မေလ ၁၀ ရက် ထိပ်တန်းသတင်းများ- အမျိုးသားတစ်ဦးကို မီးမြှိုက်ပြီးစစ်ဆေးမှု ဟုတ်မှန်ကြောင်း SSPP အတည်ပြု

ရေးသားခဲ့သည်။

အမျိုးသားတစ်ဦးကို ကြိုးတုပ် မီးမြှိုက်ပြီး အမှုစစ်ဆေးမှုလုပ်ခဲ့တဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်က ဒီနေ့မှာ ဝန်ခံပြောဆိုလာပါတယ်။

SSPP/SSA ဝတ်စုံ ဝတ်ဆင်ထားတဲ့အမျိုးသား ၃ ဦးက အရပ်ဝတ်အမျိုးသားတစ်ဦးကို မီးမြှိုက်စစ်ဆေးနေတဲ့ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီးတဲ့နောက် SSPP/SSA ဘက်က အခုလို ဝန်ခံ ပြောကြားလိုက်တာပါ။

“အဖွဲ့သားတွေကို လူတွေ ထင်တာကတော့ မတရားညှဥ်းပန်းနှိပ်စက်တယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စိုးရိမ်စိတ်ရှိကြတယ်။ အမှုစစ်ဆေးရာကနေ ဖြစ်တာပါ။ ဘယ်လိုကြောင့် စဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ သက်ဆိုင်တာကိုတော့ ကျွန်တော်တို့က တာဝန်ယူ ဖြေရှင်းရမှာပါပဲ’’ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန်က ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလလယ်ပိုင်းတုန်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်က ကျောက်ဂူရွာအနီးမှာ SSPP တပ်ဖွဲ့ဝင်တွေ ခြုံခို တိုက်ခိုက်ခံရတာ၊ နောက် မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးထားတဲ့ လူတချို့ကို နောက်ထပ် ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က လာရောက်ကယ်ထုတ်ချိန် တိုက်ပွဲဖြစ်ပြီး SSPP တပ်ဖွဲ့ဝင်တစ်ဦးကို မီးရှို့သတ်ဖြတ်သွားတဲ့ဖြစ်စဥ် ရှိထားတယ်လို့ သူက ပြောပါတယ်။

အဲဒီဖြစ်စဥ်ကြောင့် SSPP တပ်ဖွဲ့ဝင်တွေဟာ စိတ်ခံစားမှုနဲ့ အခုလို စစ်ဆေးမေးမြန်းတာဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။

“ နံပါတ် ၁ က ပစ္စည်းတွေရော၊ ယာဥ်တန်းတွေရော မိုင်းဆွဲတဲ့ဖြစ်စဥ်၊ ခြုံခိုတိုက်ခိုက်တာရှိခဲ့တယ်။ မကြာခဏပါပဲ။ အရပ်ဝတ်နဲ့ချောင်းမြောင်းပစ်ခတ်တာတွေရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့လူတွေကို တွေ့ရင် ဖမ်းဆီးချုပ်နှောင်မှုတွေရှိတယ်။ ရှိတာပေါ့ဗျာ။ မေလ ၈ ရက်နေ့ညတုန်းက မိုင်းကိုင်ဘက်မှာ ဗုံး ၂ လုံးလာထောင်သွားတာ။ ကျွန်တော်တို့ဘက်က လူ ၈ ယောက်ဒဏ်ရာရတယ်။ လဲချားဘက်မှာ နေ့တိုင်းလိုလို မိုင်းဆွဲတယ်။ အဝေးကနေ စနိုက်ပါနဲ့ ဖြစ်တယ်တာတွေ ရှိနေတယ်'' လို့ သူက ဆက်ပြောပါတယ်။

