ဩဂုတ် ၃၁ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ်- ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဘဲ မြန်မာ့ပြဿနာ မပြေလည်နိုင်ကြောင်း NLD ထုတ်ပြန်

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရနိုင်ဘူး လို့ NLD ပါတီက ထုတ်ပြန်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး အမြန်ဆုံးလွတ်မြောက်ရေး အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ် လို့ ထုတ်ပြန်လာတာပါ။

ဒါ့အပြင် စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ (NLD) က သြဂုတ် ၃၁ ရက်စွဲ နဲ့ ကြေငြာချက်မှာ ထပ်ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ ကြားကာလစတုတ္ထအကြိမ် အစည်းအဝေး မှာ ဗဟိုအလုပ်ကော်မတီရဲ့ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယမူကြမ်း)ကို မှတ်တမ်းတင်ခဲ့တယ် လို့ NLD ကထုတ်ပြန်ပါတယ်။

တချိန်ထဲမှာပဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် ၂၁၈၂ ဦး ဖမ်းဆီးခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့(HRDT-NLD) က ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ ဖမ်းဆီးထားတဲ့အထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးအထိ ပါဝင်နေပြီး ကိုယ်စား လှယ် ၁၉၉ ဦးနဲ့ ပါတီဝင် ၂၄၉ ဦးတို့ရဲ့ နေအိမ်တွေချိတ်ပိတ်ခံထားရတယ်လို့လည်း HRDT-NLD က ပြောပါတယ်။

ဒါအပြင် NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ ပါတီဝင် ၁၀၇ ဦးတို့ကို စစ်ကောင်စီ က သတ်ဖြတ် ခဲ့တယ်လို့ လည်း HRDT-NLD က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ရန်ကုန်မှာရှိတဲ့ NLD အဖွဲ့ချုပ်ရုံးကို တိုက်ခိုက်ခဲ့တာ ၃ ကြိမ်အပါအဝင် ပြည်နယ်နဲ့တိုင်း တွေမှာရှိတဲ့ NLD ပါတီရုံးတွေကို တိုက်ခိုက်ခဲ့တာ ၁၆၅ ကြိမ် အထိ လုပ်ခဲ့တယ်လို့လည်း HRDT-NLD က ပြောပါတယ်။

HRDT-NLD အဖွဲ့ကို ၂၀၂၁ မေလ ကနေ စတင်ဖွဲ့စည်းခဲ့ပြီး သြဂုတ် ၃၁ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ စာရင်း တွေလာ ၂၀၂၄ သြဂုတ် ၁၅ ရက်နေ့အထိ စာရင်းတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

စစ်တွေ ဗျိုင်းဖြူရွာသားတစ်ရာကျော်ကို စစ်ကောင်စီ ထောင်ချ

စစ်တွေမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာရက္ခတပ်တော် (AA) နဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီး စစ်ကောင်စီ က ဖမ်းဆီးထားတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၂၇၀ ကျော်ထဲက လူ ၁၀၀ ကို သြဂုတ် ၃၀ ရက်နေ့က ထောင် ၃ နှစ်ချလိုက်တယ်လို့ ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

“အဲဒီလူတွေက မေလ အကုန်ပိုင်းထဲက ဖမ်းခံထားရတာ။ မနေ့က အယောက် ၁၀၀ ကို ထောင်ချတယ်။ ၄ ယောက်လွတ်တယ်” လို့ စစ်တွေမြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်တွေထောင်တွင်း တရားရုံးကနေပြီး မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ ထောင်ချခဲ့တာလို့ လည်း အဲဒီအခြေအနေကို သိသူတစ်ဦး ဘီဘီစီ ကိုပြောပါတယ်။

စစ်ကောင်စီ က ဖမ်းဆီးထားပြီး အမိန့်မချရသေးတဲ့ လူ ၁၇၀ ကျော်လောက်ကျန်နေသေးတယ်လို့လည်း အခြေအနေ သိရှိသူတွေက ပြောပါတယ်။

မနေ့ သြဂုတ် ၃၀ ညပိုင်းကလည်း စစ်တွေမြို့ကယ်ဆယ်ရေးစခန်းနားမှာ ငါးရှာနေတဲ့ လူ ၄ ယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီထဲက လူတစ်ဦးကို သေနတ်နဲ့ပစ်လို့ ပေါင်မှာ ဒဏ်ရာရသွားပြီး ဆေးရုံတင်ထားရတယ်လို့ စစ်တွေမြို့ခံ တစ်ဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက် ညနေပိုင်းကစပြီး စစ်တွေမြို့နယ် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ရုံးစိုက်တဲ့နေရာနားက အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် အခုလို လူ ၁၀၀ ကို စစ်ကောင်စီ က ထောင် ၃ နှစ်ချခဲ့တာလည်းဖြစ်ပါတယ်။

