ဧပြီ ၂၀ ရက် နိုင်ငံတဝန်း ထူးခြားသတင်းများ အနှစ်ချုပ်

ရေးသားခဲ့သည်။

မြဝတီကနေ မဲဆောက်ကို ထွက်ပြေးဖို့ သောင်ရင်းမြစ်ကမ်းမှာ စောင့်နေရတဲ့မြန်မာနိုင်ငံသား ရာချီရှိနေ

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အနီး တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ မြဝတီမြို့ထဲက စစ်ဘေးရှောင်ရာချီဟာ ထိုင်းစစ်တပ်က ခွင့်မပြုတာကြောင့် သောင်ရင်းမြစ်ဘေးမှာ စောင့်နေကြရပါတယ်။

တိုက်ပွဲဖြစ်ချိန်မနက်ပိုင်းကတည်းက ထွက်ပြေးလာကြရတာဖြစ်ပြီး အခု ညနေပိုင်းအထိ သွားခွင့်မရသေးလို့ ၉၉၉ ဂိတ် နဲ့ ၈ ဂိတ် နဲ့ ၁၂ ဂိတ်‌တွေမှာ စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်။

တချို့တွေက အမှတ် ၁ တံတားကနေ မဲဆောက်ဘက်ကို ကူးသွားကြပြီး တချို့ကလည်း သောင်ရင်းမြစ်ဘေးက စက်လှေဂိတ်တွေကနေ ထိုင်းဘက်ကို ပြေးခွင့်ရဖို့ စောင့်နေကြရတာပါ။

“မြဝတီမှာ လာခိုနေတဲ့ CDM တွေဆိုလည်း အပေါ်ဂိတ်ကနေ သွားလို့မရဘူး။ အောက်ဂိတ်ကလည်း ပေးမဖြတ်ဘူး။ လေယာဉ်ကလည်း ဆက်တိုက် ဗုံးတွေကြဲတာ၊ ချော်ပစ်ရင် ပြာဖြစ်နိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက ကုန်ပစ္စည်းအမြဲကူးနေတဲ့ဂိတ်တွေ၊ လက်လှမ်းမမှီတဲ့နေရာတွေမဟုတ်ဘူး။ ထိုင်းမြန်မာ နယ်စပ် နာမည်ကြီးဂိတ်တွေ၊ ထိုင်းစစ်သားတွေက တက်မလာနဲ့ဆိုတော့ မတက်ရဲဘဲ စောင့်နေရတယ်”လို့ ပြောပါတယ်။

မြဝတီက စစ်ဘေးရှောင်တွေမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ရှိနေပြီး သောင်ရင်းမြစ် ကမ်းနဖူးက အရိပ်ကောင်းတဲ့ သစ်ပင်တွေအောက်မှာ စောင့်ဆိုင်းနေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်က တမနက်လုံးစောင့်တာ တက်ခွင့်မရလို့ အမှတ် ၁ တံတားကနေ မဲဆောက်ကို ရောက်ခဲ့တာ၊ အဲဒီမှာ ထိုင်းစစ်သားတစ်ယောက်ကို ဘာလို့ပေးမလာတာလဲမေးကြည့်တော့ သူတို့ကို ညွှန်ကြားထားတာ မရှိဘူးလို့ပြောတယ်”လို့ ‌ဒေသခံတစ်ယောက်က ပြောပါတယ်။

ထိုင်းဘက်ကတော့ နယ်စပ်မှာ တပ်လှန့်ထားပြီး ’ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာထိပါးမှုရှိလာရင် ဖြေရှင်းဖို့နဲ့ ပြည်သူတွေဘေးကင်းစေဖို့ အခြေအနေ စောင့်ကြည့်နေတယ်။’’ လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်ဒေသ ပုံမှန်အခြေအနေပြန်ဖြစ်ရေး အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်သလို လိုအပ်ရင် နောက်ထပ်လူသားချင်းစာနာမှုအကူအညီတွေပေးဦးမယ် လို့ သူက ဆက်ပြောပါတယ်။

AA အလိုမရှိကြောင်း ဆန္ဒပြဖို့ စစ်ကောင်စီ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တယ် ရိုဟင်ဂျာတွေပြော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် AA) ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ဖို့ စစ်ကောင်စီ က ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တယ်လို့ ရိုဟင်ဂျာတချို့က ဘီဘီစီကို ပြောပါတယ်။

