ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၂၇ ရက်ထိပ်တန်းသတင်းများ - ရှမ်းမြောက်တိုက်ပွဲ နောက်ဆုံးရသတင်းစုစည်းချက်
မြန်မာပြည်မြောက်ပိုင်း က တိုက်ပွဲတွေအတွက် နှစ်ဖက်ဆွေးနွေးဖို့ တရုတ်အစိုးရပြော
မြန်မာနိုင်ငံမြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေအတွက် အပစ်အခတ်ရပ်စဲဖို့နဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ စစ်တပ်နဲ့ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမော်နင်ကပြောကြားလိုက်ပါတယ်။
“တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေး အတွက် ခိုင်မာထိရောက်တဲ့ အစီအမံတွေ ချမှတ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေကနေတဆင့် သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ နဲ့ ပြဿနာမကြီးထွားလာစေဖို့ သက်ဆိုင်ရာ အင်အားစုတွေကို တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာ စတင်လို့ စစ်ဆင်ရေးအမည်ကို ၁၀၂၇ လို့ အမည်ပေးထားပြီးကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA၊ ရက္ခိုင့်တပ်တော် AA တို့ပါတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေဦးဆောင်ပြီး တခြားမဟာမိတ်တပ်တွေပါဝင်တဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးကနေ မြောက်ဘက်ခြမ်း တရုတ်နယ်စပ်က ချင်းရွှေဟော်အထိ ၊ လားရှိုးကနေ တောင်ဘက်ကကွတ်ခိုင် - နမ့်ဖတ်ကာ မူဆယ်အထိ တိုက်ပွဲတွေအထိ ဖြန့်ကြက်ထားပြီး စစ်ကောင်စီတပ်တွေကို တပြိုင်နက်တိုက်ခိုက်ခဲ့တာပါ။
စစ်ဆင်ရေး ၁၀၂၇ မှာ ပူးပေါင်းပါဝင်နေကြောင်း BPLA နဲ့ မန္တလေး PDF ပြော
ဒီကနေ့ မနက်အစောပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေ စတင်တိုက်ခိုက်နေတဲ့ စစ်ဆင်ရေး ၁၀၂၇ မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) တို့လည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း ထုတ်ပြောလာပါတယ်။
"BPLA အနေနဲ့ ရှေ့တန်းတိုက်ခိုက်ရေးနဲ့ ဒရုန်းတပ်ဖွဲ့တွေမှာ ပါဝင်တိုက်ခိုက်နေပါတယ်" လို့ BPLA ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။
စစ်ဆင်ရေးအစိတ်အပိုင်းအနေနဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ မနေ့ ညပိုင်းကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ BPLA နဲ့ မန္တလေး PDF အဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း တအာင်းတပ် TNLA က ဘီဘီစီကို ပြောထားပါတယ်။
စစ်ကောင်စီဘက်က မြောက်ပိုင်းမဟာမိတ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး ၁၀၂၇ အဖြစ် တိုက်ပွားဖြစ်ပွားရာနေရာတွေမှာ လေကြောင်းတိုက်ခိုက်တာ၊ တင့်ကား အပါအဝင် လက်နက်ကြီး ပစ်ကူတွေနဲ့ပါ အင်အားအလုံးအရင်းသုံးပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ချင်းရွှေဟော်တဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ရဲနဲ့တပ်အဖွဲ့ဝင်အချို့ သေဆုံးမှုရှိကြောင်းနဲ့ ချင်းရွှေဟော်မြို့ပေါ်ကို ထိန်းသိမ်းထားနိုင်ဆဲလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သတင်းဌာနအချို့မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ နောက်ဆုံးရတိုက်ပွဲအခြေအနေကို ဒီကနေ့ညနေပိုင်းအထိ တရားဝင်သတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
နမ့်ခမ်း တာဝါတိုင်စခန်းကို သိမ်းဆည်းခဲ့ကြောင်း TNLA ပြော
ဒီကနေ့ မနက်အစောပိုင်းမှာ စတင်ကြေညာတဲ့ ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ တအာင်းလွတ်မြောက်ရေးတပ် TNLA အနေနဲ့ နမ့်ခမ်းတာဝါတိုင်စခန်းကို သိမ်းဆည်းရမိထားပြီလို့ ဘီဘီစီကို ပြောပါတယ်။