စစ်တွေမြို့နဲ့ ၄ မိုင်ဝန်းကျင်လောက် အကွာအဝေးရှိတဲ့ ဝါဘိုရွာနဲ့ အမြင့်ကျွန်းရွာတွေမှာလည်း AA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေက ဘီဘီစီ ကိုပြောပါတယ်။

အာဆီယံ တပ်ချုပ်များ အစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို ဖယ်ထုတ်ပေးဖို့ အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပမယ့် ( ၂၁ ) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး(AMMTC ) မှာ မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ပိတ်ပင်ပေးဖို့ အရပ်ဖက် အဖွဲ့ ၂၁၅ ဖွဲ့ က အာဆီယံ အတွင်းရေးမှူးချုပ်ဆီ အိတ်ဖွင့်စာပေးပို့ တောင်းဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်တွေကို လာမယ့် စက်တင်ဘာလ ၄ ရက် ကနေ ၇ ရက်အထိပြုလုပ်မယ့် အဲဒီအစည်းအဝေးမှာ တက်ရောက်ခွင့် ပေးဖို့ ဒီအိတ်ဖွင့်စာထဲမှာ တောင်းဆိုထားပါတယ်။

စစ်ကောင်စီ ကိုယ်စားလှယ်တွေကိုတော့ နောက်လာမယ့် AMMTC အစည်းအဝေးတွေ အားလုံးမှာ တက်ရောက်ခွင့် ပိတ်ပင်ပေးရမယ်လို့လည်း ရေးထားပါတယ်။

အဲလိုမှ မပိတ်ပင်ဘူးဆိုရင် AMMTC အစည်းအ‌ဝေးတွေအားလုံးကို သပိတ်မှောက်သွားမယ်လို့လည်း လူ့အခွင့်ရေးအခြေစိုက် အဖွဲတွေက ပြောထားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ လူပေါင်း ၅,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို၊ ၂၇၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လူပေါင်း ၂၀,၇၀၀ ကျော်ကို အကျဉ်းချထားခဲ့တယ်လို့လည်း အာဆီယံကို ပေးပို့တဲ့ စာထဲမှာရေးထားပါတယ်။

ဒါပေမဲ့ အာဆီယံဟာ ၂၀၂၁၊ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ကျင်းပခဲ့တဲ့ အာဆီယံ ကာကွယ်ရေး ဦးစီးချုပ် အစည်းအဝေးတွေမှာ စစ်ကောင်စီကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခဲ့ပါတယ်။

လူ့အခွင့်ရေးအခြေစိုက် အဖွဲ့အစည်း ၂၁၅ ဖွဲ့ ရဲ့ အိတ်ဖွင့်ပေးစာထဲမှာ စင်္ကာပူ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့ အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်‌ရေးဦးစီချုပ်တွေအပါအဝင် NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန် ဆီကိုလည်း လိပ်မူပေးပို့ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်က စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်လပ်မှု ပြန်ဖြစ်

ရန်ကုန်မြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တခုမှာ ဆီထည့်နေတဲ့ ကားများ
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တခုမှာ ဆီထည့်နေတဲ့ ကားများ

ရန်ကုန်မြို့ပေါ်က စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်လပ်တာတွေပြန်ဖြစ်နေတယ်လို့ သတင်း အရင်းအမြစ်တွေက ဘီဘီစီ ကို ပြောပါတယ်။

သြဂုတ် ၃၀ ရက် ညနေပိုင်းကစပြီး ဆီဆိုင်တွေမှာ တန်းစီနေတဲ့ ယာဥ်တန်းရှည်ကြီးတွေ ပြန်မြင်တွေ့လာရပြီး ဒီကနေ့ သြဂုတ် ၃၁ ရက်မှာ အခြေအနေပိုဆိုးလာတယ်လို့လည်း ပြောပါတယ်။

“ရန်ကုန်က လူတွေက ကားထဲမှာ ဆီအလျော့မခံတော့ဘူး။ နည်းနည်းလေးလျော့လာတာနဲ့ ချောင်တဲ့ဆိုင်မှာ တခါတည်းတန်းဖြည့်လိုက်ကြတာ၊ အဲဒီလိုဖြည့်ထားမှလည်း စိတ်ချရမှာ”လို့ ရန်ကင်းမြို့နယ်မှာ နေထိုင်သူ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

ရန်ကုန်မြို့ပေါ်က နာမည်ကြီးတဲ့ ဆိုင်ကြီးတွေမှာ တန်းစီတဲ့ ကားတွေပိုများနေပြီး အနည်းဆုံး အစီး ၄၀ ကျော်လောက်တန်းစီနေရသလို ၉၅ အမျိုးအစားဓာတ်ဆီဟာ တခြားဆီတွေထက် ပိုဝယ်ရခက်တယ် လို့လည်း ပြောပါတယ်။

