ဇူလိုင် ၃၁ ရက်ထိပ်တန်းသတင်းများ - ကာလုံခေါ်ပြီး စစ်ကောင်စီ သက်တမ်း ၆ လ ထပ်တိုး

ရေးသားခဲ့သည်။

စစ်ကောင်စီက ဒီကနေ့ ဇူလိုင် ၃၁ ရက်မနက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလကို နောက်ထပ် ၆ လသက်တမ်း ထပ်တိုးခဲ့တယ်လို့ စစ်ကောင်စီဘက်ကလာတဲ့ သတင်းတွေအရသိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကတိုးခဲ့တဲ့အရေးပေါ်ကာလ ၆ လသက်တမ်းဟာ ဒီကနေ့ပြည့်ပြီဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၂၅ နဲ့ အာဏာသက်တမ်းထပ်တိုးတာလို့ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးကို ယာယီသမ္မတဦးမြင့်ဆွေ ဦးဆောင်ခဲ့ပြီး လူမြင်ကွင်းကနေ ကာလအတန်ကြာပျောက်နေခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ကာလုံအစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အရေးပေါ်ကာလ သက်တမ်းတိုးပေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကို ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။

ပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလကို တစ်ကြိမ်ကို ခြောက်လနဲ့ နှစ်ကြိမ်သာတိုးခွင့်ရှိလို့ လာမယ့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်မတိုင်မီမှာ နိုင်ငံရေးအပြောင်းအလဲတချို့ လုပ်ရမယ့်အခြေအနေလို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြထားတာပါ။

စစ်ကောင်စီက အခြေခံဥပဒေကိုသုံးပြီး အာဏာသက်တမ်းဆက်တိုးနေပေမဲ့ တဖက်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်တယ်လို့ ထုတ်ပြန်ပြောဆိုထားတာပဲဖြစ်ပါတယ်။

ဆိပ်ခွန်ရွာမှာ စစ်ကောင်စီတပ်စွဲပြီး ပစ်ခတ်နေလို့ ဒေသခံထောင်ချီထွက်ပြေး‌နေရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက နာမည်ကျော် ဆိပ်ခွန်ပုဆိုးထွက်တဲ့ ဆိပ်ခွန်ရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ အနီးတဝိုက်က အနည်းဆုံး ကျေးရွာ ၅ ရွာ ထက်မနည်းက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ က တာဝန်ရှိသူ တစ်ဦးကဘီဘီစီကိုပြောပါတယ်။

ထွက်ပြေးကြတဲ့ ဒေသခံတွေထဲ ဆိပ်ခွန် ဒေသခံတွေအပါအဝင် ချီပါ၊ တင့်တယ်၊ ဘိုတည်းကုန်း၊ ကျောက်မြင့်၊ ဒင်တဲရွာက ဒေသခံ ၃၀၀၀ ထက်မနည်းရှိတယ်လို့ ဆိုပါတယ်။

'' လူက ထောင်ချီနေတော့ ထမင်း‌ကျွေးတာတွေဘာတွေလုပ်ရတာ တော်တော်တော့ စီစဥ်ရတယ်။ သူတို့လည်းနေမရလို့ ပြေးလာကြတာပေါ့။ စစ်တပ်က ပစ်ခတ်နေတာတောက်လျှောက်ပါပဲ'' လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်က ဆိပ်ခွန်ရွာနား တစ်ဝိုက်စစ်ကြောင်းထိုးနေတာ ဇူလိုင် ၂၉ ရက်နေ့ကတည်းကဖြစ်ပြီး ရွှေဘိုနယ်အနောက်ဘက်ခြမ်းက ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးနေတာရှိတယ်လို့ နယ်မြေအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးရပ်လုနီးပါးဖြစ်နေ

မိုခါမုန်တိုင်း တိုက်ခတ်ခံရပြီး‌တဲ့နောက် ရခိုင်နယ်စပ်ကုန်စည်ပို့ဆောင်ရေးကို ပုံမှန်မလုပ်ဆောင်နိုင်သေးချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကပါ ရေချိုငါးအဝယ်ရပ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးတခုလုံး ရပ်လုနီးပါးဖြစ်နေတာလို့ ကုန်သည်တွေဆီက သိရပါတယ်။

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကောင်စစ်ဝန်နဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား ရေချိုငါးတင်ပို့မှုစနစ်တွေကို တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ငါးအမှာတွေကို သိသိသာသာ လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း သူတို့ငွေကြေးကြောင့် စျေးနှုန်းက မငြိမ်ဘူး။ ကုန်ကြောင့် မဟုတ်ဘဲ ငွေကြောင့်ဖြစ်နေတာပါ။ စက်တင်ဘာလဆန်းကျမှ အဖြေတခုဖြစ်မယ်ထင်တယ်" လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကြီးငွေက ပြောပါတယ်။

