ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA/PDF ပူးပေါင်းအဖွဲ့သိမ်းပိုက်

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA/PDF ပူးပေါင်းအဖွဲ့သိမ်းပိုက်တဲ့ သတင်းအပါအဝင် ဧပြီ ၁၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်

အနှစ်ချုပ်

  • ခလရ ၂၇၅ ကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်
  • ခလရ ၂၇၅ ကို သိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ရဲ့ရဟတ်ယာဥ် ပျံသန်း ကင်းလှည့်နေတယ်လို့ မြေပြင်မှာရှိတဲ့စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်
  • ခလရ ၂၇၅ ကို စစ်ကောင်စီတပ်သားတွေက မနေ့ညပိုင်းမှာ စွန့်ခွာသွားပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်မှာ စုဝေးနေတယ်လို့ KNU ပြောခွင့်ရက ပြောပါတယ်
  • မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA/PDF ပူးပေါင်းအဖွဲ့သိမ်းပိုက်
  • ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားအမှတ် ၂ ကိုထိုင်းဘက်က ပိတ်လိုက်ပြီ
  • နေပြည်တော်၊ အေလာလေတပ်ကိုစခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ထပ်မံတိုက်ခိုက်ခံရ
  • အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် စစ်ကောင်စီအာဏာဆက်လက်တည်မြဲနေတယ်လို့အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
  • ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ထိုင်းဘက်က ပိတ်လိုက်ပြီ
  • မြန်မာစစ်တပ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့်မပြုဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော
  • ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးတိမ်း‌‌ရှောင်
  • ဖားကန့် က စစ်တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်
  • ရွှေဈေး ကျပ် ၄၈ သိန်းနီးပါးနဲ့ အမြင့်စျေးမှာဆက်ရှိနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီလ ၁၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပြီဖြစ်ပါတယ်။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  2. ခလရ ၂၇၅ တိုက်ပွဲ စစ်ကောင်စီတပ် ဘယ်လိုတုံ့ပြန်ခဲ့လဲ

    မြဝတီမြို့စောင့်တပ်လို့ အများက ‌ခေါ်ကြတဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို KNLA/KNDO နဲ့တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂ ရက်မှာ စစ်ကောင်စီတပ်လည်း မြေပြင်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေ အထောက်အကူဖြစ်အောင် တိုက်လေယာဥ် ၂ စီးသုံးပြီး ဝေဟင်ကနေ စစ်ကူပေးခဲ့ပါတယ်။

    KNLA/KNDO တို့ရဲ့ မိခင်အဖွဲ့အစည်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကတော့ အဲဒီတပ်ရင်းက စစ်ကောင်စီတပ်သားတွေကို လက်နက်ချဖို့ ညှိနှိုင်းခဲ့ပေမဲ့ လက်နက်မချခဲ့တာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဒီနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

    ၂ ရက်ကြာ မြို့စောင့်တပ် တိုက်ပွဲမှာ စစ်ကောင်စီတပ် ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။ ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  3. ရွှေဈေး ကျပ် ၄၈ သိန်းနီးပါးနဲ့ အမြင့်စျေးမှာဆက်ရှိနေ

    ဧပြီ ၉ ရက် မှာ ပြင်ပရွှေပေါက်ဈေးက အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၄၇ သိန်း ၈‌သောင်း ၅ထောင်အထိ ဈေးရှိပြီး အတက်စျေးမှာပဲရှိနေတယ်လို့‌ ‌ရွှေလုပ်ငန်းရှင်တချို့ကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကစလို့ ‌‌ရွှေဈေး ၄၂ သိန်း ကျော်ကနေ အခုဧပြီမှာတော့ ၄၇ သိန်း‌ကျော်နဲ့ ၄၈ ‌သိန်း‌ကျော်ကို ရောက်လာတာပါ။