ဧပြီ ၂၀ ရက်မှာ ဆန္ဒပြဖို့ ကိုရော စစ်မှုထမ်းဖို့ကိုပါ ရိုဟင်ဂျာတွေကို ဧပြီ ၆ ရက်မှာ ပြည်နယ်ဝန်ကြီးချုပ်ရုံးကို ခေါ်ယူဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

“လက်နက်ကိုင် အဖွဲ့ထဲမဝင်ရင် ရွာတွေကို မီးရှို့လိုက်မှာဆိုပြီး အဲ့ဒီအစည်းအဝေးကနေပြီးတော့ ခြိမ်းခြောက်ပါတယ်။ ဧပြီ ၂၀ မှာ ဆန္ဒမပြရင် တပ်လှန့်မယ် မီးရှို့မယ်ပြောတယ်“လို့ စစ်တွေမြို့ က ရိုဟင်ဂျာတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

စစ်တွေမှာ ဧပြီ ၂၀ ရက်မှာ ဆန္ဒပြဖို့အတွက် မနေ့က မွတ်ဆလင် တစ်ထောင်တောင်းခဲ့ပြီး လူ မပြည့်တာကြောင့် စစ်ကောင်စီကို ထောက်ခံသူတွေကို ထပ်ထည့်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့ လမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေပြီး ဖုန်းသုံးခွင့်၊ ဓာတ်ပုံနဲ့ ရုပ်သံရိုက်ခွင့်တွေလည်း မပေးဘူးလို့ ပြောပါတယ်။

“ရခိုင်- မွတ်ဆလင် ပဋိပက္ခ ပြန်ဖန်တီးသလို လုပ်တာ”လို့ မွတ်ဆလင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင်တာမရှိဘူးလို့ ဧပြီ ၁၉ ရက်မှာ ပြောခဲ့ပါတယ်။

ထိုင်းစစ်တပ်က မြန်မာနယ်စပ်တလျှောက် တပ်လှန့်ထား

ထိုင်း-မြန်မာ နယ်စပ်တလျောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ နယ်စပ်တစ်လျှောက် အခြေအနေကို တပ်လှန့်အနေအထားနဲ့ စောင့်ကြည့်နေတယ် လို့ နိုင်ငံခြားရေး၀န်ကြီးဌာနက ဧပြီ ၂၀ ရက် မှာ ထုတ်ပြန်လာပါတယ်။

‘’ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာထိပါးမှုရှိလာရင် ဖြေရှင်းဖို့နဲ့ အဲဒီနေရာတစ်ဝိုက်က ပြည်သူတွေဘေးကင်းစေဖို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက နယ်စပ်တစ်လျှောက် အခြေအနေကို တပ်လှန့်အနေအထားနဲ့ စောင့်ကြည့်နေပါတယ်။’’ လို့ နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်ဒေသ ပုံမှန်အခြေအနေပြန်ဖြစ်ရေး အစွမ်းကုန်လုပ်ဆောင်သွားမှာဖြစ်သလို လိုအပ်ရင် နောက်ထပ်လူသားချင်းစာနာမှုအကူအညီတွေပေးဦးမယ် လို့ သူက ဆက်ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ မနေ့ညကတည်းကစတင်တဲ့ တိုက်ပွဲတွေကတဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ကျရောက်မှုတွေ ရှိခဲ့ပြီးနောက် အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ နားမှာ ခိုအောင်းနေတဲ့ စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံနေရတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်နေပါတယ်။

မြို့ခံတချို့ကတော့ လေကြောင်းရန်ကို ကြောက်တာကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းကို ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။

မြဝတီမြို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေ

အရပ်သားထိခိုက်မှုတွေလည်းရှိလာ

အမှတ် ၂ ချစ်ကြည်ရေးတံတားနားက ခလရ ၂၇၅ ခိုအောင်းနေတဲ့နေရာကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KNLA , ကျားသစ်နက်၊ ကောဘရာ စတဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာလို့ သိရပါတယ်။

မနက် ၁၀ နာရီဝန်းကျင်လောက်ကတည်းက စစ်ကောင်စီရဲ့ Y 12 လေယာဉ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးသလို မြဝတီမြို့ ဆင်နှစ်ကောင် ကာဆီနိုက အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ယောက် ခေါင်း ကျည်စ မှန်ထားတယ်လို့လည်း လက်ရှိ မြဝတီမြို့ထဲမှာ ရှိနေသေးတဲ့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

