မုဒိမ်းမှုကနေ မွေးဖွားလာပေမဲ့ ဒါက "ငါ" မဟုတ်ဘူး

ဓာတ်ပုံ ရင်းမြစ်, Slater King
မုဒိမ်းမှု ဖြစ်ပြီးနောက် မွေးဖွားလာတဲ့ ကလေးတွေကို ရာဇဝတ်မှု ကျူးလွန်ခံရသူတွေ အဖြစ် မကြာခင် အင်္ဂလန်နဲ့ ဝေလနယ်တွေမှာ အသိအမှတ်ပြုတော့မယ်ဆိုပြီး သက်ဆိုင်ရာ အစိုးရတွေက ပြောကြားလာပါတယ်။
အဓမ္မပြုကျင့်ခံရသူ မိခင်တွေကနေ မွေးဖွားလာတဲ့ သားသမီးတွေက သူတို့ရဲ့ ဘဝမှာ အတိတ်က အရိပ်မည်း အဖြစ်အပျက်ဆိုးကြီးတွေက ဘဝလမ်းခရီးကို အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းတွေကို ရှင်းပြလာကြပါတယ်။
မြတ်နိုးရသော တက်စ်ရေ
"အခုဆိုရင် မင်းက ၁၀ရက်သားလေး ဖြစ်ပြီပေါ့နော်။ ဒါပေမဲ့ ဒီစာကို ဖတ်ရချိန်မှာတော့ မင်း အရွယ်ရောက်နေလောက်ပါပြီ။
မင်းကို သိပ်ချစ်တယ်။ "
သူ့ အမေ လူစီရဲ့ ကိုယ်ရေး မှတ်တမ်းကို ပထမဦးဆုံးအကြိမ် ဖတ်ရချိန်မှာတော့ တက်စ်မှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရပါတယ်။ ဒီမှတ်တမ်း ရှိခဲ့တာ သူ မသိခဲ့ပါဘူး။ နောက်ပြီး မိခင် လူစီ သေဆုံးခဲ့တဲ့ မီးလောင်မှုကနေ မွေးကင်းစအရွယ်မှာ လွတ်မြောက်ခဲ့တယ် ဆိုတာကိုလည်း သူ မသိခဲ့ရပါဘူး။
အဲဒီ ညက ဖြစ်ခဲ့တဲ့ မီးလောင် ဒဏ်ရာ လေးက တက်စ်နင် ရဲ့ ပါးမှာ ခပ်ရေးရေး ရှိနေပါသေးတယ်။ မီးလောင်တော့ တက်စ်နင် ရဲ့ ဖခင်ဖြစ်သူက သူ့ကို စောင်နဲ့ပတ်ပြီး သယ်ခဲ့ကာ ခြံဝန်းထဲက ပန်းသီးပင်အောက်မှာ ချထားပေးခဲ့တာဖြစ်ပါတယ်။
ဖခင်ဖြစ်သူက တက်စ် ရဲ့ အသက်ကို ကယ်တင်ခဲ့ပေမဲ့လည်း သူကိုယ်တိုင် အိမ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သူပါ။ မီးလောင်မှုကြောင့် တက်စ်နင်ရဲ့ အဒေါ်နဲ့ အဘွားဖြစ်သူလည်း သေဆုံးခဲ့ရပါတယ်။
သူ့ရဲ့ ဖခင်ဟာ လူသတ်မှုနဲ့ အကျဉ်းစံနေရတယ်လို့ပဲ တက်စ်နင် သိထားခဲ့တာပါ။
နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က သက်သေခံပစ္စည်း အဖြစ် ၁၈နှစ်ကြာ သိမ်းဆည်းထားတဲ့ မိခင်ဖြစ်သူရဲ့ နေ့စဉ်မှတ်တမ်း ဒိုင်ယာရီ စာအုပ်ကို တက်စ် တစ်ယောက် တောင်းယူ ဖတ်ရှုခဲ့ပြီးနောက်မှာတော့ အဖြစ်ဆိုးကြီး တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။
ဒိုင်ယာရီကို ဖတ်နေရင်း တက်စ် က သူဟာ ဖခင်ဖြစ်သူက သူ့မိခင်ကို လိင်စော်ကားကျူးလွန်ခဲ့မှုကြောင့် မွေးဖွားလာသူဆိုတာကို သိလိုက်ရပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒိုင်ယာရီထဲမှာ လူစီရဲ့မျှော်လင့်ချက်တွေ၊ အနာဂတ် အိပ်မက်တွေပါဝင်သလို သူမျိုသိပ်ခံစားနေရတဲ့ အသေးစိတ် အချက်အလက်တွေလည်း ပါနေပါတယ်။ လူစီ အသက် ၁၂ နှစ်အရွယ်မှာ တက်စ်နင်ရဲ့ ဖခင်ဖြစ်သူ တက္ကစီဒရိုင်ဘာ အဇ်ဟာ အလီ မာမုဒ်က လက်သပ်မွေး စော်ကားမှုတွေ လုပ်နေခဲ့တာပါ။ သူက လူစီထက် ၁၀ နှစ် အသက်ပိုကြီးပါတယ်။