    ဒီကနေ့ ပြင်ပရွှေပေါက်ဈေးဟာ ငွေကျပ် ၄၇ သိန်းကျော်နေပေမယ့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA ရဲ့ ဒီနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်ထားတဲ့ ဈေးမှာတော့ တစ်ကျပ်သားကို ငွေကျပ် ၃၉ သိန်း ၉ သောင်းကျော်သာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကတော့ မောင်ကိန်းနဲ့ နယူးတိုင်စင်အပါအဝင် ရွှေဆိုင်နဲ့လုပ်ငန်း ၇ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။

    ပြင်ပ‌ရွှေပေါက်ဈေး ၄၅ သိန်းအထိ ဈေးမြင့်တက်ပြီးနောက်မှာ စစ်ကောင်စီဘက်က အခုလိုရွှေဆိုင်တွေ စစ်ဆေးအရေးယူလာတာဖြစ်ပါတယ်။ အဲဒီရွှေဆိုင်နဲ့ လုပ်ငန်းတွေက ရွှေ ရောင်းဝယ်ခွင့် အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိတာအပါအဝင် လိုက်နာရမယ့်ညွှန်ကြားချက်တွေကိုပျက်ကွက်တာကြောင့်လို့ သိရပါတယ်။

  4. ဖားကန့် က စစ်တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက နန့်ယားရွာအခြေစိုက် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်(KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အတည်ပြုပါတယ်။

    “ဖားကန့်မြို့ရဲ့ နေရာတော်တော်များများကို သိမ်းထားနိုင်ပါပြီ၊ အလုံးစုံအပြီးသတ်ထိန်းချုပ်နိုင်တာတော့ မဟုတ်ပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းမိခဲ့ပြီး အ‌ရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။

    ဒေသအခြေစိုက်မီဒီယာတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ဖမ်းဆီးရရှိပြီး ဖမ်းမိခဲ့တဲ့အထဲ အမျိုးသမီးစစ်သည်တွေလည်းပါဝင်သလို ထွက်ပြေးသွားတဲ့တပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ ဖော်ပြထားပါတယ်။

    တစ်ရက်တည်းမှာပဲ ကချင်ပြည်နယ်၊ ဆော့‌လော်မြို့နယ် တစ်နေရာမှာ KIA/PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဆော့‌လော်မြို့နယ်၊ မျောမောကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကို KIA/PDF ပူးပေါင်းတပ်တွေက ဒီနေ့မနက်မှာပဲ တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဒေသတွင်းမီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က ဆော့‌လော်မြို့မှာ စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကို KIA က ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းတွေပျံ့နှံ့နေပေမယ့် KIA ကတော့ ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး သတင်းမရရှိထားဘူးလို့ တုံ့ပြန်ဖြေဆိုထားပါတယ်။

    စစ်ကောင်စီကလည်း ကချင်ကတိုက်ပွဲတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  5. ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးတိမ်း‌‌ရှောင်, ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးရပ်တန့်သွားပြီ

    ခလရ ၂၇၅ ကို KNU သိမ်းပိုက်လိုက်တဲ့နောက်မှာ ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အားလုံးတိမ်း‌‌ရှောင်သွားပြီဖြစ်လို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီဖြစ်တယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူကပြောပါတယ်။

    မြန်မာဘက်ကလည်းကုန်သွယ်ရေးရပ်လိုက်တာကြောင့် ထိုင်းဘက်ကလည်း ကုန်သွယ်ရေးလုပ်နေတဲ့ ချစ်ကြည်ရေးတံတား အမှတ် ( ၂) ကို ဒီမနက်ပိုင်းမှာ ပိတ်လိုက်ပြီလို့ဆိုပါတယ်။

    မြန်မာဘက်မှာလည်း KNUကနေ စစ်ကောင်စီ စစ်ကူတက်လာနိုင်တဲ့လမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးရဲ့ ကျုံဒိုး- မြပဒိုင်လမ်းကြောကိုပိတ်ထားပါတယ်။

    “ချစ်ကြည်ရေးတံတား ၁ ဘက်ကိုတော့ KNU မရောက်သေးဘူး” လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူက ဆိုပါတယ်။

