အဆင့်မြင့်အရာရှိအဆင့် စစ်ဘက်ဆက်ဆံရေးပြန်စဖို့ ကန်နဲ့ တရုတ်သဘောတူ

ရေးသားခဲ့သည်။

မြင့်တက်လာတဲ့တင်းမာမှုတွေကို လျှော့ချရေးကြိုးပမ်းတဲ့အနေနဲ့ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးပြန်စတင်ဖို့ အမေရိကန်နဲ့ တရုတ်ကြား သဘောတူလိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

‘‘ကျွန်တော်တို့ကြား တိုက်ရိုက်၊ ပွင့်လင်ပြီး ရှင်းလင်းတဲ့ဆက်ဆံရေးပြန်လည် စတင်ပါမယ်’’ လို့ သူက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဗုဒ္ဓဟူးနေ့တုန်းက ဒီနှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရှားရှားပါးပါးတွေ့ဆုံချိန် အခုလိုပြောလာပါတယ်။

ဒါဟာ တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံသမ္မတတွေ တစ်နှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ် အခုလို လူချင်းတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မစ္စတာဘိုင်ဒန်ကတော့ နှစ်နိုင်ငံခေါင်းဆောင်တွေအချင်းချင်း တိုက်ရိုက်ပြောဆိုနိုင်မယ့် ဖုန်းလိုင်းတစ်ခုလည်း ထူထောင်သွားဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မစ္စတာ ဘိုင်ဒန်က ဆက်သွယ်ရေး ကင်းမဲ့တဲ့အခါ ‘’မတော်တဆမှုတွေဖြစ်ပွားလေ့ရှိပါတယ်’’ လို့ပြောသလို အခုတော့ သမ္မတနှစ်ဦးစလုံးဟာ ‘‘ဖုန်းကို ကောက်ကိုင်ပြီး တစ်ယောက်ပြောတာ တစ်ယောက် မြန်မြန်ကြားနိုင်ပြီပေါ့’’ လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ အမေရိကန်အောက်လွှတ်‌တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်ကျွန်းကို သွားရောက်လည်ပတ်ခဲ့ပြီးတဲ့နောက် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးယိုယွင်းခဲ့တာဖြစ်ပါတယ်။

တရုတ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို သူ့နယ်မြေအဖြစ်ရှုမြင်ထားတာဖြစ်ပြီး လိုအပ်ရင် အင်အားသုံးကျူးကျော်မယ်လို့ ပြောထားတာပါ။

မစ္စတာဘိုင်ဒန်ကတော့ နှစ်နိုင်ငံခေါင်းဆောင်တွေကြား သဘောမတူနိုင်တာတွေရှိနေပေမဲ့ သမ္မတ ရှီဟာ ‘‘ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးထားပါတယ်’’ လို့ ပြောပါတယ်။ အခုတစ်ကြိမ်တွေ့ဆုံမှုဟာ တွေ့ဆုံဆွေးနွေးခဲ့ဖူးသမျှတွေထဲ ‘‘အပြုသဘောဆောင်မှုအရှိဆုံးနဲ့ တိုးတက်မှုအရှိဆုံးဆွေးနွေးမှုတစ်ခုဖြစ်တယ်’’လို့ပြောပါတယ်။

ဒါပေမဲ့ နှစ်ဖက် ဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေတယ်ဆိုတဲ့လက္ခဏာကတော့ ရှိနေဆဲဖြစ်ပါတယ်။ မစ္စတာ ရှီကျင့်ဖျင်ကို အာဏာရှင်တစ်ဦးအဖြစ် ရှုမြင်သေးလားဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို သတင်းစာရှင်းလင်းပွဲစင်မြင့်ထက်ကနေ အထွက်မှာ မစ္စတာဘိုင်ဒန်က ‘’ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နေတဲ့လူတစ်ဦးအနေနဲ့ ပြောရရင်ကတော့ သူက အာဏာရှင်တစ်ဦးလို့ ပြောလို့ရတယ်။ အုပ်ချုပ်တဲ့အစိုးရပုံစုံက ကျွန်တော်တို့ အုပ်ချုပ်ရေးစနစ်နဲ့ လုံးဝ မတူဘူးလေ’’ လို့ သူက ပြောပါတယ်။

မစ္စတာ ဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ဇွန်လမှာ သမ္မတရှီကို အလားတူ မှတ်ချက်မျိုးပြောခဲ့တုန်းကတော့ တရုတ်အာဏာပိုင်တွေက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဒါကို ‘‘အတော်လေးအဓိပ္ပါယ်မရှိတဲ့ တာဝန်မဲ့’’ ပြောဆိုမှုအဖြစ်ပြောဆိုခဲ့ပါတယ်။

စစ်ဘက်ဆက်ဆံရေးပြန်စမယ့်အပြင် ပြီးခဲ့တဲ့ကာလတွေအတွင်း တင်းမာမှုအရင်းခံဖြစ်ခဲ့တဲ့ နယ်ပယ်တွေမှာလည်း ပူးပေါင်းမှုတွေ ပြုလုပ်သွားဖို့ နှစ်ဖက်စလုံးက ကြေညာပါတယ်။

အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုမှာ ဆေးလွန်ပြီးသေဆုံးမှုတွေမြင့်တက်လာတဲ့ ဖန်တနိုင်းဓာတု မူးယစ်ဆေးတွေ အမေရိကန်ကို စိမ့်ဝင်နေတာကို တားမြစ်ရေးဆောင်ရွက်ဖို့လည်းပါဝင်ပါတယ်။