အမှန်တကယ် အဖြစ်အပျက်တွေကို သိခဲ့ရတဲ့ တက်စ်နင် တစ်ယောက်ဟာ ချာချာလည် သွားခဲ့ပါတယ်။ ဒါမျိုးအဖြစ်တွေကို သူတစ်ယောက်တည်း ကြုံရတာဆိုပြီး ယူဆနေပါတယ်။
ဒါပေမဲ့ လေ့လာမှု စစ်တမ်းတွေ အရ ဒီလိုအဖြစ်အပျက်တွေကို ရင်ဆိုင်နေရတာ တက်စ်နင် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။
ယူကေမှာ မုဒိမ်းမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုတွေကြောင့် လူ ဘယ်လောက် မွေးဖွားခဲ့သလဲ ဆိုတာ ပြောဖို့တော့ခက်ပါတယ်။ ဒါဟမ် တက္ကသိုလ်က အမျိုးသမီးများ တန်းတူညီမျှရေး အဖွဲ့ရဲ့ ခန့်မှန်း စစ်တမ်း မှာတော့ အင်္ဂလန်နဲ့ ဝေလနယ်မှာ၂၀၂၁ တစ်နှစ်တည်းမှာတင် မုဒိမ်းမှုကြောင့် အမျိုးသမီး ပေါင်း ၃၃၀၀ အထိ ကိုယ်ဝန်ရှိခဲ့တယ်ဆိုပြီး ဖော်ပြပါတယ်။
မကြာခင်မှာ အတည်ပြုပြဋ္ဌာန်းတော့မယ့် ပြစ်မှု ကျူးလွန်ခံရသူများ ဥပဒေမှာ အင်္ဂလန်နဲ့ ဝေလ နယ်က မုဒိမ်းမှုကြောင့် မွေးဖွားလာတဲ့ ကလေးတွေကို ပြစ်မှူးကျူးလွန်ခံရသူများ အဖြစ် သတ်မှတ်မယ်ဆိုပြီး အစိုးရတာဝန်ရှိသူတွေက ပြောနေပါပြီ။
တာဝန်ရှိသူတွေရဲ့ အဆိုအရ ပြစ်မှုကျူးလွန်ခံရသူအဖြစ် သတ်မှတ်ခံရရင် သူတို့ကို ပညာပေး ဆွေးနွေး နှစ်သိမ့်တာ စတဲ့ အကူအညီတွေ ပေးနိုင်မှာဖြစ်သလို၊ သူတို့ရဲ့ အမှုအခင်း သတင်းအချက်အလက်တွေကိုလည်း ကြည့်ရှုခွင့်ရနိုင်မှာဖြစ်ပါတယ်။ သူတို့ကို "ပိုမိုအသိအမှတ်ပြုခြင်း" လုပ်ဆောင်ပြီးတာနဲ့ မူးယစ်ဆေးဝါးနဲ့ အရက်အပေါ်မှာ မှီခိုနေရမှုတွေကိုလျော့ပါးရေး၊ ပညာရေးနဲ့ အိမ်ရာနေထိုင်ခွင့်ပေးခြင်း စတဲ့ အစိုးရ ဝန်ဆောင်မှုတွေကိုလည်း ခံစားခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။
လောလောဆယ် ယူကေမှာ မုဒိမ်းမှုကနေ မွေးဖွားလာသူတွေ ဖြစ်တဲ့ တက်စ်နင်တို့လို လူ အတွက် ကူညီပေးနိုင်တဲ့ ပရဟိတ အဖွဲ့အစည်းတွေ မရှိသလို၊ သူတို့ကို စောင့်ရှောက်ပေးမယ့် သီးခြား အဖွဲ့အစည်းတွေလည်း မရှိသေးပါဘူး။ ဒါကြောင့် သူတို့ဟာ လိုအပ်တဲ့ အကူအညီတွေ မရဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား ရမှုတွေ ဖြစ်လေ့ရှိပါတယ်။
မိဘတွေဟာ ချစ်ခြင်း မေတ္တာနဲ့ ပျော်ရွှင်နေကြသူတွေ အဖြစ် စိတ်ကူးကြည့်ချင်တယ် ဆိုပြီး တက်စ် က ပြောပါတယ်။