    ထိုင်းဘက်က မဲဆောက်ကနေတဆင့် နယ်စပ်ကုန်သွယ်ရေးလုပ်နေတဲ့ မြဝတီကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့မတ်လတစ်လအတွင်းမှာ ကုန်သွယ်မှုပမာဏ အ‌မေရိကန်ဒေါ်လာ သန်းနဲ့ချီ ရှိတာဖြစ်ပါတယ်။

  6. မြန်မာစစ်တပ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့်မပြုဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြော

    ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေကို ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့်မပြုဘူးလို့ ဒီနေ့ ဧပြီ ၁၁ ရက်မှာ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    မြန်မာဘက်က အခြေအနေတွေက ပြည်တွင်းရေးပြဿနာသာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပြီး မြဝတီဘက်ကနေ ဝင်ရောက်လာမယ့်သူတွေအတွက်အကူအညီတိုးချဲ့တာတွေမလုပ်ခင် ထိုင်းဘက်ခိုဝင်လာမယ့်စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ကို စောင့်ကြည့်ဦးမယ်လို့ သူကဆိုပါတယ်။

    မနေ့ ဧပြီ ၁၀ ရက်တုန်းကတော့ မြန်မာစစ်ရှောင် တစ်သိန်းအထိ လက်ခံနိုင်အောင် ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးက မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အစိုးရအစည်းအဝေးပွဲမှာ ပြောခဲ့ပါတယ်။

    စစ်ကောင်စီကတော့ မြဝတီဘက်က အခြေအနေတွေနဲ့ ပတ်သက်လို့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  7. ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ထိုင်းဘက်က ပိတ်လိုက်ပြီ

    ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိကသုံးနေတဲ့ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းဘက်က ပိတ်လိုက်ပြီလို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်နေသူတချို့ဆီကနေသိရပါတယ်။ ဒီတံတားဟာ ကုန်ကားတွေသွားတဲ့ တံတားဖြစ်ပြီး KNUနဲ့တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းလိုက်တဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅နဲ့ နီးစပ်တဲ့နေရာဖြစ်ပါတယ်။

    ခလရ ၂၇၅က စစ်ကောင်စီတပ်သားတွေလည်း ဒီတံတားနားကိုပြေးကြတယ်လို့လည်း သိထားရတာပါ။ မြဝတီမြို့‌ပေါ်က မပြောင်းရွှေ့ရသေးတဲ့ ဒေသခံတွေကလည်း မဲဆောက်ဘက်ကို ကူးဖို့ ကျန်နေတဲ့ အမှတ် ၁ တံတားပါ ပိတ်သွားမှာစိုးရိမ်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    “အမှတ်၂ တံတားက အမြန်လမ်းကနေလာရလွယ်တဲ့နေရာမို့ လုံခြုံရေးအရပိတ်ချလိုက်တယ်ထင်တယ်။ မြို့ပေါ်မှာတော့ အခုထိငြိမ်နေတယ်။ ကျွန်တော်တော့ မဲဆောက်ဘက်ပြောင်းဖို့လုပ်နေပြီလို့” အဲ့ဒီမြဝတီ မြို့ ခံ ကပြောပါတယ်။

    မနေ့ကတစ်ရက်တည်းမှာတင် အမှတ် ၁ တံတားကနေ ထိုင်းဘက်ကို ကူးကြတဲ့ မြန်မာ ၄၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

  8. နေပြည်တော်က အေလာလေတပ်စခန်း ထပ်မံတိုက်ခိုက်ခံရ

    နေပြည်တော်၊ အေလာလေတပ်ကိုစခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုကို ပြုလုပ်တဲ့ Mountain Knights Civilian Defense Force (MKCDF) က သတင်းထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်ရဲ့လေတပ်ကိုပြိုဖို့ ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလိုတိုက်ခိုက်ခဲ့တာလို့ အဲဒီအဖွဲ့က ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိနဲ့ အောက်ခြေတပ်သားအချို့ ထိခိုက်သေဆုံးတယ်လို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အဖွဲ့က ပြောပေမဲ့ ဒီအခြေအနေကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အကြောင်း နေပြည်တော်မှာရှိတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

