ဇန်နဝါရီ ၇ ရက်ထိပ်တန်းသတင်းများ - ဖားကန့်က စစ်ကောင်စီစခန်းတွေကို KIA၊ KPDF သိမ်းပိုက်

ဖားကန့်က စစ်ကောင်စီစခန်းတွေကို KIA ၊ KPDF  သိမ်းပိုက် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)
ရေးသားခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရဲ့ အစွန်အဖျားကျေးရွာတွေဖြစ်တဲ့ ဝှေခါနဲ့ နန့်တိန်ရွာတို့က စစ်ကောင်စီစခန်းတွေကို မနေ့ ဇန်နဝါရီ ၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ကိုပါ ဖမ်းဆီးရမိထားတယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF)ဆီက သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက်နဲ့ အခြေအနေအသေးစိတ်ကိုတော့ ထုတ်မပြောသေးပါဘူး။

"ဆယ်ဇင်းကလာမယ်ဆို ဝှေခါရွာက ဖားကန့်အစပဲ။ အင်းတော်ကြီးဘက်ကဆိုရင် နန့်တိန်က အစပေါ့။ ဒီတောင်မြောက်အစွန်က နှစ်ရွာကို တပြိုင်နက်တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ကုန်းတွေကလွဲလို့ ရဲစခန်း၊ ကင်းအကုန်သိမ်းထားနိုင်ပါတယ်။ ကျွန်တော်တို့ဝိုင်းထားတဲ့သဘောပါ" ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ်အစ ဖားကန့်မှာ ပထမဆုံးဖြစ်ပွားတဲ့ မနေ့တိုက်ပွဲဟာ မနက် ၅ နာရီဝန်းကျင်ကစတင်ပြီး နေ့လယ် ၂ နာရီခွဲဝန်းကျင်အထိ KIA ၊ PDF ပူးပေါင်းအဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေ သုံးကြိမ်ထပ်မနည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလိုလေကြောင်းပစ်ခတ်မှုကြောင့် ဝှေခါရွာက နေအိမ်အချို့ပျက်စီးသလို အရပ်သား ၇ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသခံတွေအပြောအရလည်း မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး ငါးမိနစ်ခြားတစ်ခါနီးပါး လက်နက်ကြီးပစ်ခတ်သံတွေဆက်တိုက်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖားကန့်တမြို့လုံးနီးပါး စစ်ရေးတင်းမာနေတဲ့အနေအထားလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြောထားပြီး စစ်ကောင်စီတပ်ဘက်ကတော့ မနေ့တိုက်ပွဲအပါအဝင် ဖားကန့်အခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိပါဘူး။

ခမ်းပတ်မြို့အနီးမှာ လေယာဥ်နဲ့ဗုံးကြဲခံမှု ကလေးငယ်အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး

ဗုံးကြောင့် ထိမှန်ပျက်စီးသွားတဲ့ စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, CNO

ဓာတ်ပုံ ပုံစာ, ဗုံးကြောင့် ထိမှန်ပျက်စီးသွားတဲ့ စာသင်ကျောင်း

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အနီးက ကနန်စံပြကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးသူ အနည်းဆုံး ၁၀ ဦးထက်မနည်းရှိတယ်လို့ သိရပါတယ်။

တမူးမြို့အထွက် တမူး-ခမ်းပတ် ကားလမ်းဘေးက ကနန်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်အချိန်မှာ လာရောက်ဗုံးကြဲခဲ့တာလို့ ဒေသခံတွေဆီကနေ ဘီဘီစီက သိရှိရပါတယ်။

ရွာထဲက စာသင်ကျောင်း အနီးမှာ ဗုံးနှစ်လုံး၊ နှစ်ခြင်းဘုရားကျောင်းအနီးမှာ ၁ လုံးကျရောက်ပေါက်ကွဲ ခဲ့တာလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(အထက်ချင်းတွင်းဒေသ)ကလည်း သတင်းထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရသူများပြားပြီး သေဆုံးသူအရေအတွက်လည်း ဒီထက်များနိုင်တဲ့အခြေအနေလို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး နောက်ဆုံးရသတင်းတွေကို ဆက်လက်ဖော်ပြပေးပါမယ်။

ကရင်နီမှာ လက်နက်ကြီးကြောင့် တစ်လအတွင်း သေဆုံးသူ ၇ ဦးရှိ

လက်နက်အစအနတွေကြောင့် ထိမှန်ပျက်စီးသွားတဲ့ ကရင်က အဆောက်အအုံတစ်လုံး

ဓာတ်ပုံ ရင်းမြစ်, KHRG

ဓာတ်ပုံ ပုံစာ, လက်နက်အစအနတွေကြောင့် ထိမှန်ပျက်စီးသွားတဲ့ ကရင်က အဆောက်အအုံတစ်လုံး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကယား(ကရင်နီ)ပြည်နယ်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ တစ်လအတွင်း လက်နက်ကြီး ထိမှန်သေဆုံးသူ ၇ ဦး အထိရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောလာပါတယ်။

သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးနဲ့ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၄ ဦးတို့ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လေယာဥ်ကနေ ဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူ ၆ ဦး ဒဏ်ရာရခဲ့သလို မိုင်းနင်းမိလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တာကြောင့် တစ်လအတွင်း လူ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းတွေဟာ ကရင်နီ လူ့အခွင့်အဖွဲ့ကနေရရှိတဲ့အချက်အလက်တွေကို ပြုစုထားတဲ့မှတ်တမ်းတွေသာဖြစ်ပြီး အချက်အလက် မရယူနိုင်တဲ့ ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း တိုက်ပွဲအခြေအနေအရဆိုရင် ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေ နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။

မြို့ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ထိန်းသိမ်းထားသလို မြို့အဝင်အထွက်ကိုလည်း ထိန်းချုပ်ထားတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကနေ ဘီဘီစီက သိရှိရပါတယ်။

‘‘ပြီးခဲ့တဲ့တစ်ပတ်တုန်းကဆိုရင် ဖယ်ခုံမြို့လယ်မှာရှိတဲ့ ဘုရားကျောင်းနဲ့ စာသင်ကျောင်းကို အဓိက ဦးတည်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ နောက် ဖယ်ခုံအထွက်မှာရှိတဲ့ လွယ်ပါသာဘုရားတောင် ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာရှိတယ်။ ထို့နည်းတူပဲ မိုးဗြဲ ဘက်မှာဆိုရင်လည်း လူထုတွေ နေရပ်ပြန်ရေး ကြိုးပမ်းနေတဲ့အခါမျိုးနဲ့ နေအိမ်တွေပြန်ပြီး ပစ္စည်းပြန်ယူဖို့ နည်းနည်း လူစုစုဝေးရှိတဲ့အချိန်မှာ လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု အမြဲတမ်း ရှိနေတယ်’’ လို့ ကရင်နီအမျိုးသားများတော်လှန်ရေးတပ်(KNDF)ပြောခွင့်ရသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ကယား(ကရင်နီ)မှာ စတင်တဲ့ ၁၁၁၁ စစ်ဆင်ရေး စတင်ချိန်ကနေ ၂ လနီးပါးအတွင်း ဖယ်ခုံနဲ့မိုးဗြဲမြို့နယ် တစ်လျှောက်က စစ်ကောင်စီတပ်စခန်းငယ် ၂၀ ခန့်ကို ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

ပါတီတွေနဲ့တွေ့ဆုံချိန် စီးပွားရေးကိစ္စ စစ်ခေါင်းဆောင်ပြော

နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံ‌ရေးပါတီတွေနဲ့ တွေ့ဆုံပွဲ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံ‌ရေးပါတီတွေနဲ့ တွေ့ဆုံပွဲ

နိုင်ငံခြားချေးငွေ မရရှိဘဲ ပိတ်ဆို့မှုတွေကြုံခဲ့ရတာ၊ စားသုံးဆီ၊ စက်သုံးဆီလိုအပ်ချက်အတွက် နိုင်ငံခြားငွေတွေ သုံးနေရတာ၊ ပို့ကုန်ရငွေနဲ့စီးပွားရေးလည်ပတ်ဖို့ ကြိုးပမ်းနေရတဲ့အကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောလာပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးမှာ ပြင်ဆင်လိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေသစ်အောက်မှာ ပြန်လည်မှတ်ပုံတင်ထားတဲ့ပါတီတွေနဲ့ နေပြည်တော်မှာ မနေ့က ပထမဆုံးအကြိမ်တွေ့ဆုံချိန် သူက အခုလိုပြောလိုက်တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲ အောင်မြင် အထမြောက်အောင် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပေမဲ့ လက်နက်ကိုင် အကြမ်းဖက်မှု ဖြစ်စဥ်တွေကြောင့် အဟန်တားတွေ ဖြစ်နေရတယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေးပါတီတွေကတော့ ချမှတ်ထားတဲ့စည်းကမ်းချက်တွေထဲက အချို့ကို ဖြေလျော့ပေးဖို့အပါအဝင် တွေ့ဆုံပွဲကို တက်ရောက်တဲ့ ပါတီတွေကတော့ ပြည်သူ့လုံခြုံရေးစနစ်မှာ ပါတီတွေက အားဖြည့်ဆောင်ရွက်နိုင်တဲ့အခြေအနေ၊ အဲဒီစနစ်ပေါ်လာနိုင်ရေး နိုင်ငံရေးပါတီတွေကို အခွင့်အလမ်း ဖန်တီး ပေးဖို့ စတာတွေကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်ထက် ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ခွင့်ပြုတဲ့ပါတီ ၃၉ ပါတီအထိ ရှိနေပါတယ်။

ရှမ်းမြောက်အရေး စစ်ခေါင်းဆောင်နဲ့ဆွေးနွေးခဲ့တယ်လို့ တရုတ်ပြော

တရုတ် နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ ဗိုလ်ချု်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန

ဓာတ်ပုံ ပုံစာ, တရုတ် နိုင်ငံခြားရေး ဒုတိယဝန်ကြီးနဲ့ ဗိုလ်ချု်မှူးကြီး မင်းအောင်လှိုင်

ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေအပါအဝင် နှစ်နိုင်ငံ အကျိုးစီးပွားနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို မြန်မာစစ်ခေါင်းဆောင်နဲ့တွေ့ဆုံချိန်ဆွေးနွေးခဲ့တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဘက်က ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ ၃ ရက်ကြာ နေပြည်တော်ခရီးစဥ်အတွင်းမှာ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ပေါ်ပေါက်ရေး အပြုသဘောဆောင်တဲ့ကဏ္ဍကနေ တရုတ်နိုင်ငံက ပါဝင်ထောက်ခံမယ်ဆိုတဲ့အကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်ဘက်ကတော့ ‘‘ပိုးလမ်းမ(BRI) နဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးချမ်းရေး ပူးတွဲထိန်းသိမ်းဖို့၊ အွန်လိုင်းငွေကြေးလိမ်လည်မှုရာဇဝတ်မှုလို နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ဖျက်ရေး ပူးပေါင်းဖို့ ဆွေးနွေးခဲ့တယ်’’ လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဥ်ရှိနေချိန်မှာပဲ လောက်ကိုင်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)က ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချမှုထွက်ပေါ်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေရဲ့လုံခြုံရေးအပြင် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဦးစားပေးတဲ့အနေနဲ့ တပ်မှူးတွေက အခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ဘီဘီစီကို မနေ့က ပြောထားပါတယ်။

တရုတ်ဒုဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဥ်မှာ ဘာတွေ အဓိက ဆွေးနွေးခဲ့ကြပါသလဲ။ ဘီဘီစီသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေပါဝင်တဲ့ ‘‘တရုတ်သံအဖွဲ့ဘာကြောင့်နေပြည်တော်ရောက်လာသလဲ’’ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လောက်ကိုင် ဒကစ လက်နက်ချတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘာပြောလဲ

ဇန်နဝါရီ ၇ ရက်ထိပ်တန်းသတင်းများ - လောက်ကိုင် ဒကစ လက်နက်ချတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, The Kokang

မြန်မာစစ်တပ်သမိုင်းမှာ ပထမဆုံးလက်နက်ချတဲ့ ဒေသကွပ်ကွဲမှုစစ်ဌာချုပ်(ဒကစ)ဖြစ်လာတဲ့ လောက်ကိုင် ဒကစ ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်လုံခြုံရေးဦးစားပေးခဲ့ကြောင်းနဲ့ တရုတ် - မြန်မာချစ်ကြည်ရင်းနှီးမှုအတွက် အခုလိုဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပါတယ်။

"နယ်စပ်ဒေသဖြစ်တဲ့အတွက် တရုတ် - မြန်မာချစ်ကြည်ရင်းနှီးမှုပေါ့။ မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့လည်း လက်နက်ကိုင်အဖွဲ့တွေက ပစ်ပြီး မြန်မာ့တပ်ကပစ်သလိုလုပ်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပျက်စီးအောင် လုပ်ဆောင်နေတာရှိတယ်။ အဲဒါတွေကိုထည့်သွင်းစဉ်းစားပြီး ‌ဒေသခံတပ်မှူးတွေက အကောင်းဆုံးစဉ်းစားခဲ့တာဖြစ်တယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာရှိတဲ့လောက်ကိုင်ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၉၅ ဦးနဲ့ တပ်မိသားစုဝင် ၁၆၀၁ ဦး တို့ ဇန်နဝါရီ ၅ ရက်နေ့က လက်နက်ချခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ခဲ့ပြီး သူတို့ကို ဘေးကင်းရာပို့ဆောင်ပေးထားတယ်လို့ ထုတ်ပြောထားပါတယ်။

ဘီဘီစီသတင်းရင်းမြစ်တွေပြောကြားချက်အရလည်း လက်နက်ချခဲ့တဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ် ခြောက်ဦးလည်း လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဆီ မနေ့က ပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ဒီကနေ့ ဇန်နဝါရီ ၇ ရက်မနက်ပိုင်းထုတ်ပြန်ချက်အရတော့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ရက်ပေါင်း ၇၀ ကျော်အတွင်း လက်နက်ချစစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် ၄၀၀၀ နီးပါး ရှိလာပြီလို့ ဆိုပါတယ်။

ဒါအပြင် မနေ့ ဇန်နဝါရီ ၆ ရက် ည ၉ နာရီခန့်မှာလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကုန်လုံး ရက္ခိုင့်တပ်တော်(အေအေ)ဆီ လက်နက်ချခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

ကျောက်တော်မြို့နယ်၊ တင်းမရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ရှည်တောင်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ အခုလအစကတည်းက အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းအသုံးပြုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ တောင်ရှည်တောင်ဗျူဟာကုန်းက လက်နက်ချဖြစ်စဉ်နဲ့ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က အသေးစိတ်ထုတ်ပြန်လာတာတော့ မတွေ့ရသေးပါဘူး။