“လေယာဉ်ပေါ်ကနေ ပွိုင့် ဖိုက်နဲ့ပစ်တယ်၊ ဗုံးသီးချတယ်၊ မီးလောင်ဗုံးတော့ မချသေးဘူး။ အခုပြောနေရင်းကို ခေါင်းပေါ်မှာ လေယာဉ်ဝဲသွားတယ်၊ ကျွန်မတို့လည်း အခြေအနေ စောင့်ကြည့်ပြီးနေရတယ်၊ အရင်နေရာကို ဗုံးကြဲလို့ နောက်တစ်နေရာ ပြောင်းနေကြတယ်”လို့ မြဝတီမြို့ခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

မြဝတီမြို့ အမှတ် ၂ တံတားဘက်နားက ရပ်ကွက်တွေမှာ ထွက်မရဘဲ ပိတ်မိနေတဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

အမှတ် ၂ တံတားနားကို ဧပြီ ၁၉ ရက် ည ၇ နာရီခွဲဝန်းကျင်လောက်က ဒုံးတစ်လုံး၊ ည ၁၁ နာရီလောက်မှာ လက်နက်ကြီး စတာတွေနဲ့ ပစ်ခတ်တာရှိပေမဲ့ တိုက်ပွဲမဖြစ်သေးဘဲ မနက် ၄ နာရီလောက်မှာ စပြီးတိုက်ပွဲဖြစ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

နေ့လယ်ပိုင်းမှာတော့ တံတား ၂ ကုန်သွယ်ရေးဇုန် ပထမရက်က စစ်ကောင်စီတပ်သားတွေ ရာချီရှိနေတဲ့နေရာကို တော်လှန်ရေးအင်အားစုတွေက ဝင်ရှင်းနေသလို စစ်ကောင်စီဘက်ကလည်း ရသမျှ ပြန်ခုခံနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စစ်ဗိုလ်တစ်ယောက်အပါအဝင် သေဆုံးသူ ၁၀ ယောက်လောက်ရှိနေပြီလို့ ဘီဘီစီ သတင်းရင်းမြစ်တွေဆီကနေ သိရပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဦးတေဇပိုင်တဲ့ ပူတာအိုက ဟိုတယ် မီးလောင်

ခရိုနီဦးတေဇပိုင်ဆိုင်တဲ့ ကချင်ပြည်နယ် ပူတာအိုက Malikha lodge ဒီမနက် မီးလောင်ပြီး အဆောင်နှစ်ခု ပြာကျသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

မလိခမြစ်ဖျားက မူလာရှီးဒီရွာမှာရှိတဲ့ ဒီဟိုတယ်က အစိုးရအဆက်ဆက် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ လာရောက်တည်းခိုဖူးတဲ့ ဟိုတယ်ဖြစ်သလို ထင်ရှားကျော်ကြားသူတွေကို ဦးတေဇက ခေါ်ဆောင်ဧည့်ခံတဲ့ ဟိုတယ်လည်း ဖြစ်ပါတယ်။

မီးလောင်မှုအကြောင်းအရင်းကို သေချာမသိရသေးဘဲ ရွာသားတွေ နဲ့ စစ်တပ်ကပါ မီးဝင်ငြှိမ်းပေးလို့ တခြားအဆောင်တွေကို မီးမကူးခဲ့ဘူးလို့ မူလာရှီးဒီ ရွာခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က ဦးတေဇပိုင်တဲ့ ကန်တော်ကြီးပဲလေ့ဟိုတယ်လည်း ၂၀၁၇ ခုနှစ်က မီးလောင်ကျွမ်းခဲ့ပါသေးတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ချစ်ကြည်ရေးတံတား(၂) အနီး နေထိုင်သူတွေ ထိုင်းဘက်ကိုစစ်ဘေးရှောင်

တိုက်ပွဲပြင်းထန်နေတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) အနီးမှာနေထိုင်သူတွေ လေကြောင်းရန်ကို ကြောက်တာကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက်ခြမ်းကို ဝင်ရောက်ဖို့ ကြိုးစားပေမဲ့ ထိုင်းစစ်တပ်က ဝင်ခွင့်မပေးတာကြောင့် စောင့်ဆိုင်းနေတာလည်း တွေ့ရပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်ဘက်ကိုလည်း မြဝတီဘက်က စစ်ဘေးရှောင် သုံးရာနီးပါး ရောက်ရှိနေပြီး သူတို့အတွက် ယာယီလုံခြုံတဲ့နေရာ သတ်မှတ်ပေးထားတယ်လို့လည်း ထိုင်းလူမှုကွန်ရက်တွေကနေ သိရပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ လသားကလေးငယ်ကနေ သက်ကြီးရွယ်အိုတွေအထိ အရွယ်စုံတွေ ပါနေကြပါတယ်။

