ဧရာဝတီနဲ့ ရခိုင်မှာ မုန်တိုင်းသတင်းကြောင့် လူထောင်ချီ ဘေးလွတ်ရာကိုရှောင်ကြ

ရေးသားခဲ့သည်။

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို မုန်တိုင်း၀င်မယ်လို့ ကျွမ်းကျင်သူတွေရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ခန့်မှန်းမှုတွေအပြီး အဲဒီဒေသက လူတချို့ အထိတ်တလန့်ဖြစ်ကာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်လာကြတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

မုန်တိုင်းရှောင်ပြီး မြို့ပေါ်ကိုရောက်လာတဲ့ သူတွေကတော့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်နဲ့ မြောင်းမြမြို့နယ်တို့ ဖြစ်ကြပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးရွာအချို့ က ဒေသခံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လပွတ္တာမြို့နယ်အောက်ပိုင်း ပင်လယ်ပြင်နဲ့နီးရာကျေးရွာတွေဖြစ်တဲ့ ပြင်စလူ၊ ကိုင်းတောင်၊ အိုင်မ စတဲ့ကျေးရွာတွေက ဒေသခံ ငါးထောင်နီးပါးဟာ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေမှာ လာရောက်ခိုလှုံနေတယ်လို့ လည်း လပွတ္တာမြို့ခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က လူပေါင်း တစ်သိန်း သုံးသောင်းကျော် သေဆုံးခဲ့တဲ့ မုန်တိုင်းနာဂစ်မှာ လပွတ္တာတစ်မြို့နယ်တည်းမှာတင် လူပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသမြို့နယ်အချို့က ကျေးရွာတွေလည်း လုံခြုံမယ်ထင်တဲ့နေရာတွေကို ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်းဟာ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသကို အင်အားကောင်းကောင်းနဲ့ ဖြတ်သန်းမယ်ဆိုတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခန့်မှန်းပြောဆိုချက်တွေကြောင့် ရန်ကုန်မြို့အပါအဝင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှာလည်း မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

မိုးလေဝသဌာနနဲ့ မိုးလေဝသပညာရှင်တွေကတော့ ဘင်္ဂလားပင်လယ်အော်ထဲက လက်ရှိလေဖိအားနည်း ရပ်ဝန်းဟာ လာမယ့် ၃ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသကြားကို ဝင်ရောက်နိုင်တယ်ဆိုပြီး ဒီနေ့ မနက်ပိုင်း မေလ ၉ ရက်နေ့မှာပဲ ထုတ်ပြန်ပြောဆိုထားပါတယ်။

အဲဒီ မုန်တိုင်းဟာ အားကောင်းလာပြီး မေလ ၁၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း ကတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်ကိုကွေ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ရွှေ့လျားနိုင်တယ်လို့ မိုးလေဝသညာရှင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။

အဲဒီမုန်တိုင်းဟာ အားကောင်းတဲ့ မုန်တိုင်းဖြစ်လို့ တစ်နာရီကို မိုင် ၁၀၀ ကျော်တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

စစ်ကောင်စီ မိုးလေဝသဌာနကတော့ လေတိုက်နှုန်းပြင်းအားကို တိတိကျကျ ထုတ်ပြန်မပြောသေးပါဘူး။

မေလ ၉ ရက်နေ့ည မြန်မာစံတော်ချိန် ည ၇ နာရီအချိန်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက်(၆)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့လည်းကောင်း၊ မေလ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိမယ်လို့ ခန့်မှန်းကြောင်း စစ်ကောင်စီမိုးဇလက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ဟာ မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်တဲ့ အဓိကနေရာတွေထဲမှာပါဝင်နေတာကြောင့် မုန်တိုင်းဝင်ရောက်ခဲ့လို့ရှိရင် ကူညီကယ်ဆယ်လေးလုပ်ငန်းတွေအချိန်မီဆောင်ရွက်နိုင်ဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့ပေါင်း ၁၂ ဖွဲ့ကို ဖွဲ့စည်းထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပြည်နယ်ကောင်စီက ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သလို အခုလိုမုတ်သုံရာသီကိုရောက်လာလို့ရှိရင် မုန်တိုင်းတိုက်ခတ်မှုတွေနဲ့ နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

မုန်တိုင်းဒဏ်ကိုတော့ ပင်လယ်ကမ်းရိုးတန်းနဲ့နီးစပ်တဲ့ စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲ၊ မာန်အောင် စတဲ့မြို့နယ်တွေဟာ အဓိကကြုံတွေ့ခံစားရတဲ့မြို့နယ်တွေဖြစ်ကြပါတယ်။

မိုချာလို့ နာမည်ပေးဖို့ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်လာမယ့် သတင်းတွေထွက်ပေါ်လာပြီး မုန်းတိုင်းပြင်းထန်နိုင်တဲ့အတွက် ပေါက်တောမြို့နယ် ငပြီကျွန်းမှာရှိတဲ့ ကျေးရွာသုံးရွာက ဒေသခံတွေက ကိုယ်ပိုင်အစီအစဥ်နဲ့ လုံခြုံမယ့်နေရာတွေကို ကြိုတင်ပြောင်းရွှေ့ခိုလှုံနေကြတာတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းမှာ သေဆုံးသူအများစုဟာ မုန်းတိုင်းနဲ့ အတူပါလာတဲ့ ဒီရေကြောင့် သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့ကို အခုရက်ပိုင်း ဧရာဝတီတိုင်း လပွတ္တာဘက်က လာပြီး အသက်ကယ်အင်္ကျီလာဝယ်တဲ့သူတွေရှိကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ မေလ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရေကြောင်းပို့ဆောင်ရေးရေယာဉ်လိုင်းတွေ အနေနဲ့ သတိထားသွားလာကြဖို့အတွက် ရေကြောင်းဦးစီးဌာနကနေ သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ မုန်တိုင်းကြိုတင်သတိပေးသတင်းတွေကြောင့် စားသောက်ကုန်နဲ့ ဆေးဝါးတွေကို လုပ်ငန်းရှင်တွေက စျေးကစားတာမလုပ်ဖို့ နဲ့ ကုန်စည်မပြတ်လပ်အောင် စီစဥ်ထားဖို့ မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလုပ်ငန်းရှင်များအသင်းက မေလ ၈ ရက်နေ့က သတိပေးချက်ထုတ်ထားပြီး ပြည်သူတွေအနေနဲ့လည်း စိုးရိမ်ပူပန်ပြီး ဆန်စုဆောင်းတာမျိုးမလုပ်ဖို့ ဆန်စပါးအသင်းပြောပါတယ်။