    ‘‘ဒီနေ့မနက် ၅နာရီလောက်က ပေါက်ကွဲမှုဖြစ်ပါတယ်။ ရေလည်ကွေ့နဲ့ ကမ္ဘာရှမ်းရွာကြား လယ်ကွင်းထဲမှာ ပေါက်ကွဲမှုဖြစ်ပြီး သေနတ်သံသုံးချက်လည်း ကြားရပါတယ်’’ လို့ နေပြည်တော် ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

    စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ မီဒီယာတွေမှာတော့ ရေလည်ကွေ့နဲ့ ကမ္ဘာ့ရှမ်းရွာကြားမှာ ပေါက်ကွဲပြီး ရှော့တိုက်ဒုံး အခွံ ၄ လုံးနဲ့ ပြင်ဆင်ထားတဲ့ ရှော့တိုက်ဒုံး ၃ လုံးကို တွေ့ခဲ့ရတယ်လို့ သတင်းဖော်ပြထားပါတယ်။

    နေပြည်တော်ကိုလာတဲ့ ပြည်ပခေါင်းဆောင်တွေနဲ့ အရေးကြီးပုဂ္ဂိုလ်တွေအသုံးပြုတဲ့ နေပြည်တော် လေဆိပ်နဲ့ကပ်လျက်က အေလာလေတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က မောင်းသူမဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

  9. စစ်တပ်စီးပွားနဲ့ ဆက်စပ်တဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ပံ့ပိုးမှုကြောင့် စစ်ကောင်စီအာဏာမြဲနေတယ်လို့ အေအေစစ်ဦးစီးချုပ်ပြော, ရက္ခိုင့်တပ်တော် ၁၅ နှစ်ပြည့် မိန့်ခွန်းမှာ စစ်တွေနဲ့ ကျောက်ဖြူက ဒေသခံတွေ နေရပ်စွန့်ခွာဖို့ အေအေတိုက်တွန်း

    စစ်ကောင်စီတပ်ရဲ့ စစ်လက်နက်အင်အားအပါအဝင် ရေတပ်၊ လေတပ်နဲ့ အကျိုးစီးပွားချင်းဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် စစ်ကောင်စီအာဏာဆက်လက်တည်မြဲနေတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) ၁၅ နှစ်ပြည့်တဲ့ ဧပြီ ၁၀ ရက်နေ့မှာ အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားပါတယ်။

    ဒါအပြင် အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ဖို့လိုတာကြောင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေအပါအဝင် ကျောက်ဖြူမြို့နယ် က ဒေသခံတွေကို အေအေထိန်းချုပ်ထားတဲ့ မြို့တွေမှာ လာရောက်ခိုလှုံနေထိုင်ကြဖို့ ပြောထားပါတယ်။ ကျောက်ဖြူမြို့မှာ ဒေါ်လာသန်းထောင်ချီရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံတဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းရှိနေပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာပဲ စီမံကိန်း‌နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနဲ့ တရုတ်ကြား ပြင်ဆင်ချုပ်ဆိုထားတာဖြစ်ပါတယ်။

    ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ပြောဆိုချက်ထဲမှာ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် အာရကန်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အပါအဝင် ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ (ARA) နဲ့ အစွန်းရောက်ဒေသခံတချို့တို့ကို စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတယ်လို့ လည်းထည့်ပြောထားပါတယ်။

    အေအေအနေနဲ့ ဗမာအပါအဝင် တိုင်းရင်းသားညီနောင်တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို လေးစားထောက်ခံတယ်လို့လည်း ထည့်ပြောထားပါတယ်။ အေအေက လက်ရှိမှာ ရခိုင်ပြည်နယ်ရဲ့ မြို့ ၈ မြို့ဖြစ်တဲ့ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း နဲ့ ရသေ့တောင် အပါအဝင် ချင်း-ရခိုင်နယ်စပ်က ပလက်ဝမြို့တို့ကို အလုံးစုံထိန်းချုပ်ထားတာဖြစ်ပါတယ်။

  10. ခလရ ၂၇၅ ကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းမိတယ်လို့ KNU ပြော