လသားအရွယ်ကလေးကို ချီထားပြီး အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးဘေးမှာရှိနေတဲ့ ကလေးမိခင်တစ်ယောက်က ကြောက်ရွံ့ ၊ အားငယ်ပြီး ငိုနေတာကို ထိုင်းစစ်သားတစ်ယောက်က နှစ်သိမ့်ပေးနေတာကိုလည်း ဗွီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။

လက်ရှိ မြဝတီမြို့ထဲမှာပါ တိုက်ပွဲတွေဖြစ်နေပြီး ပိတ်မိနေသူတွေလည်း ရှိတာကြောင့် အကူညီတောင်းနေကြတာကိုလည်း တွေ့ရပါတယ်။

ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့မှာ ဧပြီ ၂၀ ရက် မနက် ၁ နာရီလောက်ကစပြီး နေ့လယ်ပိုင်းအထိ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

မြဝတီ-မဲဆောက် တံတား ၂ အနီး တိုက်ပွဲပြင်းထန်ပြီး ထိုင်းဘက်ကိုကျည်ကျ

ထိုင်းဘက်က စစ်ကားတွေနဲ့စောင့်ကြည့်နေ

Updated - မနက် ၁၀ နာရီဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်တဲ့ နေရာဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ လာရောက်ပစ်ခတ်တာတွေရှိနေပါတယ်။

ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့မှာ ဧပြီ ၂၀ ရက် မနက် ၁ နာရီလောက်ကစပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မနက် ၁၀ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။

အမှတ် ၂ ချစ်ကြည်ရေးတံတားနားမှာ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတာဖြစ်ပြီး ည ပိုင်းကစလို့ ပေါက်ကွဲမှုတွေ ဖြစ်တာကို လူမှုကွန်ရက် ဗွီဒီယိုတွေကနေ သိရပါတယ်။

တံတားရဲ့ ထိုင်းဘက်ခြမ်းမှာတော့ လက်နက်တွေတပ်ဆင်ထားတဲ့ စစ်ကား ငါးစီးဝန်းကျင်လောက်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို စောင့်ကြည့်နေတာတွေ ရှိနေပါတယ်။

“မနက်က လေယာဉ်လာဝဲတယ်၊ လေယာဉ်ကိုတော့မြင်ရတယ်၊ ဗုံးကြဲမကြဲတော့ မသိရဘူး။ သေနတ်သံတွေက ထိုင်းဘက်ကို တဖြည်းဖြည်းကပ်လာတယ်။ ထိုင်းဘက်ကိုလည်း ကျည်ကျတယ်။ ၂၅၇ က ဆုတ်လာတဲ့အဖွဲ့က တံတားနားမှာ ခြေချထားတာကို တော်လှန်ရေးအဖွဲ့က လာတိုက်တယ်ထင်တယ်။ ဆွယ်တော်ကုန်းကလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်လို့လည်း သိရတာရှိတယ်။ ထိုင်းစစ်တပ်ဘက်ကလည်း အကာကွယ်ယူပြီး စောင့်နေကြတယ်” အမှတ် ၂ တံတားနားမှာ စောင့်ကြည့်နေတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာနားကို တော်လှန်ရေးတပ်ဖွဲ့တွေ ပိုပြီးနီးနီးကပ်ကပ် ရောက်လာတဲ့ အနေထားဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကကျည်ကုန်ရင် ထိုင်းဘက်ကို ပြေးဝင်လာနိုင်တဲ့အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။

အမှတ် ၁ တံတားဘက်မှာတော့ တိုက်ပွဲဖြစ်တာမရှိပေမဲ့ ပစ်ခတ်သံတွေကို ဆက်တိုက် ကြားနေရပေမဲ့ ပုံမှန်သွားလာနေကြတယ်လို့ မဲဆောက်ဘက်မှာရှိသူတွေက ပြောပါတယ်။

ခလရ ၂၇၅ ကို လက်နက်ချဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ညှိနှိုင်းခဲ့တာ မအောင်မြင်တာကြောင့် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်တာလို့ ဧပြီ ၁၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြဝတီကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်းမှာ KNLA / PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဧပြီ ၁၉ ရက် ညနေပိုင်းအထိ တိုက်ပွဲတွေဖြစ်ခဲ့သလို လေကြောင်းကင်းထောက်တာတွေလည်းရှိခဲ့ပါတယ်။