"ဒီကနေ့မနက်မှာပဲ ၁၃ မိုင် အရပ်အခေါ် တာဝါတိုင်စခန်းကို ရရှိခဲ့ပါတယ်" လို့ TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တာအိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။
စစ်ဆင်ရေး ၁၀၂၇ အနေနဲ့ ရှမ်းပြည်နယ်က မြို့နယ်တွေဖြစ်တဲ့ နမ့်ခမ်း၊ လားရှိုး နဲ့ နောင်ချို ၊ မန္တလေးတိုင်းက မိုးကုတ် - ပြင်ဦးလွင်တကြောမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ပွဲတွေထဲ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ မနေ့ ညနေပိုင်းကစလို့ တိုက်ပွဲစခဲ့ပြီး နောင်ချို၊ သံဘိုရွာက စစ်ကောင်စီစခန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မနေ့ညကတည်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ပွဲဖြစ်ပွားရာတဝိုက်ကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ TNLA ရော မြို့ခံလူထုတွေဆီကပါ သိရပါတယ်။
စစ်ဆင်ရေး ၁၀၂၇ အတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိပြီး ဒီအခြေအနေနဲ့ပတ်သက်လို့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပေးဖို့ရှိတယ်လို့ TNLA က ဘီဘီစီကို ပြောပါတယ်။
ချင်းရွှေဟော်ဖောင်ဆိပ် နမ့်တိမ်တံတား ဖောက်ခွဲခံရ
ကိုးကန့်ဒေသ ရဲ့ ဝင်ပေါက် ချင်းရွှေဟော် နယ်နိမိတ်အစ မှာရှိတဲ့ နမ့်တိမ်တံတား(ဖောင်ဆိပ်) တံတား မိုင်းခွဲခံလိုက်ရတယ် လို့ ဒေသခံတွေက ဘီဘီစီ ကိုပြောပါတယ်။
ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ် (ဖောင်ဆိပ်) ဒီမနက်မှာ တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် နမ့်တိမ်တံတား ပါ မိုင်းခွဲ ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒီတံတားဟာ ကိုးကန့်ဒေသ၊ ချင်းရွှေဟော် နဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် မြို့နယ် ကို ဆက်သွယ်ထားတဲ့ ဗျူဟာမြောက်တံတား တစ်ခုဖြစ်ပါတယ်။
ဟိုပန် မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ အမြောက်တပ် နဲ့ ခြေလျင်တပ်တွေရှိနေပြီး ချင်းရွှေဟော်ကို တပ်ကူမလာနိုင်အောင် အခုလို တံတားကို ဖောက်ခွဲတာလို့ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။
ဖောင်ဆိပ်တံတားဟာ မြန်မာ-တရုတ် ပြည်ထောင်စုလမ်းမကြီး နဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်လို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ဝ တိုင်း လမ်းပန်းဆက်သွယ်ရေးရော ကုန်စည်စီးဆင်းမှုပါ ပြတ်တောက်သွားပြီ ဖြစ်ပါတယ်။
ကွတ်ခိုင်၊နမ့်ဖတ်ကာမှာလက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် အမျိုးသမီး နှစ်ဦးသေဆုံး
နမ့်ခမ်း-နမ့်ဖတ်ကာလမ်းက စစ်ကောင်စီစခန်း တချို့သိမ်းခံရ
တိုက်ပွဲတွေပြင်းထန်ပြီး လမ်းတွေပိတ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာထဲမှာ လက်နက်ကြီးကျလို့ ရပ်ကွက်(၄)က ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေဆီကသိရပါတယ်။
ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက် ၇ နာရီဝန်းကျင်အချိန်မှာ နမ့်ဖတ်ကာမှာ အခြေချတဲ့ စစ်ကောင်စီ(၁၂၃)တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက နမ့်ဖက်ကာ ရပ်ကွက်(၄)ထဲ လေးလုံးထက်မနည်း ကျရောက်ပေါက်ကွဲတာလို့ ဒေသခံအချို့ က ပြောပါတယ်။
ဘီဘီစီအနေနဲ့ ဘယ်အဖွဲ့ရဲ့ လက်နက်ဆိုတာကို သီးခြားအတည်ပြုနိုင်တာမရှိသေးသလို
စစ်ကောင်စီဘက်ကတော့ရှမ်းမြောက်တိုက်ပွဲတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