    မြဝတီမြို့စောင့်တပ်လို့အများက ခေါ်တဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း(ခလရ)ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ ပြောပေမဲ့ လက်နက်မချခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဆိုပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်လာပါတယ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဧပြီလ ၈ ရက်မှာ တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၁ ရက်မနက်ပိုင်းမှာ အဲဒီ စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီစခန်းသိမ်းတိုက်ပွဲကနေ လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ မြဝတီက စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းနိုင်ပြီဖြစ်သလို ကျန်ရှိတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း ရှင်းလင်းတာတွေ လုပ်နေပြီဖြစ်တယ်လို့ KNU က ပြောသလို လူထုအနေနဲ့ ထိတ်လန့်ကြောက်ရွံ့တာမရှိဘဲ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

  11. မြဝတီမြို့ပြင်ကို စစ်ကောင်စီတပ် ဗုံးကြဲ

    စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၅ တပ်ဆုတ်ခွာသွားတဲ့ မြဝတီမြို့ပြင်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မိနစ် ၃၀ ခန့်က ဗုံးတစ်လုံးလာရောက်ကြဲချသွားတယ်လို့ သိရပါတယ်။

    ‘‘ဗုံးက အတော်ကြီးတယ်။ မြို့စောင့်တပ်နဲ့ ၃ မိုင်လောက်ဝေးတဲ့ကျွန်တော်တို့ မြို့ ထဲမှာတောင် တုန်ခါမှုကို ခံစားရတယ်’’ လို့ မြဝတီမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ မနက်ခင်းမှာ ရဟတ်ယာဥ်နဲ့ ကင်းထောက်ပျံသန်းပြီးနောက်မှာ အခုလိုဗုံးကြဲခဲ့တာလို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

  12. မြဝတီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါး ထိုင်း-မြန်မာနယ်စပ်ဘက်ထွက်ပြေး

    မြဝတီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ မြို့စောင့်တပ် ခြေလျင်တပ်ရင်း (ခလရ-၂၇၅) က တပ်ဖွဲ့ဝင် ၃၀၀ နီးပါး မနေ့ ဧပြီ ၁၀ ရက်ညပိုင်းမှာ စခန်းကနေ စွန့်ခွာပြီး မြဝတီ-ထိုင်းနယ်စပ် အမှတ် (၂) ချစ်ကြည်‌ရေးတံတားဘက်ဆီ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ဘီဘီစီကို ဒီနေ့ မနက်ပိုင်းမှာ အတည်ပြုပါတယ်။

    ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ဒဏ်ရာရရှိထားသူတွေလည်း ပါဝင်နေတယ်လို့ ဒေသအခြေစိုက်မီဒီယာတချို့မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်ဖွဲ့တွေကြား ဧပြီ ၉ ရက်နဲ့ ၁၀ ရက် ၂ ရက်ကြာ တိုက်ပွဲပြင်းထန်ပြီးတဲ့နောက်မှာမှ စစ်တပ်ဘက်က စခန်းစွန့်ခွာသွားတာဖြစ်ပါတယ်။

    အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိုင်းဘက်ခြမ်းထဲ ဝင်ရောက်သွားနိုင်လားဆိုတာကိုတော့ ဘီဘီစီအနေနဲ့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ထိုင်းစစ်တပ်ဘက်ကလည်း မြဝတီမြို့တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတွေကြပ်မတ်တင်းကျပ်နေပြီး ကင်းလှည့်စစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားတာတွေ့ရပါတယ်။

  13. ခလရ ၂၇၅ အနီး စစ်တပ်ရဟတ်ယာဥ် ပျံသန်းနေ

    စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ ခလရ ၂၇၅ အနီးမှာ မြန်မာစစ်တပ် ရဟတ်ယာဥ် ပျံသန်းကင်းလှည့်နေတယ်လို့ ‌မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြီးခဲ့တဲ့နာရီပိုင်းကပဲ ဘီဘီစီကို ပြောပါတယ်။