အခု စစ်ဆေးခံရသူဟာ RCSS တပ်ဖွဲ့ဝင်တစ်ယောက် လား၊ သာမန်အရပ်သား လား ဆိုတာနဲ့ပတ်သက်လို့တော့ စစ်ဆေးနေပြီး လက်ရှိမှာ အဲဒီအမျိုးသားကို ဆေးကုသမှု ပေးကာ စောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ RCSS ဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ရွှေဘိုက စစ်တပ်နဲ့ပျူစောထီးတွေစခန်း တိုက်ခိုက်ခံရပြီး ဆယ်ချီသေဆုံးတယ်လို့ဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံတွေအခေါ် စစ်တပ်ထောက်ခံတဲ့ပျူစောထီးတွေရဲ့ စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။

မနေ့ မေလ ၉ ရက် မနက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး အယောက် ၂၀ ထက်မနည်းသေဆုံးတယ်လို့ တိုက်ခိုက်မှုလုပ်ခဲ့တဲ့ ရွှေဘိုနဲ့ဒီပဲယင်းနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီနီးပါးကြာမြင့်ချိန်မှာ အနီးနားကျေးရွာတွေဖြစ်တဲ့ သလုံး၊ တည်သီးတောနဲ့ နှမစားရစ်ကျေးရွာတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက တပ်ကူလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ပူးပေါင်းအဖွဲ့တွေကပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ပူးပေါင်းအဖွဲ့တွေဘက်က ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှုကို ရိုက်ကူးထားတဲ့ရုပ်သံမှာတော့ ပစ်ခတ်သံတွေကြားနေရတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်စခန်းချတယ်လို့ယူဆရတဲ့ခြံဝင်းထဲမှာ အရပ်ဝတ် အမျိုးသား ၅ ဦးထက်မနည်း ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာတွေ့ရပါတယ်။

ဇီးဖြူကုန်းရွာက တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သတ်ပြီး စစ်ကောင်စီဘက်က တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

သရုပ်ဆောင် ပိုင်တံခွန် ဘန်ကောက်မြို့ရောက်နေ

ထိုင်းဆယ်ကျော်သက် အမျိုးသမီးတွေကြား ရေပန်းစားတဲ့ မြန်မာ သရုပ်ဆောင် ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေပါတယ်။

ထိုင်းမှာ အလုပ်အသစ်တွေလက်ခံဖို့ထက် အလုပ်အဟောင်းတွေကို အပြီးသတ်လုပ်ဖို့ ရောက်နေတာဖြစ်တယ်လို့ ပိုင်တံခွန်က ထိုင်းမီဒီယာတွေနဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ထိုင်းဟာ မြန်မာပြီးရင် သူ့ရဲ့ဒုတိယနေအိမ်လို ဖြစ်နေတာကြောင့် အခုလို လာရောက်နိုင်တာကို ဝမ်းသာတဲ့အကြောင်းလည်း သူကပြောပါတယ်။

ရုပ်ရှင်ရိုက်ဖို့ လာမယ့် မေလ ၁၈ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

ပိုင်တံခွန်ဟာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်တယ်လို့ဆိုပြီး အာဏာသိမ်းအစောပိုင်းကာလ လပိုင်းအကြာမှာပဲ ဖမ်းဆီးခံရပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ်၊ မတ်လမှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်းမှာ စစ်တပ် ရေကစားမဏ္ဍာပ်မှာ သွားရောက်ကစားနေခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် ဝေဖန်မှုတွေ ခံခဲ့ရသလို

သူ့ကို ဆမ်ဆောင်းကုမ္ပဏီရဲ့ မြန်မာပြည်ဆိုင်ရာ ပင်တိုင်မော်ဒယ်အနေနဲ့ခန့်ထားတာကို ပြန်ရုပ်သိမ်းဖို့ အွန်လိုင်းကနေ လက်မှတ်ထိုးစုပေါင်းတောင်းဆိုတာတွေကြုံခဲ့ရပါတယ်။

လက်နက်အပ်ရင် ဆုကြေးငွေ သိန်းဆယ်ချီပေးမယ်လို့ စစ်ကောင်စီပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်တွေအပါအဝင် လက်နက်ကိုင်ဆောင်ထားသူတွေအနေနဲ့ လက်နက်အပ်ရင် ဆုကြေးငွေ သိန်းဆယ်ချီပေးမယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောလာပါတယ်။

