လဇ် ထရပ်စ် ဘာလို့ နုတ်ထွက်

လဇ်ထရပ်စ်
ရေးသားခဲ့သည်။

ယူကေရဲ့ ဝန်ကြီးချုပ်အဖြစ် သီတင်းခြောက်ပတ် တာဝန်ထမ်းဆောင်ခဲ့အပြီးမှာ လဇ်ထရပ်စ် နုတ်ထွက်သွားပါပြီ။ သူဘာကြောင့် နုတ်ထွက်ခဲ့သလဲ၊ တကယ်လို့ နိုင်ငံရေး သတင်းတွေနဲ့ မျက်ခြည်ပြတ်နေခဲ့ရင် ဒီမှာဖတ်ကြည့်လိုက်ပါ။

 

ယူကေရဲ့ သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်

 လဇ်ထရပ်စ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ဝန်ကြီးချုပ်ဟောင်း ဘောရစ္စ ဂျွန်ဆင်ရဲ့ နေရာကို ဆက်ခံပြီး ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်အဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၄၅ ရက် ကြာပြီးနောက်မှာ ဒီတာဝန်တွေကနေ သူနုတ်ထွက်ကြောင်းကို ကြေညာခဲ့ပါတယ်။

ဒါကြောင့်သူဟာ ဗြိတိသျှ သမိုင်းမှာ သက်တမ်း အတိုဆုံး ဝန်ကြီးချုပ် ဖြစ်သွားပါတယ်။ သူ့အရင်က သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူက ဂျော့ချ် ကန်နင်း ဖြစ်ပြီး ၁၈၂၇ ခုနှစ်က ဝန်ကြီးချုပ်သက်တမ်း ၁၁၉ ရက် အကြာ တာဝန်ထမ်းဆောင်ဆဲ ကာလအတွင်းမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

 

ပြဿနာတွေအကြား မြန်မြန် ရောက်သွားခဲ့သူ  

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူဝန်ကြီးချုပ်အဖြစ် တာဝန်စတင် ထမ်းဆောင်ပြီး သီတင်း ၃ ပတ်အကြာမှာ သူ့ရဲ့ ထောက်ခံမှုနဲ့ အဲဒီ အချိန်က ဘဏ္ဍာရေး ဝန်ကြီးဖြစ်သူ ကွာစီ ကွာတဲန်းက မီနီဘတ်ဂျက်လို့ ခေါ်တဲ့ ပေါင် ၄၅ ဘီလျံ အခွန်လျှော့ထားတဲ့ အသေးစား ရသုံး မှန်းခြေ ငွေစာရင်းတခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ မီနီ ဘတ်ဂျက်ကြောင့်ပဲ စီးပွားရေး မတည်မငြိမ် ဖြစ်လာရတယ်လို့ ဆိုကြပါတယ်။ အဲဒီ အချိန်ကတော့ လဇ်ထရပ်စ်က လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါလို့ ပြောနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ မီနီ ဘတ်ဂျက်ထဲက အချက်တော်တော်များများ နောက်ကြောင်း ပြန်လှည့်သွားခဲ့သလို ဘတ်ဂျက်ထုတ်ခဲ့တဲ့ ကွာတဲန်း ကိုယ်တိုင်လည်း ဘဏ္ဍာရေး ဝန်ကြီးနေရာက အထုတ်ခံခဲ့ရပြီ ဖြစ်ပါတယ်။

 

သူ့ ပါတီဝင် အမတ်တွေကစပြီး ပြောင်ပြောင်တင်းတင်း ဝေဖန်လာကြ

 လဇ် ထရပ်စ်ရဲ့ တိုရီ ပါတီဝင် ဒါဇင်နဲ့ချီပြီး ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြစဉ်မှာပဲ ပြည်ထဲရေး ဝန်ကြီး ဆူဝဲလာ ဘရာဗာမန်း နုတ်ထွက်သွား ခဲ့ပါတယ်။  ထရပ်စ်ဟာ ဘဏ္ဍာရေး ဝန်ကြီးနေရာမှာ သူ့ပါတီတွင်း ပြိုင်ဘက်တွေ ဖြစ်တဲ့ ဂျယ်ရမီ ဟန့် နဲ့ ပြည်ထဲရေး ဝန်ကြီး နေရာမှာ ဂရန့် ရှာ့ပ်စ်တို့ကို ခန့်အပ်ခဲ့ရပါတယ်။