“စစ်ကောင်စီမှာ ‌ဒေါ်လာလိုအပ်ချက်ရှိနေသမျှ ဆီတန်းစီရတဲ့ ဟာက မကြာခဏ ပေါ်နေဦးမှာပဲ” လို့ စီးပွားရေးပညာရှင် တစ်ဦးက ဘီဘီစီ ကို ပြောပြပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ကတော့ ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေကို ဖူလုံအောင်ဖြန့်ဖြူးနိုင်အောင် စီမံထားပြီး ဆီစျေးနှုန်း တွေလည်း ပြန်ကျလာပြီလို့ ပြီးခဲ့တဲ့တစ်ပတ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် ရန်ကုန်တိုင်းမှာ ဆီဆိုင် ၂၀၀၊ မန္တလေးတိုင်းအတွက် ဆိုင် ၇၀၀ အပါအဝင် တစ်နိုင်ငံလုံး အတွက် စက်သုံးဆီအရောင်းဆိုင် ၃၀၀၀ ကျော်အတွက် ဆီတင်ယာဉ် အစီး ၁၀၀၀ ကျော်နဲ့ ဖြန့်ဖြူးပေးနေတယ် လို့လည်း ပြောထားပါတယ်။

TNLA ကို တိုက်ပွဲရပ်ခိုင်းတဲ့ကိစ္စ တရုတ်သံရုံးဘာပြောလဲ

တအာင်းလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တအာင်းလွတ်မြောက်ရေးတပ် (TNLA) တပ်ဖွဲ့ဝင်များ

တအာင်းလွတ်မြောက်ရေးတပ် (TNLA)ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ တရုတ်ဘက်က သတိပေးခဲ့တယ်ဆိုတဲ့ကိစ္စအပေါ် AFP သတင်းဌာန ရဲ့ မေးမြန်းချက်ကို တရုတ်သံရုံးက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီကနေ့ထုတ်ပြန်လာပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှု အခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင် နေပါတယ်” လို့ တရုတ်သံရုံးက ပြောခဲ့ပါတယ်။

ဩဂုတ် ၂၉ ရက်စွဲနဲ့ ရွှေလီမြို့ လုံခြုံရေးကော်မတီက တအာင်းလွတ်မြောက်ရေးတပ် TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ ပြင်းထန်တဲ့ သတိပေးစာ တစ်စောင်ပို့ခဲ့ပြီး ဒီစာက အစစ်ဟုတ်မဟုတ် ဆွေးနွေးငြင်းခုန်မှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

AFP သတင်းဌာန ရဲ့ မေးမြန်းချက်အပေါ် TNLA ကို သတိပေးခဲ့ခြင်းရှိမရှိ တိုက်ရိုက်မဖြေခဲ့ပါဘူး။

‘’တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမှာဖြစ်ပါတယ်’’ လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

ရွှေလီမြို့ လုံခြုံရေးကော်မတီက TNLA ကို ပေးပို့တဲ့ စာထဲမှာ နယ်စပ်ဒေသက တရုတ်နိုင်ငံသားတွေ သာမကဘဲ မြန်မာပြည်တွင်းက တရုတ်နိုင်ငံသားတွေ နဲ့ တရုတ်လုပ်ငန်းတွေရဲ့လုံခြုံမှုကိုပါ အာမခံပေးဖို့ တရုတ်ဘက်ကတောင်းဆိုထားပါတယ်။

မြန်မာ- တရုတ် နယ်စပ်မှာ တရုတ်စစ်တပ်က သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုကာလအတွင်းပေးပို့တဲ့ ဒီသတိပေးချက်က ပြင်းထန်တယ် လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တရုတ်နယ်စပ် တည်ငြိမ်အေးချမ်းရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေမယ့် အန္တရာယ်ရှိတဲ့ စစ်ရေးအပြုအမူတွေကို ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ တရုတ်က TNLA ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက လားရှိုးကို လေကြောင်းကဗုံးကြဲ

ဩဂုတ် ၃၀ ရက်ည လားရှိုးကို လေကြောင်းဗုံးကြဲမှုကြောင့်ပျက်စီးမှုများ

ဓာတ်ပုံ ရင်းမြစ်, Saw Nay Wai Soe

ဓာတ်ပုံ ပုံစာ, ဩဂုတ် ၃၀ ရက်ည လားရှိုးကို လေကြောင်းဗုံးကြဲမှုကြောင့်ပျက်စီးမှုများ

MNDAA က CDM ဝန်ထမ်းတွေလက်ခံတာ လူ ၂၇၀ ရှိလာ

ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို မနေ့ညပိုင်းက စစ်ကောင်စီ က လေကြောင်းကနေ ဗုံးလာကြဲလို့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေကပြောပါတယ်။