လက်နက်နဲ့ခဲယမ်းနဲ့အတူ ဘက်ပြောင်းခိုလှုံလာမယ်ဆိုရင် သေနတ်အမျိုးအစားအလိုက် ဆုကြေး ၂ သိန်းကနေ ၇၅ သိန်းအထိ ချီးမြှင့်မယ်လို့လည်း ဆိုပါတယ်။

နိုင်ံငံတည်ဆောက်ရေးအတွက် အတူပေါင်းပေါင်းဆောင်ရွက်ရမယ့်ကာလဖြစ်လို့ အခုလို ဖိတ်ခေါ် တာလို့လည်း ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေအနေနဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ သူတပါးကို ထိခိုက်နစ်နာစေမှု စတဲ့အပြစ်တခုခု ကျူးလွန်ထားမယ်ဆိုရင်တော့ ဥပဒေအရ တရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပေမဲ့ ပြစ်မှုအတိုင်းအတာအလိုက် ဥပဒေကြောင်းအရ လိုအပ်တဲ့ဖြေ‌လျှော့မှု ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။

လက်နက်နဲ့ဘက်ပြောင်းခိုလှုံဖို့ စစ်ကောင်စီတပ်ဘက်က အခုလိုကြေညာတာဟာ အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီမတိုင်ခင်ကတော့ အာဏာသိမ်းပြီးနောက်ပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီလက်အောက်တပ်မတော်သားတွေကို ဘက်ပြောင်းခိုလှုံတာ၊ သတင်းပေးတာတွေလုပ်မယ်ဆိုရင် ဆုကြေးချီးမြှင့်မယ့်အကြောင်း အစောပိုင်းကတည်းက လှုံ့ဆော် တိုက်တွန်းထားဖူးပါတယ်။

သံတမန်ယာဥ်တန်း တိုက်ခိုက်ခံရမှုကို အာဆီယံခေါင်းဆောင်တွေရှုတ်ချ

အာဆီယံသံတမန်တွေလိုက်ပါလာတဲ့ ယာဥ်တန်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ပစ်ခတ်ခံခဲ့ရတာကို ရှုတ်ချပြီး လက်ရှိမြန်မာ့အရေးကို အလေးအနက်စိုးရိမ်တဲ့အကြောင်း အာဆီယံ ခေါင်းဆောင်တွေက ပြောလာပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ကျင်းပနေတဲ့ ၄၂ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက ကြေညာချက်ထုတ်ပြောဆိုလိုက်တာဖြစ်ပါတယ်။

‘’ မြန်မာမှာ အကြမ်းဖက်မှုတွေဆက်ဖြစ်နေတာကို ကျွန်ုပ်တို့ အလွန်စိုးရိမ်ပါတယ်။ အင်အားသုံးတာနဲ့ အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်းရပ်တန့်ဖို့ကိုလည်း တိုက်တွန်းပါတယ်’’ လို့ အာဆီယံက ဒီနေ့ မေလ ၁၀ ရက်မှာ ကြေညာချက်ထုတ်ပါတယ်။

‘’လူသားချင်းစာနာမှုအကူအညီကို အချိန်နဲ့တပြေးညီ ဘေးကင်းစွာပေးနိုင်မယ့်အခြေအနေရှိဖို့ တိုက်တွန်း လိုက်သလို အားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ’’ ရှိလာရေးကိုလည်း တိုက်တွန်းလိုက်ပါ တယ်။

သံတမန်ယာဥ်တန်းတိုက်ခိုက်ခံရမှုကို ရှုတ်ချပြီး ကျူးလွန်သူလက်သည်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာဖို့ကိုလည်း အာဆီယံခေါင်းဆောင်တွေက ကြေညာချက်ထဲ အလေးထားပြောထားပါတယ်။