အမေ့ကိစ္စကို သိရပြီးတဲ့နောက်မှာ အရာရာပြောင်းလဲသွားတယ်။ မိသားစုအကြောင်း ကိုယ်တွေးထင်ထားသမျှတွေနဲ့ ကိုယ့်အကြောင်းတွေလည်းပြောင်းသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မက လူသတ်မှု၊ မုဒိမ်းသမား တစ်ယောက်နဲ့ ဆက်နွှယ်နေတာလေ။ နောက်ပြီး ဆိုးဆိုးရွားရွား နဲ့ ကိုယ်ကြီးပြင်းလာရင် အဖေ့လို ဖြစ်သွားရင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး တွေးနေမိတယ်။
မိခင်ဖြစ်သူရဲ့ ဒိုင်ယာရီကို ဖတ်ရတဲ့ တက်စ်နင် တစ်ယောက် နာကျင်ခံစားခဲ့ရပါတယ်။ သူက မိခင်ဖြစ်သူ လူစီက သူ့ကို ဘယ်လောက်ချစ်တဲ့ အကြောင်း ရေးသားထားတာတွေကိုပဲ အဓိက ကြိုးစား အာရုံစိုက်နေခဲ့ရပါတယ်။ ဒိုင်ယာရီထဲက စာမျက်နှာတွေမှာ ကဗျာတွေနဲ့ သူတို့ အတူတကွ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေက ပြည့်နှက်နေပါတယ်။
"ကျွန်မခံစားမနေသင့်ဘူး။ အမေကလည်း ဒါကို ဖြစ်စေချင်မှာ မဟုတ်ဘူး" လို့ တက်စ်နင်က ဆိုပါတယ်။
နေးလ်ကတော့ အသက်ကို ပြင်းပြင်းရှူရင်းနဲ့ စာအိတ်ကို ဖွင့်ဖောက်လိုက်ပါတယ်။
အနောက်ယောက်ရှိုင်းယားနယ်၊ အစ်ကလေမြို့မှာ မွေးစားခံရပြီး ကြီးပြင်းခဲ့တဲ့ နေးလ်ဟာ သူတို့ ဆိုတဲ့ နာမ်စားနဲ့ (LGBT လူ့အဖွဲ့အစည်း ကိုယ်စားပြု ခေါ်ဆိုခြင်း) ကိုယ်စားပြု ခေါ်ဝေါ်ဖို့လိုလားသူ တစ်ယောက်ပါ။ ကလေးတစ်ယောက်အနေနဲ့ ပျော်ရွှင်ဖွယ် ဘဝကို ပိုင်ဆိုင်ခဲ့ပေမဲ့ သူ့အမေ ဘယ်သူလဲ ဆိုတာသိချင်နေခဲ့ပါတယ်။ နတ်သမီးပုံပြင်တွေထဲကလို အမေနဲ့ ပြန်လည် ဆုံဆည်းနိုင်ဖို့ သူတို့ဟာ အိပ်မက်နေခဲ့ပါတယ်။
မိခင်ဖြစ်သူကို ပြန်လည်ရှာဖွေပေးဖို့ ငှားရမ်းထားတဲ့ အလွတ်စုံထောက်က ပေးပို့လာတဲ့ စာတစ်စောင်ကို အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေးလ် တစ်ယောက် ဖွင့်ဖောက်လိုက်ပါတယ်။ စာဖတ်ပြီးနောက်မှာတော့ နေးလ် တစ်ယောက် တွင်းနက်ကြီးထဲကို လစ်ဟာပြုတ်ကျ သွားသလို ခံစားလိုက်ရပါတယ်။
နေးလ်ရဲ့ အမေဟာ ဆယ်ကျော်သက် အရွယ်တုန်းက ပန်းခြံတစ်ခုထဲမှာ သူစိမ်းတစ်ယောက်ရဲ့ အဓမ္မကျင့်ခြင်းကို ခံလိုက်ရပါတယ်။ နေးလ်ဟာ အဲဒီမုဒိမ်းမှုကနေ မွေးဖွားလာသူ ဖြစ်နေပါတယ်။

"ဒီစကားလုံးတွေကို ရင်ဆိုင်ဖို့ ဘယ်လိုမှပြင်ဆင်ထားလို့ မရဘူး" ဆိုပြီး နေလ်း က ဆိုပါတယ်။
အကြမ်းဖက်ခံရမှု၊ မုန်းစရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့မွေးဖွားလာရမှုတွေကို သိလိုက်ရချိန်မှာတော့ နေးလ်ဟာ "တစ်ယောက်ယောက်က ရင်ဘတ်ကို ထိုးဖောက်ပြီး အတွင်း ကလီစာတွေကို ဆုတ်ဖြဲလိုက်သလိုပဲ" လို့ သူက ပြောပါတယ်။