    မြို့စောင့်တပ်လို့အများက ခေါ်တဲ့ မြဝတီမြို့ပြင်နားက စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၅ မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နဲ့ စစ်တပ်တို့ကြား ၂ ရက်ကြာတိုက်ပွဲဖြစ်အပြီးမှာ စစ်ကောင်စီတပ်သားတွေက ဒီနေ့မနက်အစောပိုင်းမှာ စခန်းကို စွန့်ခွာသွားတာဖြစ်ပါတယ်။

    အဲဒီနောက် မြန်မာစစ်တပ်ရဲ့စစ်ရဟတ်ယာဥ် ကင်းလှည့်ပျံသန်းမှု ဖြစ်လာတာပါ။

    ဧပြီလ ၉ ရက်နဲ့ ၁၀ ရက်နေ့ ညနေပိုင်းအထိဖြစ်ခဲ့တဲ့တိုက်ပွဲကတော့ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ် ၂ စီးသုံးတဲ့အထိ စစ်ကောင်စီတပ်သားတွေဘက်ကို ဝေဟင်ကနေ စစ်ကူခဲ့ပါတယ်။

    မြဝတီမြို့တစ်ဖက်ခြမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ သတင်းတင်ဆက်နေတဲ့ ထိုင်းသတင်းဌာန PBS ကတော့ ဒီနေ့မနက်ပိုင်းမှာ အဲဒီစခန်းအနီးနားကနေ မီးခိုးလုံးတွေ ကောင်းကင်ကို တက်နေတာမြင်တွေ့ရတယ်လို့ သတင်းဖော်ပြပါတယ်။

  14. ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်

    မြဝတီမြို့မှာ စစ်တပ်က မြို့စောင့်တပ် ခလရ ၂၇၅ ကို စွန့်ခွာသွားခဲ့ပြီးတဲ့နောက် ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။

    မြဝတီမြို့ဘေး သောင်ရင်းမြစ်တစ်လျှောက်က မဲဆောက်မြို့ဘက်ခြမ်းနဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းတွေမှာ ထိုင်းစစ်သားတွေ လုံခြုံရေးအသင့်ရှိနေကြတယ်လို့လည်း ထိုင်းPBS သတင်းဌာနက ရေးသားဖော်ပြပါတယ်။

    မြဝတီ- မဲဆောက်ကို ဆက်ထားတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုတော့ ဒီနေ့မှာ ပုံမှန်အတိုင်းဖွင့် ထားတယ်လို့ သိရပါတယ်။

  15. မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA/PDF ပူးပေါင်းအဖွဲ့သိမ်းပိုက်

    ကရင်ပြည်နယ် မြဝတီမြို့ရဲ့ မြို့စောင့်တပ်လို့ခေါ်ကြတဲ့ ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ PDF (ပြည်သူ့ကာကွယ်ရေး) ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ KNU က ဘီဘီစီကို အတည်ပြုပါတယ်။

    ဧပြီ ၉ ရက်နဲ့ ၁၀ ရက် ၂ ရက်ဆက် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီးနောက် ဧပြီ ၁၁ ရက်မှာ ခလရ ၂၇၅ တပ်ရင်းထဲကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆုတ်ခွာသွားတာဖြစ်ပြီး မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ စစ်တပ်ရဟတ်ယာဥ်တွေ ဝဲပျံနေတုန်းပဲလို့ပြောပါတယ်။

    ဒီကနေ့မနက်ပိုင်းမှာ မြဝတီမြို့တွင်းမှာ ပုံမှန်အတိုင်းရှိနေပြီး မြို့ခံတချို့လည်း ထိုင်း- မြန်မာချစ်ကြည်ရေးတံတား အမှတ် ၁ ကနေ ထိုင်းဘက်ခြမ်းကိုဝင်ရောက်နေပါတယ်။

    ထိုင်းအာဏာပိုင်တွေကလည်း ပုံမှန်အတိုင်းစစ်ဆေးပြီး မဲဆောက်ဘက်ခြမ်းဝင်ခွင့်ကို ဖွင့်လှစ်ထားပါတယ်။ ထိုင်းစစ်တပ်ကလည်း မြဝတီမြို့တဖက်ကမ်း ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကျပ်ထားပြီး ကင်းလှည့်စောင့်ကြည့်နေပါတယ်။