“အထက ၈ အခြေခံပညာအထက်တန်းကျောင်း ထဲကို တလုံးကျတယ်။ သူနဲ့ တခြံကျော် ဘီယာဆိုင် ပေါ်ကို တလုံးကျတယ်။ ဗုံးကျတဲ့နေရာမှာ လူတွေပြန်မနေသေးလို့ လူအသေအပျောက်တော့မရှိဘူး” လို့ လားရှိုးမြို့ခံ လူမှုကူညီရေးအသင်းသားတဦး က ဘီဘီစီ ကိုပြောပါတယ်။

လားရှိုးမြို့ တိုင်းရုံးနဲ့လေယာဥ်ကွင်းဘက်တွေကိုလည်း စစ်ကောင်စီ က ဗုံးကြဲခဲ့တယ်လို့ အရပ်ဘက် လူမူကူညီကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ FYV က ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း ကိုးကန့်တပ်က CDM ဝန်ထမ်းတွေ အလုပ်ပြန်လုပ်ဖို့ လာပြီး စာရင်းပေးထားတာ အယောက် ၂၇၀ ရှိပြီလို့ သြဂုတ် ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာ ကျန်းမာရေးလုပ်ငန်းတွေပြန်လည်စတင်နေပြီး မကြာခင် ပညာရေးလုပ်ငန်း တွေပြန် စမယ်လို့လည်း MNDAA က ပြောပါတယ်။

ဒါအပြင် CDM လုပ်ထားသူတွေ အလုပ်ပြန်လာလျှောက်တဲ့ ဌာန ပေါင်း ၂၀ ကျော် ရှိနေပြီလို့လည်း MNDAA က ပြောပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျပြီးတဲ့နောက်ပိုင်း လားရှိုးမြို့ကို ကိုးကန့်တပ်က ထိန်းချုပ်ထားတာ တလကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ကျုံးနဲ့ မြို့ရိုးဟောင်းတွေ ဆက်တိုက်ဖော်နေ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံပိုင်နိုင်ငံခြားငွေတွေ မသုံးစွဲနိုင်ခဲ့ရဘူးလို့ပြော

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မနေ့က ပဲခူးကိုသွားခဲ့ပြီး ဒါကတစ်ပတ်အတွင်း ပဲခူးတိုင်းကို နှစ်ကြိမ်သွားခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ် သောကြာနေ့ကလည်း တောင်ငူကိုသွားခဲ့ပြီး မြို့ရိုးနဲ့ ကေတုမတီနန်းတော်ရာ ပြန်လည်တည်ဆောက်ရေးအတွက် ညွှန်ကြားပါတယ်။

သြဂုတ် ၃၀ ရက် ပဲခူးခရီးစဉ်မှာလည်း ကမ္ဘောဇသာဒီရွှေနန်းတော်၊ဟံသာဝတီနေပြည်တော်၊ သာယာဝတီတံခါးအနီးက ဟံသာဝတီမြို့ ဟောင်းကျုံးနဲ့ မြို့ရိုးနေရာတွေ ကြည့်ရှုစစ်ဆေးပြီး မြို့ရိုးနေရာတွေကို ပြန်လည်တူးဖော် တည်ဆောက်သွားဖို့ မှာကြားခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ သြဂုတ် ၂၅ ရက် မန္တလေးခရီးစဉ်မှာလည်း နန်းမြို့အနောက်ဘက်က မြို့ရိုးထိန်းသိမ်းထားမှုကိုကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

အကဲခတ်တွေကတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ဗေဒင်၊ယတြာကို ယုံကြည်ကြသူတွေဖြစ်ပြီး နန်းမြို့ဟောင်းတွေကို ဆက်တိုက်သွားနေတာဟာ ယတြာကိစ္စဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပဲခူးခရီးစဉ်မှာ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ အထောက်အပံ့ပေးမှုတွေ လျှော့ချခဲ့တာကြောင့် နိုင်ငံပိုင်နိုင်ငံခြားငွေတွေ မသုံးစွဲနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ဒါကြောင့် ကုန်သွယ်မှုကရတဲ့ငွေတွေကို အဓိကထားသုံးစွဲနေရတယ်လို့ သူကပြောပါတယ်။

ပြည်ပကဝင်နေတဲ့ ဝင်ငွေတွေကို ပြန်စိစစ်ခဲတဲ့အခါ ချေးငွေ၊ ထောက်ပံ့ငွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်နေတာကို တွေ့ရပြီး ပြည်ပချေးငွေတွေကို တတ်နိုင်သမျှ ပြန်လည်ပေးဆပ်နေရတယ် လို့ သူကပြောပါတယ်။

ပြည်တွင်းထုတ်ကုန်တွေကို အရည်အသွေးကောင်းအောင်ထုတ်ပြီး ပြည်ပတင်ပို့နိုင်မှ နိုင်ငံခြားငွေတွေ တိုးတက်ရရှိမယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။