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ အင်ဒိုနီးရှားက မြန်မာ့အရေးပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးနဲ့ ထိတွေ့ပြောဆိုနေတာနဲ့ အားထုတ်မှုတွေကို ထောက်ခံသလို အာဆီယံ ခေါင်းဆောင်တွေကြားရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကိုလည်း အားပေးတဲ့အကြောင်း ခေါင်းဆောင်တွေက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကို ဘယ်လိုရင်ဆိုင်ကြမလဲ

ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်အတွင်းမှာ ဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မေလ ၁၀ ရက် မနက်ပိုင်းမှာ မုန်တိုင်းငယ် အဖြစ်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလာနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ပြောလာပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲတဲ့အခါ အဲဒီမုန်တိုင်းဟာ မေလ ၁၁ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ အဲဒီကမှတဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ့ကမ်းရိုးတန်းဘက်ဆီကို ရွေ့လျားနိုင်တယ်လို့ဆိုပါတယ်။

မိုးလေဝသခန့်မှန်းချက်တွေကို လူမှုကွန်ရက်ကနေ ထုတ်ပြန်ပြောဆိုနေတဲ့ မိုးဇလပညာရှင် စုစုစံ ကတော့ လာမယ့် မေလ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း အဖျက်စွမ်းအားပြင်း (Category 3) မုန်တိုင်းကြီးတစ်လုံးပေါ်လာနိုင်တယ်လို့ သုံးသပ်ခန့်မှန်းပါတယ်။

ဒီတော့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်တွေကို ရုပ်သံ မှာ ကြည့်ရှုနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲကမုန်တိုင်းငယ် အင်အားအလွန့်အလွန်ပြင်းတဲ့မုန်တိုင်းဖြစ်လာနိုင်

ဘင်္ဂလား ပင်လယ်အော်ထဲမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ လာမယ့် ၃ ရက်အတွင်း အင်အားအလွန့် အလွန်ပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်ဖြစ်လာနိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ‌ပြောလာပါတယ်။

အိန္ဒိယမိုးဇလဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် အဲဒီမုန်တိုင်းဟာ မေလ ၁၃ မနက်ပိုင်းမှာ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားခရိုင်ကြားကို လေတိုက်နှုန်း တစ်နာရီကို ၁၁၀ ကီလိမီတာနဲ့ ၁၂၀ ကီလိုမီတာနှုန်းနဲ့ ဝင်ရောက်ဖို့ ရှိတယ်လို့လည်း ခန့်မှန်းပါတယ်။

လူမှုကွန်ရက်ကနေ မိုးလေဝသသတင်းတွေကို ခန့်မှန်းထုတ်ပြန်နေတဲ့ စုစုစံကတော့ မုန်တိုင်းကြောင့် ‘’ ကော့ဘဇား ဒုက္ခသည် စခန်း အပျက်အစီးများမယ်။ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်တွေ အထိအခိုက်များနိုင်တယ်။ မေယုမြစ်မိုးကြီးရေလျှံနိုင်ပါတယ်။ မေလ ၁၃ ရက်နဲ့ ၁၄ရက်မှာ ဝင်ရောက်တိုက်ခတ်မှာဖြစ်ပါတယ်။ မုန်တိုင်းလွတ်ရာ ကြိုတင်ရှောင်နိုင်ကြစေဖို့ပါ’’ လို့ ဘီဘီစီကို ပြောပါတယ်။

မုန်တိုင်းကုန်းတွင်းပိုင်း မဝင်ရောက်ခင်နဲ့ ဝင်နေတဲ့ အချိန်အတွင်း ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အချို့၊ ရန်ကုန်၊ ဧရာဝတီစတဲ့ တိုင်းတွေထဲက မြို့နယ်တွေမှာတော့ မိုးသည်းထန်စွာရွာသွန်းတာတွေ ရှိနိုင်သလို၊ ‌ရုတ်တရက်လေပြင်းတိုက်ခိုက်တာတွေလည်း ရှိနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

သံတမန်ယာဥ်တန်း တိုက်ခိုက်ခံရမှုအပါအဝင် မြန်မာ့အရေးကို အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးနိုင်ခြေရှိနေ

အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေရဲ့ ၄၂ ကြိမ်မြောက်ထိပ်သီးနွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ မှာ ကျင်းပနေပြီဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာ အာဆီယံသံတမန်ယာဥ်တန်း ပစ်ခတ်ခံရတာအပါအဝင် မြန်မာ့အရေးကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေးဖို့ရှိတယ်လို့ အင်ဒိုနီးရှားကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

၄၂ ကြိမ်မြောက်၊ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း၊ လာဘွမ်ဘဂျိုပင်လယ်မြို့မှာ မေလ ၉ ရက် မနေ့ကတည်းက စတင်ကျင်းပနေတာဖြစ်ပြီး အခုနိုင်ငံ့ခေါင်းဆောင်တွေရဲ့အစည်းအဝေးပွဲကိုတော့ ဒီနေ့နဲ့ မနက်ဖြန် ၂ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

အခုအစည်းအဝေးပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြု ခေါင်းဆောင်ထိုင်ခုံနေရာမှာ လစ်လပ်နေတာကြောင့် အာဆီယံဆွေးနွေးပွဲတွေမှာ နိုင်ငံရေးရာထူးမယူထားသူကိုပဲ တက်ရောက်ခွင့်ပေးတဲ့ စစ်ကောင်စီအပေါ် အာဆီယံရဲ့ဆုံးဖြတ်ချက် ဆက်ရှိနေတဲ့အခြေအနေဖြစ်ပြီး စစ်ကောင်စီဘက်ကလည်းအဲဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကိုယ်စားလှယ်မလွှတ်ခဲ့ဘူးလို့ နားလည်ရပါတယ်။

ငပြီကျွန်းက ဒေသခံရာချီ မုန်တိုင်းရှောင်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းမှာရှိတဲ့ အလယ်ရွာ၊ ရွာမရွာနဲ့ သရက်တောရွာက လူဦးရေ ၃၀၀ လောက်ဟာ ကြိမ်ခွေမော်ကျေးရွာကို မုန်တိုင်းရှောင်ဖို့ မေလ ၈ ရက် ၇ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရောက်ရှိလာခဲ့ကြတာပါ။

အဲဒီလူတွေထဲ ကလေးငယ်တွေ သက်ကြီးရွယ်ကိုတွေနဲ့ ကလေးတွေလည်း ပါဝင်ကြတယ်လို့ သိရပါ တယ်။ ငပြီကျွန်းဟာ စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်အတွင်းမှာရှိပြီး ဘင်္ဂလားပင်လယ်အော်နဲ့ နီးစပ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

အဲဒီနေရာဟာ မုန်တိုင်းကျရောက်လာလို့ရှိရင် မုန်တိုင်းခိုမယ်နေရာတွေ အကာအကွယ်တွေ မရှိတာ ကြောင့် အခုလို ပြောင်းရွှေ့လာခဲ့ကြရတာလို့ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီလူတွေကို ကြိမ်မော်ခွေကျေးရွာဘုန်းတော်ကြီးကျောင်းမှာ နေထိုင်ခွင့်ပေးထားပြီး သူတို့မှာ ပါလာတဲ့ ရိက္ခာတွေကိုပဲစားသုံးနေကြရသလို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေဘက်က ကူညီထောက်ပံပေး တာမရရှိသေးတဲ့အတွက် ကျေးရွာကပဲ စားသောက်ရေးအတွက်တာဝန်ယူပေးဖို့ စီစဥ်နေကြတယ်လို့ ကြိမ်ခွေမော်ရွာသားတစ်ဦးကပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနေ့မေလ ၉ ရက်သန်းခေါင်ယံအချိန်မှာ မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိသွားပြီဖြစ်ပြီး နောက်ရက်တွေမှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာနိုင်ကာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်သန်းပြီး ဝင်ရောက်နိုင်တယ်လို့မိုးဇလက ခန့်မှန်းထားပါတယ်။