အရှက်တရား၊ ဝမ်းနည်းမှုနဲ့ တွေဝေမှုတွေလည်း ခံစားရတယ်လို့လည်း နေးလ်က ထည့်သွင်း ပြောဆိုပါတယ်။ ကိုယ့်အကြောင်းကိစ္စကြောင့် စိတ်ပျက်တုန်လှုပ်စရာ အမှောင်ကမ္ဘာထဲ ရောက်သွားသလိုပဲ။ သူကြေကွဲခဲ့ရတယ်လို့လည်း ဆိုပါတယ်။
နေးလ် သိထားသမျှ သူတို့အကြောင်းတွေအကုန်လုံးဟာ ပြိုလဲသွားခဲ့ပါတယ်။ သူစိမ်းတစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် မှန်ထဲတောင် ပြန်မကြည့်ချင်လောက်အောင် သူတို့ကိုယ် သူတို့ မုန်းတီး ကြောက်ရွံ့နေခဲ့ပါတယ်။
ချစ်ခြင်း မေတ္တာနဲ့ မဟုတ်ဘဲ အကြမ်းဖက်ခံရမှုနဲ့ မွေးဖွားလာရတဲ့ ဘယ်လို အဓ္ဓိပ္ပာယ်မျိုးလဲ ဆိုပြီး နေးလ်က မေးခွန်းထုတ်ပါတယ်။ သူ့ရဲ့ မိခင်ကရော သူ့ကို တွေ့ချင်မှာတဲ့လား။
နောက်ကျောက အကျဉ်းထောင်တံခါး ပိတ်လိုက်ချိန်မှာ တက်စ်နင် တစ်ယောက် စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ထောင်ဝန်ထမ်းတစ်ယောက်က ကျဉ်းမြောင်း အေးစက်နေတဲ့ အခန်းတစ်ခုထဲကို ဦးဆောင်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ စားပွဲတစ်လုံးနဲ့ ထိုင်ခုံ ၂ခုက စောင့်ကြိုလျှက်ပါ။
တစ်ဖက်ခြမ်းက တံခါးတစ်ချပ်ပွင့်လာချိန်မှာတော့ တက်စ်နင် တစ်ယောက် ဖခင်ဖြစ်သူကို ပထမဦးဆုံးအကြိမ်တွေ့မြင်လိုက်ရပါတယ်။ မီးခိုးရောင် ထောင်ဝတ်စုံနဲ့ သူ့ဖခင်ဟာ သူတွေးမြင်ထားတာထက် ပိုပြီး အရပ်ပုနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, West Mercia Police
ဒါပေမဲ့လည်း သူ့ရဲ့ ကိုယ်အမူအရာကတော့ အထင်ကြီးစရာ ဖြစ်လို့နေပါတယ်။ အခန်းထဲမှာတောင် ပြည့်သွားသလိုပါပဲ။ သမီးဖြစ်သူကို ပွေ့ဖက်လိုက်ပါတယ်။ ချောကလက် ကိတ်မု့န်တစ်လုံးကိုလည်း သူက ယူလာပါတယ်။ တွေ့ဆုံပွဲ အထိမ်းအမှတ်ပေါ့။
တက်စ်နင်က ဖြစ်ချင်တာက ဒါမျိုး မဟုတ်ပါဘူး။ သူကသာ အခြေအနေကို ထိန်းချုပ်နိုင်သူဖြစ်ဖို့ ပိုလိုလားပါတယ်။ ဖခင်ရဲ့ လုပ်ရပ်ကြောင့် ဘယ်လောက်ထိခိုက်ခဲ့သလဲ ဆိုတာကို သူက သူ့အဖေကို နားလည်စေချင်တာပါ။
ဒါပေမဲ့ မိခင်ကို အကြပ်ကိုင် လှည့်ဖြားခဲ့သူ တစ်ယောက်ကို သူကိုယ်တိုင်ပဲ မြင်တွေ့လိုက်ရပါတယ်။
အဲဒီနောက်တော့ တက်စ်နင် တစ်ယောက် ထောင်ကို ပြန်မသွားတော့ပါဘူး။ သူလိုချင်တဲ့ အဖြေတွေ အားလုံးရသွားခဲ့လို့ပါပဲ။
မွေးမိခင်ကို ပထမဆုံးအကြိမ်တွေ့ဖို့ ရထားဘူတာရုံ အပြင်ဘက်မှာ စောင့်နေတဲ့ နေးလ် တစ်ယောက် စိတ်လှုပ်ရှားမှုကြောင့် အူတုန်အသည်းတုန်ဖြစ်နေပါတယ်။ ဒီကိစ္စကို သူ ကြိမ်ဖန်များစွာ စဉ်းစားတွေးတောနေခဲ့ကြပြီး၊ တွေ့ချိန်မှာ ဘာလုပ်မယ်။ ဘာပြောမယ်ကစ အကြိမ်ကြိမ် တွေးနေခဲ့တာပါ။