 

သူ့ ကတိအတိုင်း အကောင်အထည် မဖော်နိုင်ဘူးလို့ ပြော  

လဇ်ထရပ်စ်က သူ့ရဲ့ နှုတ်ထွက်စကား မိန့်ခွန်းများထဲမှာတော့ သူ့ကို ကွန်ဆာဗေးတစ် ပါတီက ခေါင်းဆောင်အဖြစ် ရွေးချယ်ပေးအပ်ခဲ့တဲ့ တာဝန်တွေကို သူ အကောင်အထည်ဖော်ပေးနိုင်မှာ မဟုတ်တဲ့ အတွက် နုတ်ထွက်ရတာပါလို့ ပြောပါတယ်။

 

အရင် ဘဏ္ဍာရေး ဝန်ကြီး ရီရှီ ဆူးနတ်ခ်ကို အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာ  

ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် နေရာအတွက် ကွာဆာဗေးတစ် အမတ်တွေနဲ့ ပါတီဝင်တွေကပဲ မဲပေး ရွေးချယ်ရတာ ဖြစ်ပါတယ်။ ဆူးနတ်ခ် ဟာ အမတ်တွေပေးတဲ့ မဲတွေမှာ ထိပ်ဆုံးက အသာရနေပေမယ့် နောက်ဆုံး အဆုံးအဖြတ်အဖြစ် ပါတီဝင်တွေက မဲပေး ကြတဲ့ အခါမှာတော့ ထရပ်စ်က မဲပေါင်း ၈၀,၀၀၀ ကျော် အသာနဲ့ ပါတီခေါင်းဆောင်နေရာကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

 

သူ့နေရာ ဘယ်သူလာမလဲ မသိသေး  

လာမယ့် သီတင်းပတ်အတွင်း ပါတီခေါင်းဆောင်သစ် ရွေးမယ်လို့ သိရပါတယ်။ အဲဒီခေါင်းဆောင်သစ် ဘယ်သူဖြစ်မလဲ ဆိုတာ အဖြေမသိရသေးခင်အထိ လဇ် ထရပ်စ်ဟာ ခေါင်းဆောင် အဖြစ် ဆက်လက် ရပ်တည်သွားမှာ ဖြစ်ပါတယ်။  

 

ဒုတိယမြောက် အဲလစ်ဇဘက်သ် ဘုရင်မကြီး နောက်ဆုံး ခန့်အပ်ခဲ့တဲ့ ဝန်ကြီးချုပ်  

ဘုရင်မကြီးဟာ နတ်ရွာမစံခင် ရက်ပိုင်းလေး အလိုမှာပဲ လဇ် ထရပ်စ်ကို ဝန်ကြီးချုပ် နေရာမှာ ခန့်အပ်ခဲ့တာ ဖြစ်ပြီး လဇ်ထရပ်စ်ရဲ့ ဝန်ကြီးချုပ် သက်တမ်းကလည်း နတ်ရွာစံ ဘုရင်မကြီး အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၁၀ ရက်တာ ကာလနဲ့ပဲ စခဲ့ရတာ ဖြစ်ပါတယ်။

 

တချိန်က စီးပွားရေး ပညာရှင် လုပ်ခဲ့ဖူးသူ  

လဇ် ထရပ်စ်ဟာ တက္ကသိုလ်က ဘွဲ့ရပြီးတဲ့ နောက်မှာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Shell နဲ့ Cable & Wireless တို့မှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ စာရင်းကိုင် Hugh O'Leary နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့ ဇနီး မောင်နှံမှာ သမီး ၂ ဦး ထွန်းကားပြီး  နော့ဖွတ်ခ်နယ်အတွင်းက သတ်ဖွတ်မြို့ မှာ နေထိုင်ပါတယ်။