တရုတ်ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ဖန်တနိုင်းတွေနဲ့ ဖန်တနိုင်းထုတ်နိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေရဲ့ ရင်းမြစ်ဖြစ်နေတာပါ။

‘‘ရှေ့ပြေးဓာတုပစ္စည်းတွေနဲ့ ဆေးပြားတွေ တရုတ်ကနေ အနောက်ကမ္ဘာဘက်ခြမ်းဆီ စီးဆင်းနေတာကို သိသိသာသာလျှော့ချဖို့ ကျွန်တော်တို့ အရေးယူလုပ်ဆောင်ပါမယ်’’ လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

အဲဒီသဘောတူညီချက်အရ တရုတ်ဟာ အဲဒီဓာတုပစ္စည်းထုတ်ကုမ္ပဏီတွေကို ပစ်မှတ်ထား နှိမ်နင်းမှာဖြစ်ပါတယ်။ ‘’ဒီလိုလုပ်လို့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်’’ လို့ မစ္စတာဘိုင်ဒန်က သတင်းထောက်တွေကိုပြောပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အစ္စရေးနဲ့ ဂါဇာ ပဋိပက္ခကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်အကြီးတန်းအရာရှိကြီးတစ်ယောက်ကတော့ တရုတ်အနေနဲ့ အီရန်ဘက်က ရန်လိုတဲ့အဆင့်တွေမရှိလာအောင်လုပ်ဖို့ လွှမ်းမိုးနိုင်တဲ့အင်အားကို အသုံးပြုဖို့ တရုတ်ဘက်ကို မစ္စတာ ဘိုင်ဒန်က တိုက်တွန်းခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံ ၂ နိုင်ငံဟာ ဉာဏ်ရည်တုနည်းပညာ(AI) ကို ပူးတွဲဆန်းစစ်ဖို့ သဘောတူခဲ့ကြသလို ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ဆွေးနွေးချိန်မှာ မစ္စတာရှီက ‘‘အမေရိကန်- တရုတ်ဆက်ဆံရေးမှာ အန္တရာယ်အရှိဆုံးကိစ္စဖြစ်တယ်’’ ဆိုပြီး ပြောခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ နှစ်နိုင်ငံစစ်တပ်အကြား စစ်ဘက်ဆက်သွယ်ရေးပြန်လည်ထားရှိတာဟာ ‘‘လေးစားမှုနဲ့ တန်းတူညီမျှမှု’’အပေါ် အခြေခံတယ်လို့ ပြောပါတယ်။

‘‘မိခင်ကမ္ဘာမြေဟာ နှစ်နိုင်ငံစလုံးအောင်မြင်ဖို့ ကျယ်ပြောပါတယ်။ တစ်နိုင်ငံရဲ့အောင်မြင်မှုဟာ နောက်တစ်နိုင်ငံအတွက် အခွင့်အလမ်းဖြစ်ပါတယ်’’ လို့ မစ္စတာရှီက သူ့ရဲ့အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

‘‘ထိပ်တိုက်တွေ့ဆုံတာဟာ နှစ်ဖက်စလုံးအတွက် မခံမရပ်နိုင်တဲ့အကျိုးဆက်တွေ ရှိပါတယ်’’

အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(APEC) ဆွေးနွေးပွဲရဲ့ ဘေးပန်းဆွေးနွေးမှုအနေနဲ့ သီးခြားတွေ့ဆုံခဲ့တဲ့အခုတွေ့ဆုံမှုကို မျှော်လင့်ချက်ကြီးကြီးမားမားရှိခဲ့ကြပေမဲ့ နှစ်ဖက်အရာရှိတွေကတော့ ကြီးမားထူးခြားတဲ့ကိစ္စတွေအရေး အခုဆွေးနွေးပွဲကနေ ထွက်ပေါ်လာဖို့ မရှိဘူးလို့ ပြောထားပါတယ်။

‘‘အခုတွေ့ဆုံမှုရဲ့ရည်ရွယ်ချက်က ယှဥ်ပြိုင်မှုကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ၊ ပဋိပက္ခဖြစ်နိုင်ခြေကို ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖွင့်ထားဖို့ဖြစ်ပါတယ်’’ လို့ အမေရိကန် အကြီးတန်း အရာရှိကြီးတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ တရုတ်ရဲ့ သံသယဖြစ်ဖွယ်ထောက်လှမ်းရေး လေပူပေါင်းကြီးတစ်လုံး အမေရိကန်လေပိုင်နက်မှာ ပစ်ချခံရပြီးနောက်မှာ တရုတ်နဲ့ အမေရိကန်တို့ကြားဆက်ဆံရေး ယိုယွင်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်လည်း ဘေကျင်းမြို့ကို ဇွန်လတုန်းက သွားရောက်ခဲ့ပြီး သူ့ခရီးဟာ ဆယ်စုနှစ်တဝက်နီးပါးအတွင်းမှာ ဘေကျင်းကို တရားဝင်ခရီးသွားရောက်တဲ့ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိကြီးတစ်ဦးနဲ့ ခရီးဖြစ်ခဲ့ပါတယ်။

သူဟာ သမ္မတရှီနဲ့ရော နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ပါတွေ့ဆုံခဲ့ပါတယ်။

သူ့ခရီးစဥ်အဆုံးမှာ မစ္စတာ ဘလင်ကန်က နှစ်နိုင်ငံကြားမှာ အရေးကြီးတဲ့ပြဿနာတွေရှိနေချိန်မှာ ‘‘ပိုကောင်းတဲ့ ဆက်သွယ်ရေးနဲ့ ထိတွေ့ပြောဆိုမှုတွေရှိလာဖို့’’ မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်။