မိခင်ဖြစ်သူရောက်လာချိန်မှာတော့ ဒါဟာ သူ့အမေပဲ ဆိုတာ နေးလ် တစ်ယောက် သိလိုက်ပါတယ်။
သူတို့နှစ်ယောက် မျက်လုံးချင်း စိုက်ကြည့်ခဲ့ကြပြီး မိခင်အစား နေးလ်တစ်ယောက် စိတ်သောက ရောက်နေခဲ့ပါသေးတယ်။
"ကျွန်တော့်ကို ကြည့်ရတာ မုဒိမ်းကျင့်သွားတဲ့ လူနဲ့ တူနေရင်၊ ဒီက ထွက်သွားလိုက်မယ်" ဆိုပြီး နေးလ်က ပြောလိုက်ပါတယ်။
"မတူပါဘူး" လို့ မိခင်ဖြစ်သူက ပြန်ပြောပါတယ်။ အဲဒီအခါမှာတော့ နေးလ်တစ်ယောက် စိတ်ထဲ ပေါ့ပါးသွားသလို ခံစားလိုက်ရပါတယ်။
အမေနဲ့သားဖြစ်သူတို့ဟာ သူတို့ ဘဝအကြောင်းတွေကို လမ်းလျှောက်ရင်း ပြောဖြစ်ကြတယ်။ နေးလ် မသိသေးတဲ့ အမေဖြစ်သူရဲ့ မိသားစုတွေအကြောင်းနဲ့ သူ့ရဲ့ အမေတူ အဖေကွဲ မောင်နှမတွေ အကြောင်းပြောကြတယ်။ သူတို့ရှိမှန်းတောင် နေးလ် မသိပါဘူး။ သူတို့ သားအမိနှစ်ယောက်ဟာ တူညီတဲ့ သွင်ပြင် လက္ခဏာတွေ၊ ကိုယ်နေဟန်တွေ ရှိသလို။ ရယ်တဲ့ ပုံစံချင်းလည်း တူပါတယ်။
အဓမ္မပြုကျင့်ခံရမှုအကြောင်းကို နေးလ် မမေးသလို၊ သူ့ကိုယ်ဝန်ဘယ်လို ရသလဲ ဆိုတာကိုလည်း သူမမေးခဲ့ပါဘူး။ အဲဒါတွေ သိစရာမလိုသလို သူ့အမေကိုလည်း ဝန်မပိစေချင်ပုံပါပဲ။ နေးလ်မှာ အဖေမရှိဘူးလို့ပဲ သူတို့ တွေးခဲ့ကြပါတယ်။
နေးလ်မှာ မွေးမိခင် ရှိတယ်။ ဒါက သူ့အတွက် လုံလောက်နေပါပြီ။
"ကျွန်တော်က မုဒိမ်းကျင့်ခံရပြီး မွေးလာတဲ့ ကလေးလား၊ အမေ"
ဆန်မီက ချာကနဲ ကားထဲက သူ့ဘေးမှာ ထိုင်နေတဲ့ သားအကြီးဆုံးကို လှမ်းကြည့်လိုက်တယ်။ သူ့ကို ကူညီချင်တယ်။ နာကျင်ခံစားရမှုတွေကနေ အကာအကွယ်ပေးချင်ပေမဲ့ သူ ဘယ်လို လုပ်မလဲဆိုတာ မသိရှာပါဘူး။
"မဟုတ်ဘူး။ မင်းက ငါ့ရင်သွေးပါ။" လို့ ဆန်မီ ပြန်ပြောလိုက်ပါတယ်။

သိပ်မကြာသေးတဲ့ ၂၀၁၃ ခုနှစ်ကမှ ဆန်မီဟာ အသက် ၁၂ နှစ် အရွယ်သားဖြစ်သူကို ကိုယ်ဝန် ဘယ်လိုဆောင်ခဲ့ရသလဲ ဆိုတဲ့ အဖြစ်အပျက်တွေကို ရှင်းပြခဲ့ပါတယ်။ ဆန်မီ ၁၄ နှစ်အရွယ်မှာ အာရှစ် ဟူစိန် ဆိုသူက ဘယ်လို အဓမ္မကျင့်ပြီး နှိပ်စက်မှုတွေ ဘယ်လို လုပ်ခဲ့သလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက် ဆက်ဆံရေးတစ်ခု ရှိနေသယောင် အာရှစ် ဟူစိန်ကယုံကြည်အောင် ဟန်ဆောင်ပြီး သိမ်းသွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဟူစိန်က ၂၄ နှစ်အရွယ်ပါ။ တခြား မိန်းခလေးတွေကိုလည်း အလားတူ လုပ်ခဲ့ပါတယ်။
နောက်ဆုံးမှာ ဆန်မီဟာ ဟူစိန်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရဌာနတွေရဲ့ အကာအကွယ် မရခဲ့သလဲ ဆိုတာ ဆန်မီက စတင်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ သူ့လိုပဲ ယော့ခ်ရှိုင်းယား တောင်ပိုင်း၊ ရိုတာဟန် ဒေသက မိန်းခလေး ၁၀၀၀ ကျော်ဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းဒဏ် ခံနေရတဲ့ ကိစ္စတွေကို ပြောကြားလာပါတယ်။