ဒါကြောင့် ပြည်တွင်းငါးမွေးမြူရေးလုပ်ငန်းတွေမှာ ငါးတွေကို တင်ပို့ခွင့်ရမယ့်အချိန်ထိ စောင့်ဆိုင်းပြီး မွေးမြူထားကြရသလို အစာဈေးနှုန်းတွေလည်းမြင့်တက်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားမှုတွေနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄ သန်းဝန်းကျင်ရရှိနေတဲ့ ရခိုင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရဲ့ ရာခိုင်နှုန်း ၆၀ ကနေ ၇၀ လောက်ထိဟာ ရေချိုငါးတင်ပို့မှုက ရရှိခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေဆီကသိရပါတယ်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးကနေ ရေချိုငါးအပြင် ဧရာဝတီ၊ ရန်ကုန်နဲ့ မြန်မာပြည်အထက်ပိုင်းကထွက်တဲ့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်တွေကိုလည်း တင်ပို့လေ့ရှိပြီး လက်ရှိမှာ ဂျင်း၊ ကြက်သွန်နဲ့ စိုက်ပျိုးရေးထွက်ကုန်တွေလောက်ပဲ ပို့နေရတာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ နစ်နာမှုတွေရှိနေတယ်လို့ သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီလလောက်ကစလို့ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကုန်စည်မှာယူမှုတွေ လျှော့ချမှုရှိခဲ့သလို ငွေပေးချေမှုအပိုင်းတွေမှာလည်း အခက်အခဲတွေနဲ့ကြုံနေခဲ့တာပါ။ အခုကာလမှာတော့ မုန်တိုင်းနောက်ဆက်တွဲအခြေအနေရော အမှာနည်းပါးတာကြောင့်ပါ ကုန်သွယ်မှုလုပ်ငန်းတစ်ခုလုံး ၉၀ရာခိုင်နှုန်းကျော် ရပ်ဆိုင်းနေတဲ့ အခြေအနေလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်၊ ရဲနဲ့အရပ်သားတွေ ထိခိုက်သေဆုံး

Updated - ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်ဆေးရေးတင်းကျပ်တဲ့ သံလွင်တံတား၊ ဘားအံဂိတ် ပေါက်ကွဲမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးအထိရှိတယ်လို့ ဘီဘီစီက ထပ်မံ စုံစမ်းသိရှိရပါတယ်။ ပေါက်ကွဲမှုအပြီး ပိတ်ထားတဲ့ အဲဒီတံတားကို နေ့လယ် ၁၂ နာရီကစလို့ တလမ်းမောင်းစနစ်နဲ့ ပြန်လည် သွားလာခွင့်ပြုပြီလို့လည်း သိရပါတယ်။

သံလွင်တံတား(ဘားအံ)ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဒီနေ့ မနက်အစောပိုင်းတုန်းက ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အရပ်သား အမျိုးသား ၁ ဦးသေဆုံးသလို ဒဏ်ရာရသူတွေရှိတယ်လို့ ဘီဘီစီက ကနဦးအတည်ပြုထားနိုင်ပါတယ်။

"ကျွန်တော်တို့ရောက်တဲ့အချိန် အတော်ကိုပြန့်ကျဲနေပြီ။ အဆောက်အအုံတွေကလည်း ‌ပျက်စီးကုန်တာ။ သေဆုံးတာကတော့ ၁ ဦးပါ" လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေပြောဆိုချက်အရတော့ အခုဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သား ၁ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်ပြီးတဲ့နောက် အခုမနက် ၁၀ နာရီခွဲအချိန်အထိ သံလွင်တံတားကို ဖြတ်သန်းခွင့်မပေးဘဲ သွားလာခွင့်ပိတ်ထားဆဲလို့ သိရပါတယ်။

သံလွင်တံတားဟာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြစ်ကူးတံတားဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်ကို ဖြတ်သန်းသွားလာဖို့သာမက ရန်ကုန်အထိ ကုန်စည်ဖြတ်သန်းသွားလာရေးအတွက်ပါ အရေးပါတဲ့ တံတားဖြစ်ပါတယ်။

အခုဖြစ်စဉ်မှာတော့ တံတားထိခိုက်တာမရှိဘူးလို့ မျက်မြင်တွေက ပြောကြပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဒီဖြစ်စဉ်ဟာ သံလွင်တံတား (တရုတ်လှဘက်ခြမ်း) ကနေ မောင်းနှင်လာတဲ့ Honda Fit ကားဟာ ယာဉ်ကြောပြောင်းပြန်မောင်းလာပြီး မျက်နှာချင်းဆိုင်မောင်းလာတဲ့ ကားကိုတိုက်မိကာ ပေါက်ကွဲမှုဖြစ်တာလို့ ပြောပါတယ်။ ဒီဖြစ်စဉ်မှာ အရပ်သား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်တာကိုတော့ ဖော်ပြလာတာမတွေ့ရပါဘူး။

