လို့ စစ်တွေဒေသခံက ပြောပါတယ်။

လေဘေးသင့် စစ်တွေဒေသခံတွေအတွက် လူအင်အားနဲ့ ကူညီပေးကြဖို့အပြင် နေစရာ၊စားစရာတွေပါ ကူညီဖို့လိုအပ်နေပြီလို့ စစ်တွေဒေသခံက ဆိုပါတယ်။ မနေ့ မေလ ၁၄ ရက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီခွဲဝန်းကျင်ဟာ မုန်တိုင်းတိုက်ခတ်မှု အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး လူအသေအပျောက်တချို့ရှိနိုင်တယ်လို့လည်း ‌ခန့်မှန်းနေကြပါတယ်။

စစ်တွေမြို့ရဲ့ နောက်ဆုံးရ အခြေအနေကို မြို့ခံတွေနဲ့ ထပ်မံဆက်သွယ်နိုင်ဖို့ကြိုးစားနေပြီး သတင်း‌တွေဆက်လက်တင်ဆက်ပေးသွားပါမယ်။

လပွတ္တာက လေဘေးရှောင်သူတွေ နေရပ်ပြန်ကြပြီ

လပွတ္တာက လေဘေးရှောင်သူတွေ နေရပ်ပြန်ကြပြီ

ဓာတ်ပုံ ရင်းမြစ်, နှလုံးသားကျန်းမာရေးစောင့်ရှောက်မှု

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်က ကျေးရွာ‌တွေဘက်ကနေ လေဘေးရှောင်လာကြတဲ့ ဒေသခံတွေဟာ ဒီကနေ့ မေလ ၁၅ ရက်မနက်ပိုင်းမှာတော့ နေရပ်ကိုပြန်ကြပြီလို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

"မနေ့က ကျွန်တော်တို့ဘက်ကို လေလည်းသိပ်မတိုက်ဘူးဗျ။ အပျက်အစီးလည်း မရှိပါဘူး။ ဒီမနက်တော့ သင်္ဘောတွေရော လှေတွေနဲ့ပါ နေရပ်ပြန်ဖို့လုပ်နေပြီ" လို့ နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တဦးက ပြောပါတယ်။

လပွတ္တာဒေသဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ကြရပြီး လူဦးရေ‌သိန်းနဲ့ချီ သေဆုံးခဲ့တာကြောင့် အခုမိုခါဆိုင်ကလုန်းမုန်တိုင်းအတွက်လည်း ကြိုတင်လေဘေးရှောင်ရှားခဲ့ကြတာလည်းဖြစ်ပါတယ်။

လပွတ္တာမြို့ပေါ်ကိုနဲ့ ‌မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အအုံရှိတဲ့ ကျေးရွာတွေဆီ လေဘေးရှောင်ခဲ့သူ တသိန်းခွဲနီးပါးအထိရှိခဲ့ပါတယ်။

မိုခါမုန်တိုင်းဗဟိုချက်ဖြတ်သန်းသွားတဲ့ စစ်တွေမြို့ အဆက်သွယ်တွေ ပြတ်တောက်နေဆဲ

မိုခါမုန်တိုင်း၊ ဗဟိုချက်၊ စစ်တွေမြို့

ဓာတ်ပုံ ရင်းမြစ်, Rakhine Radio FM

မနေ့က မေ ၁၄ ရက်မှာ အားအလွန့်အလွန်ကောင်းတဲ့အဆင့်နဲ့ မုန်တိုင်း မိုခါ ဖြတ်သန်းသွားတဲ့ စစ်တွေမြို့မှာ မနေ့ညနေ ၃ နာရီလောက်ကနေ ဒီကနေ့ မနက် အထိ အဆက်သွယ်တွေ

ပြတ်တောက်နေပြီး အူရီဒူးဆက်သွယ်ရေးလိုင်းတစ်ခုသာ အသုံးပြုလို့ရနေတယ်လို့ ရခိုင်အခြေအစိုက် သတင်းဌာနတွေကနေ သိရပါတယ်။

စစ်တွေမြို့အတွင်းမှာ အိုးအိမ်တိုက်တာတွေ ထိခိုက်ပျက်စီးတာတွေအများကြီးရှိနေပြီး လက်ရှိမှာ လေငြိမ်ပြီးရေတင်ကျန်တာတော့ ရှိနေတယ်လို့ သိရပါတယ်။

ပျက်စီးဆုံးရှုံးတာတွေများပေမဲ့ လူအထိအခိုက် အသေပျောက်နည်းမယ်လို့ယူဆထားကြပြီး အခုတော့ အတိအကျသိရတာမရှိသေးပါဘူး။

အစားအသောက်တွေကိုလည်း အချင်းချင်းကူညီပေးနေတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ပြတ်တောက်နေတဲ့ ဖုန်းလိုင်းအဆက်သွယ်တွေဟာ ဘယ်အချိန်အထိ ဆက်ဖြစ်နေမလဲဆိုတာ မသိတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေကို ဆက်သွယ်လို့ရအောင် လုပ်ပေးဖို့ကိုလည်း အကူညီ‌တောင်းထားတာကို တွေ့ရပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တွေကလည်း ကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ အူရီဒူးတစ်ခုသာ ဆက်သွယ်လို့ရနေတဲ့အတွက် အရေးပေါ် အခြေအနေတွေကို သတင်းပို့ကြဖို့ကိုလည်း ထုတ်ပြန်ထားကြပါတယ်။

မုန်တိုင်းဗဟိုချက် ဖြတ်သန်းသွားတဲ့ စစ်တွေမြို့အပါအဝင် ရခိုင်က မြို့နယ် အများစု မှာလည်း အဆက်သွယ်တွေပြတ်တောက်နေပါတယ်။

လက်ရှိအချိန်မှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ် အားလျော့သွားပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းကို ရွှေ့လျားနေတာကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်းဖြတ်သန်းသွားပြီးတဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကိုတော့ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ မိုးဇလက မေ ၁၅ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။