ဟူစိန်ကို ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါပြီ။ ဆန်မီ ရဲ့ သားဖြစ်သူရဲ့ မျိုးဗီဇ ဒီအန်အေဟာ ရဲတွေအတွက် သက်သေ အထောက်အထား တစ်ခု ဖြစ်လာပါတယ်။

ဒါပေမဲ့ မုဒိမ်းကျင့်ခံရပြီး မွေးလာတဲ့ သားဖြစ်သူ အခက်အခဲ ဖြစ်နေတာကို ဆန်မီ တွေ့မြင်နေရပါတယ်။ သူ့ကို လိုချင်ခဲ့ရဲ့လား။ သူ့ကိုချစ်ရဲ့လား ဆိုတဲ့ မေးခွန်းတွေကို သားဖြစ်သူက မေးနေလို့ပါပဲ။
သူတို့ရဲ့ အမှုကို နိုင်ငံတဝန်းက သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။ လူတိုင်းသိခဲ့ရပေမဲ့ သူတို့ဟာ အထီးကျန်မှုကို ခံစားနေကြရပါတယ်။
မိခင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဆန်မီ တစ်ယောက်ကြိုးစားနေဆဲပါ။ ဒါပေမဲ့ အရာအားလုံး သူ့ကြောင့် ဖြစ်တာ ဆိုပြီး ဆန်မီခံစားနေရပါတယ်။
မီးဖိုချောင် ကြမ်းပြင်ပေါ်လှဲချပြီး ဆန်မီ ငိုကြွေးနေမိပါတယ်။ သူ့သားကို ဆန်မီ သိပ်ချစ်ပါတယ်။ သူမရှိရင် သားဖြစ်သူ ပိုကောင်းစားမှာလို့လည်း တွေးနေဆဲပါ။
တက်စမင် နဲ့ နေးလ် တို့လိုပါပဲ။ ဆန်မီဟာလည်း အခက်အဲပေါင်းများစွာကို လူမသိသူမသိ ခံစားခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်ကျမှ နောက်ထပ် မိခင် တစ်ယောက်နဲ့ ဆန်မီတွေ့ခဲ့ပြီး အရာအားလုံးကို နားလည် နိုင်တဲ့ သူတစ်ယောက်ကို ထုတ်ပြောခွင့်ရခဲ့ပါတယ်။
အခုချိန်မှာ ဟူစိန်ဟာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရပါပြီ။ ဆန်မီကတော့ ဟားလီးဖက်စ်မြို့က မန်ဒီရဲ့ မီးဖိုချောင်မှာ ထိုင်နေပါတယ်။ မန်ဒီရဲ့ ခွေး တော်ဖီဟာ ဆန်မီ ခုံအောက်မှာ ကွေးကွေးလေး အိပ်နေပါတယ်။
မန်ဒီကလည်း သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ဆန်မီကိုပြောပြပါတယ်။ နှစ်ပေါင်း၃၀ ကျော်လွန်ခဲ့ပေမဲ့လည်း နာကျင်မှုတွေ ခံစားနေရဆဲပါ။
သူ့ရဲ့ အသက် ၁၁ နှစ်အရွယ်မှာ စော်ကားခံခဲ့ရတယ်ဆိုတာ မန်ဒီမှတ်မိနေပါတယ်။ ဖခင်ဖြစ်သူဟာ လူအများလေးစားခံရတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်သလို၊ ကရုဏာရှင် ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ယောက်လည်းဖြစ်ပါတယ်။ သူက မန်ဒီကို အဝတ်အစားတွေချွတ်ပြီး ရေအတူချိုးစေခဲ့တာပါ။
ဒီအဖြစ်အပျက်နောက်ပိုင်းကစပြီး ဖခင်ဖြစ်သူဟာ မန်ဒီရဲ့ အခန်းထဲကို ညစဉ်နီးပါ တိတ်တဆိတ် ဝင်ရောက်လာခဲ့ပါတယ်။ ဘယ်သူ့ကိုမှ မန်ဒီ မပြောရဲခဲ့ပါဘူး။ ဖခင်ဟာ ကြောက်စရာ ကောင်းသလို၊ မန်ဒီဟာ ပိတ်မိနေသလို ခံစားခဲ့ရပါတယ်။