အိန္ဒိယရောက် မြန်မာစစ်ရှောင်တွေကို ဇီဝမှတ်တမ်းကောက်ယူဖို့ အိန္ဒိယကြိုးစား

ပုဂ္ဂလိကလွတ်လပ်ခွင့်ချိုးဖောက်တာလို့ဆိုကာ အရပ်ဖက်အဖွဲ့တွေကန့်ကွက်

အိန္ဒိယ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တရားမဝင် မြန်မာတွေရဲ့ ဇီဝမှတ်တမ်းအချက်အလက်တွေကို ဇူလိုင် ၂၉ ရက်နေ့ကစလို့ မဏိပူရ်ပြည်နယ်မှာ စတင်ကောက်ခံနေပြီး အခုနှစ် စက်တင်ဘာမှာ အပြီးကောက်ယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ အိန္ဒိယဘက်ကလာတဲ့သတင်းတွေကဖော်ပြပါတယ်။ မဏိပူရ်ပြည်နယ်ပြီးရင်တော့ မြန်မာစစ်ရှောင် ၃၅၀၀၀ ခိုလှုံနေတဲ့ မီဇိုရမ်ပြည်နယ်မှာပါ စာရင်းဆက်ကောက်ဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပြီဖြစ်ပါတယ်။

မြန်မာအရပ်ဖက်အဖွဲ့တွေကတော့ လူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် အပြုအမူပိုင်းဆိုင်ရာ လက္ခဏာတွေကို နည်းပညာအသုံးပြုသိမ်းဆည်းတဲ့ ဒီဇီဝမှတ်တမ်းအချက်အလက်ကောက်ယူတာဟာ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချိုးဖောက်တာလို့ ဝေဖန်ထားကြပါတယ်။

ဒါဟာ မဏိပူရ်ပြည်နယ်မှာ ဖြစ်နေတဲ့ မိုင်သည်း (ကသည်း) နဲ့ ကူကီး မျိုးနွယ်စုနှစ်ခုကြား ပဋိပက္ခတွေကြောင့် အိန္ဒိယကိုရောက်ရှိနေတဲ့ မြန်မာစစ်ရှောင်တွေကို ဇီဝမှတ်တမ်းကောက်ယူမှတ်တမ်းတင်ဖို့ ကြိုးစားလာတာလို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ကူကီးလူမျိုးတွေဟာ "မြန်မာနယ်စပ်ကနေ မဏိပူရ်ထဲကို ပြောင်းရွှေ့လာကြပြီး သစ်တောနယ်မြေတွေကိုသိမ်းပိုက်နေတယ်"လို့ မိုင်သည်း-ကသည်း လူမျိုးတွေဘက်က စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ အခုဇူလိုင်လအတွင်းမှာတင် မြန်မာအယောက် ၇၀၀ တရားမဝင် မဏိပူရ်ပြည်နယ်ထဲကို ‌ဝင်ရောက်လာတယ်လို့လည်း ပြည်နယ်အစိုးရဘက်က ထုတ်ပြောထားပါတယ်။

ဇီဝမှတ်တမ်းအချက်အလက်တွေမှာ လက်ဗွေ၊ မျက်နှာပုံ၊ မျက်ဝန်းစကင်န်၊ DNA ပရိုဖိုင်၊ အသံနဲ့ အခြားအရာတွေပါဝင်တာကြောင့် ဒီအချက်အလက်တွေကိုအသုံးပြုပြီး ဖိနှိပ်မှု၊ နိုင်ငံရေးအသုံးချမှုတွေ မဖြစ်လာအောင် ထိန်းကြောင်းနိုင်တဲ့ ဒီဂျစ်တယ်ရပိုင်ခွင့်ကို လေးစားလိုက်နာတဲ့ ဥပဒေတွေမရှိနေဘူးလို့ အိန္ဒိယ - မြန်မာအရေးစောင့်ကြည့်တဲ့ India For Myanmar က ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်မြန်မာတွေကို ကြိုတင်သဘောအသိပေးတဲ့သဘောတူညီမှုနဲ့ ဒုက္ခသည်တွေက မိမိဆန္ဒ အလျောက်အချက်အလက်ပေးတဲ့ လုပ်ငန်းစဉ်တွေ ရှိရမှာ ဖြစ်ပေမဲ့ အခုအိန္ဒိယရဲ့ ‌ကောက်ယူနေမှုကတော့ အကာအကွယ်မဲ့နေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို အမြတ်ထုတ် အနိုင်ကျင့်နေတာလို့ India For Myanmar က ကန့်ကွက်ရှုတ်ချထားပါတယ်။

ဒါကြောင့် ဇီဝမှတ်တမ်းကောက်ယူတာကို ချက်ချင်းရပ်တန့်ဖို့နဲ့ ကုလသမဂ္ဂရဲ့ လုပ်ထုံးတွေအတိုင်း ယာယီနေထိုင်ခွင့်ကဒ်ထုတ်ပေးဖို့ တောင်းဆိုထားကြပါတယ်။

တဖက်အိန္ဒိယကတော့ ဒီတောင်းဆိုချက်အပေါ် တစုံတရာမှတ်ချက်ပြုပြောလာတာမျိုးမရှိသေးပါဘူး။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကတော့ မီဇိုရမ်ထဲကဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ အစီအစဉ်မရှိဘဲ ဗဟိုအစိုးရရဲ့ စက်တင်ဘာလကုန်အပြီးကောက်ယူဖို့ ဆိုတဲ့ အချိန်ကန့်သတ်ချက်ကလည်း ပြီးမြောက်ဖို့ ခက်ခဲတယ်လို့ မနေ့က ပြောထားပါတယ်။