ဟမ်းဘာဂ်မြို့မှာ သေနတ်သမားလက်ချက်ကြောင့် လူ ၇ ယောက်သေဆုံး - မတ်လ ၁၀ရက် ညနေခင်း နိုင်ငံတကာသတင်းများ

သေဆုံးသူတွေထဲ မွေးဖွားမယ့်ဆဲဆဲ မိခင်နဲ့ကလေးလည်း ပါ၀င်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခင်းဖြစ်ပွားရာနေရာက မြင်ကွင်း
ရေးသားခဲ့သည်။

ဂျာမနီ နိုင်ငံ ဟမ်းဘာဂ်မြို့မှာ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ ၇ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေနတ်သမားဟာ ဘာသာရေးအဖွဲ့တခုက အသင်းသားဟောင်းတယောက်ဖြစ်ပြီး အဲဒီ အဆောက်အအုံထဲကို အထူးတပ်ဖွဲ့တွေ ဝင်စီးတော့ သေနတ်သမားလည်း သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ဂျာမန် အရာရှိတွေက ဆိုပါတယ်။

ပစ်ခတ် သတ်ဖြတ် ခံလိုက်ရသူတွေထဲ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၂ယောက် နဲ့ သန္ဓေသားလောင်းတစ်ခုလည်း ပါဝင်ပြီး နောက်ထပ် ၈ ယောက်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

ဒီပစ်ခတ် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဂျာမန် ဝန်ကြီးချုပ်လည်းဖြစ်၊ အခင်းဖြစ်ရာ ဟမ်းဘာဂ်မြို့ရဲ့ မြို့တော်ဝန်ဟောင်းလည်းဖြစ်တဲ့ အိုလက်ဗ်ရှို့ဇ်ကတော့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်ဆိုပြီး ရှုတ်ချထားပါတယ်။

ရှီကျင့်ဖျင် ရဲ့ တတိယသမ္မတသက်တမ်း ပါလီမန်အတည်ပြု

ရှီကျင့်ဖျင် တတိယ ၅နှစ်သမ္မတ သက်တမ်း ဆက်အုပ်ချုပ်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတသက်တမ်းနှစ်ကြိမ်သာတာဝန်ထမ်းခွင့်ရှိတဲ့ တရုတ်ပြည်မှာ ဆက်လက်အာဏာစွဲကိုင်နိုင်ဖို့ ဥပဒေတရပ်ကို ၂၀၁၈မှာ ရှီကျင့်ဖျင် ပြင်ဆင်ခဲ့

တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင့်ဖျင် တတိယသက်တမ်း ဆက်လက် အုပ်ချုပ်ဖို့ ပါလီမန်က အတည်ပြုပေးလိုက်ပါတယ်။

နောက် ၅ နှစ်သက်တမ်း ဆက်အုပ်ချုပ်မယ့် မစ္စတာရှီဟာ လက်ရှိမျိုးဆက်တွေကြားမှာ အာဏာအရှိဆုံး ခေါင်းဆောင်တယောက်ပါ။

ကိုယ်စားလှယ် သုံးထောင်ကျော် တက်ရောက်တဲ့ တရုတ်ပါလီမန်မှာ ကန့်ကွက်သူမရှိ သူ့ကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

တရုတ်သမ္မတတွေဟာ သက်တမ်း နှစ်ခုထမ်းဆောင်ပြီးရင် အငြိမ်းစားယူသွားလေ့ ရှိတာပါ။

၂၀၁၈ မှာတော့ ဒီဥပဒေကို မစ္စတာရှီက ပြင်ဆင်ခဲ့တာကြောင့် အခုလို နောက်ထပ် သက်တမ်းကို သူထမ်းဆောင်ခွင့်ရသွားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှု စနစ်မှာ သမ္မတရာထူးဟာ ထုံးတမ်းစဉ်လာအရ ဂုဏ်ပုဒ်သာ ဖြစ်ပြီး အများအားဖြင့် လုပ်ပိုင်ခွင့်အာဏာ သိပ်မရှိလှပါဘူး။