တစ်နေ့မှာတော့ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာကို မန်ဒီ သိလိုက်ရပါတယ်။
"ဒါက တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်နဲ့ ထိုးလိုက်သလိုပဲ။ အဲဒီလို အဖေ လုပ်ခဲ့တာ။ ငါ့အဖေက ငါ့ရဲ့ ကိုယ်ပိုင်ဗီဇကို ထိုးသွင်းလိုက်တာပဲ" ဆိုပြီး မန်ဒီက ဆန်မီကို ပြောပြပါတယ်။ သူဘာလုပ်ရမယ်မှန်းလည်း မသိခဲ့ပါဘူး။
ကိုယ်ဝန်အကြောင်း ဖခင်ဖြစ်သူ သိသွားချိန်မှာတော့ မန်ဒီမှာ တခြားရွေးချယ်စရာ မရှိပါဘူး။ ကလေးကို မွေးရတော့မှာပါပဲ၊ ပြီးတော့ သူ့လိုပဲ အဖေလို့ပဲ ခေါ်ရတော့မှာပါပဲ။
မွေးခန်းထဲမှာ မန်ဒီ အဖေဖြစ်သူလည်း ရှိနေခဲ့ပါတယ်။ သားဖွားဆရာမတွေက မွေးကင်းစလေးကို သူ့လက်ထဲ ထည့်လိုက်ပါတယ်။
"ဒါက ငါ့ကို ဖျက်ဆီးလိုက်တာပဲ။ သူက ငါ့ကလေးကို ချီထားခဲ့တယ်" လို့ မန်ဒီက ပြောပါတယ်။ "ကလေးချီထားတဲ့ လက်တွေကို ဖယ်လိုက်စမ်းပါ။ ဒီကနေ ဝေးဝေး ထွက်သွား" ဆိုပြီး တွေးနေခဲ့တယ်လို့ မန်ဒီက ပြန်ပြောပြပါတယ်။
"ဒီကလေးက ငါ့ကလေး၊ အဖိုးတန်တယ်။ သူ့ကို ငါထာဝရ ကာကွယ်ပေးသွားမယ်"
အဲဒီနောက် အခွင့်အရေး ရတဲ့ အချိန်မှာတော့ အနှီးတွေ၊ နို့မှုန့်တွေကို ကလေးလက်တွန်းလှည်းထဲ ထည့်ပြီး မန်ဒီ အိမ်က ထွက်လာခဲ့ပါတယ်။ ဘယ်တော့မှ ပြန်မသွားခဲ့ပါဘူး။

စော်ကားခံရပြီး ကိုယ်ဝန်ရခဲ့တာနဲ့ ချစ်ခြင်းမေတ္တာ ပေါင်းသင်းဆက်ဆံရေးကြောင့် ကိုယ်ဝန်ရတာ နှိုင်းယှဉ်ရင် ဘယ်လိုကွာခြားသလဲ ဆိုပြီး ဆန်မီ ကမေးလိုက်ပါတယ်။
"ဟုတ်တယ်" ဆိုပြီး မန်ဒီက ပြန်ပြောပါတယ်။ သူ့ရင်သွေးဟာ ချစ်ခြင်းမေတ္တာကြောင့် ကိုယ်ဝန်ရခဲ့တာမဟုတ်ဘူး။ ဘီလူး သရဲ တစ်ကောင်ကြောင့် ကိုယ်ဝန်ရခဲ့တာလို့ ပြန်ပြောပါတယ်။
"ဒါပေမဲ့ ဘုရားသခင် အလိုကျပါပဲ။ သားကို ငါချစ်တယ်။" လို့ ဆိုပါတယ်။
မန်ဒီရဲ့ သားဖြစ်သူကို လက်ရှိ ခင်ပွန်း ပိဒ် က တရားဝင် မွေးစားလိုက်ပြီး သူတို့ နောက်ထပ် ရတဲ့ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေကြပါတယ်။
မန်ဒီဟာ ဖခင်ဖြစ်သူရဲ့ စော်ကားခံရမှုကနေ လွတ်မြောက်ခဲ့ပေမဲ့လည်း နောက်ဆက်တွဲအ ကျိုးဆက်ကနေတော့ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ သူ့ရဲ့သား ဟာ မျိုးဗီဇ ချို့တဲ့မှုနဲ့ မွေးဖွားလာခဲ့လို့ပါပဲ။
နှစ် ၃၀ ကြာတဲ့ အထိ သားဖြစ်သူကို ၂၄ နာရီ ပတ်လုံး ပြုစုစောင့်ရှောက်နေရပါတယ်။ သားဖြစ်သူဟာ ဗီဒီယိုဂိမ်းနဲ့ နပန်းကစားရတာကို ကြိုက်နှစ်သက်ပါတယ်။ အဓမ္မပြုကျင့်ခံရပြီး မွေးဖွား လာတယ်ဆိုတာကိုလည်း သူ့မှာ နားလည်နိုင်စွမ်း မရှိပါဘူး။ ဒါကို မရှင်းပြရတာကိုပဲ မန်ဒီက ကြံဖန်ကျေးဇူးတင်နေရတာပါ။ ဒါပေမဲ့ သူ့သားကတော့ သူ့ဘဝ တစ်လျှောက်လုံး ခံစားနေရမှာ ဖြစ်ပါတယ်။
"ကျွန်မက ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့သူလို့ အမြဲပြောတယ်။ ကျွန်မ သားကမှ ရာဇဝတ်မှုကျူးလွန်ခဲ့ရသူပါ" ဆိုပြီး မန်ဒီက ပြောပြပါတယ်။
ဆန်မီနဲ့ မန်ဒီတို့ဟာ အချင်းချင်း မတွေ့ဆုံနိုင်သေးခင်အချိန်အထိ သူတို့ရဲ့ ခံစားချက်တွေကို မြိုသိပ်ထားခဲ့ရပါတယ်။
"ဘယ်လို အခြေအနေမျိုးပဲ ကြုံပါစေ။ ရှေ့ဆက်ပါ။ ပျော်ပျော်နေပါလို့ မန်ဒီက ကျွန်မကို လမ်းပြခဲ့တယ်" လို့ဆန်မီက ဆိုပါတယ်။ ဒါမျိုးကြုံခဲ့ရသူတွေ ဖွင့်ပြောကြပါလို့လည်း သူက တိုက်တွန်းပါတယ်။
နောက်ဆုံးမှာတော့ မုဒိမ်းမှုကြောင့် မွေးလာခဲ့သူတွေရဲ့ ဘဝတွေကို လူတွေ သိခွင့်ရခဲ့ပြီလို့ တက်ကြွလှုပ်ရှားသူတွေက ပြောနေပါပြီ။ အစိုးရရဲ့ ရာဇဝတ်မှု ကျူးလွန်ခံရသူများ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်ထဲမှာ ဒေစီ ဥပဒေကို ထည့်သွင်းရေးဆွဲထားတယ်လို့ ဆိုပါတယ်။ ဒေစီဟာ ၁၉၇၀ခုနှစ်မှာ မုဒိမ်းပြုကျင့်ခံရမှုကနေ မွေးဖွားလာခဲ့သူ ဖြစ်ပြီး တက်ကြွလှုပ်ရှားသူ တစ်ယောက်လည်းဖြစ်ပါတယ်။
ဥပဒေပြောင်းလဲ သွားရင် နေးလ် နဲ့ တက်စ်နင် တို့လိုလူတွေရဲ့ ထိခိုက်နာကျင် ခံစားခဲ့ရမှုတွေကိုလည်း လူတွေ နားလည် လက်ခံလာနိုင်မှာ၊ သိနိုင်လာမှာ ဖြစ်ပါတယ်။
ဒီလိုသိလာကြတဲ့အတွက် သူတို့လို မွေးဖွားလာရသူတွေဟာ ဒါမျိုးကို သူ့တို့ချည်းပဲ ခံစားနေရတာ မဟုတ်ကြောင်း သိလာကြလိမ့်မယ်လို့ နေးလ် နဲ့ တက်စ်နင် တို့ မျှော်လင့်နေကြတာပါ။
"အမည်းစက်တွေ အများကြီးရှိမယ်။ ကျွန်မဆီကို ရောက်မလာသင့်ဘူး ဆိုပေမဲ့ ဘယ်သူနဲ့ ဆက်နွှယ်သလဲ ဆိုတာက ကိစ္စမရှိဘူး။ ကျွန်မဟာ ကျွန်မပဲ။ ဒါတွေက ကျွန်မရဲ့ အမှားမဟုတ်ဘူး။ ကျွန်မက ထိခိုက်ခံစားရသူပါ။ ဒီလိုမျိုးတွေးထားဖို့ တက်စ်နင်က သူ့လိုလူတွေအတွက် အားပေးပါတယ်။
ဒီကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတာက သူ့အမေရဲ့ ပုံရိပ်ကို ဆက်လက် ရှင်သန်စေမှာ ဖြစ်ပြီး၊ ကြေကွဲဖွယ် အဖြစ်အပျက်တွေကို ဦးတည်ဖို့ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း လည်း သူက ဆိုပါတယ်။
"အမေ့ကို စကားပြောခွင့်ရမယ် ဆိုရင်၊ သူ ဘယ်လောက် သတ္တိရှိကြောင်း ပြောပြလိုက်မယ်"
"ကျွန်မ အဆင်ပြေတယ်။ အကုန် အဆင်ပြေတယ်" လို့လည်း ပြောလိုက်မယ်။