မစ္စတာရှီရဲ့ အာဏာက ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးနေရာ၊ ဗဟို စစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ရာထူးတွေက လာတာပါ။

မလေးရှားမှာ ၀န်ကြီးချုပ်ဟောင်းကို အဂတိမှုနဲ့ တရားစွဲ

ရွေးကောက်ပွဲမှာ ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း အဂတိမှုနဲ့ တရားစွဲခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်လာသန်း၅၀ကျော် လာဘ်ယူတယ်ဆိုတဲ့ သူ့အပေါ်စွဲဆိုချက်တွေကို မစ္စတာ မူဟီဒင်က ငြင်းဆို

မလေးရှားတရားရုံးတခုက ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယက်ဆင် ကို တရားစွဲဆိုလိုက်ပါတယ်။

ကိုဗစ်ကာလအတွင်း သူ့အစိုးရလက်ထက် ငွေကြေးထောက်ပံ့မှု စီမံကိန်းတခုနဲ့ ဆက်နွှယ်ပြီး အာဏာအလွဲသုံးစားမှု ၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲဆိုလိုက်တာပါ။

ကွာလာလမ်ပူမြို့ တရားရုံးမှာ လာရောက် ကြားနာစစ်ဆေးခံခဲ့တဲ့ မစ္စတာ မူဟစ်ဒင်က သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေအားလုံးကို အပြစ်မရှိကြောင်း လျှောက်ထားခဲ့ပြီး အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ် တာဝန်ရယူထားစဉ်တုန်းက ကုမ္ပဏီတွေဆီကနေ ဒေါ်လာသန်း ၅ဝ ကျော် လာဘ်ယူခဲ့တယ်လို့ မလေးရှား အဂတိကော်မရှင်က သူ့အပေါ် စွဲဆိုထားတာ ဖြစ်ပါတယ်။

သူ့ကိုထောက်ခံသူတွေက ဒီစွပ်စွဲချက်ဟာ နိုင်ငံရေး ပရောဂပါဝင်ပတ်သက်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်း အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟမ် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကို ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ သြစတြေးလျ ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေး တိုးမြှင့်ဖို့ပြော

ကာကွယ်ရေး ကဏ္ဍ မိတ်ဖက် ဆက်ဆံရေး တိုးမြှင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သြစတြေးလျ၀န်ကြီးချုပ် အယ်ဘန်နီးစ် နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မိုဒီတို့ကို အတူတွေ့ရစဉ်

အိန္ဒိယနဲ့ ကာကွယ်ရေးကဏ္ဍမှာ ဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူခဲ့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese က ပြောပါတယ်။

ဒေလီမြို့မှာ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီနဲ့ တွေ့ဆုံခဲ့ပြီးနောက် သူက အခုလို ပြောလိုက်တာပါ။

အရင်တုန်းက မရှိခဲ့ဖူးတဲ့ ဗျူဟာမြောက် ဆက်ဆံရေးကို ထူထောင်ခဲ့ကြတယ်လို့ သူက ဆိုပြီး အိန္ဒိယဟာ ကာကွယ်ရေး ကဏ္ဍမှာ ထိပ်ဆုံးမိတ်ဖက် နိုင်ငံ ဖြစ်ပါတယ်လို့ မစ္စတာ အယ်ဘန်နီးစက ပြောပါတယ်။

ပစ္စဖိတ် သမုဒ္ဒရာထဲမှာ တရုတ်က သံသယနဲ့ စစ်ရေးအင်အား တိုးချဲ့ ရန်စမှုတွေ လုပ်လာနေတယ်လို့ သြစတြေးလျနဲ့ အိန္ဒိယတို့က ရှုမြင်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ စာချုပ်တရပ်ကိုလည်း သဘောတူခဲ့ကြတယ်လို့ ခေါင်းဆောင် နှစ်ယောက်က ပြောပါတယ်။

လာမယ့် ၅ နှစ်အတွင်း နှစ်စဉ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ဘီလီယံ ငါးဆယ်နီးပါး ဖြစ်လာနိုင်ခြေရှိတယ်လို့ အိန္ဒိယက ဆိုပါတယ်။