သေဆုံးသူတွေထဲ အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး နဲ့ အသက် (၃၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ ပြင်းထန်ဒဏ်ရာနဲ့နမ့်ဖတ်ကာဆေးရုံမှာသေဆုံးသွားတာလို့ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျည်စထိမှန်လို့ ဒဏ်ရာအသီးသီးရရှိထားတဲ့ ဒဏ်ရာရသူတွေထဲ အသက် ( ၆)နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးရှိနေပြီး သူတို့ကို နမ့်ဖတ်ကာဆေးရုံကိုပို့ဆောင်ထားတယ်လို့ပြောပါတယ်။
တချိန်တည်းမှာပဲ နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖတ်ကာလမ်းက စစ်ကောင်စီရဲ့ ၁၃ မိုင်စခန်းနဲ့
မိုက်ခရိုဝိတ် တပ်စခန်း နှစ်ခုကို တအာင်းတပ်မတော် TNLAက သိမ်းလိုက်တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီမှာ နမ့်ခမ်း-နမ့်ဖတ်ကာကြားရှိ စစ်ကောင်စီလက်အောက်ခံ ပန်းဆေးပြည်သူ့စစ်တပ်စခန်းကို TNLA ကဝင်ရောက်တိုက်ခိုက် စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ ရောနေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လားရှိုးလေဆိပ်ပိတ်လိုက်ပြီး ခရီးစဥ်တွေဆိုင်းငံ့ ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်လိုက်
ဒီကနေ့ မနက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေဖြစ်လာတာကြောင့် လားရှိုးလေဆိပ်ကို ပိတ်လိုက်ပြီး ခရီးစဥ်အားလုံးဆိုင်းငံ့လိုက်ပြီလို့ ပြည်တွင်းလေကြောင်းလိုင်းတွေက အတည်ပြုပါတယ်။
လားရှိုးလေဆိပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဘေးကပ်ရပ်မှာတည်ရှိပြီး ဒီကနေ့မနက်ကစလို့ စစ်ရဟတ်ယာဉ်တွေ ဆက်တိုက်ဆင်းသက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"လေဆိပ်ပိတ်လိုက်ပါတယ်၊ လေကြောင်းလိုင်းတွေပြေးဆွဲတာတော့ အသေးစိတ်မကြေညာသေးဘူး" လို့ လေကြောင်းဝန်ထမ်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီကနေ့ မနက် ၄ နာရီဝန်းကျင်ကစလို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့အပြင်မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေပြီး မြို့ထဲမှာတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရ လားရှိုးမြို့ကနေ တိုက်ပွဲဖြစ်ပွားရာ ချင်းရွှေဟော်တကြောက သန္နီ - ကွမ်းလုံ လမ်းပိုင်းတွေပိတ်ထားပြီဖြစ်သလို မူဆယ် - နမ့်ဖက်ကာ - ကွတ်ခိုင် လမ်းကြောလည်း သွားလို့မရတော့ဘူးလို့ သိရပါတယ်။
ဒီမနက်တိုက်ပွဲဖြစ်ပြီးနောက် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလည်း ရပ်သွားပြီလည်း ဖြစ်ပါတယ်။
ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နယ်စပ်မှာ လုံခြုံရေးတင်းကျပ်
ဒီကနေ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေကြောင့် တရုတ် - မြန်မာ နယ်စပ်တလျှောက် တရုတ်ဘက်က လုံခြုံရေးတင်းကျပ်လိုက်ပြီး စစ်ရှောင်တွေအတွက်ပါ ပြင်ဆင်မှုတွေ လုပ်နေပြီလို့ တရုတ်နိုင်ငံဘက်ခြမ်း ကို စစ်ရှောင်နေသူတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ရေးအခြေအနေတင်းမာနေတဲ့ ကိုးကန့်ဒေသထဲ ကနေ တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်ဘက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ကြိုတင်ရှောင်တိမ်းနေသူတွေလည်းရှိနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်ဒေသမှာ မြန်မာဘက်ခြမ်း လောက်ကိုင်မြို့ကနေ တရုတ်နိုင်ငံထဲကို ဝင်ရောက်နိုင်တဲ့ ရန်လုံကျိုင်းဂိတ်က ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့လို့ ချင်းရွှေဟော် ဂိတ်ကတဆင့် တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်မှုတွေ ရှိခဲ့ပါတယ်။
"တရုတ်ဘက်က အရမ်းတင်းကျပ်တယ်။လူတိုင်းကို ဝင်ခွင့်မပေးဘူး" လို့ လောက်ကိုင်မြို့ကနေ တရုတ်နိုင်ငံ၊မိန်းတိန်ကို ကြိုတင်စစ်ရှောင်သွားသူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ဒီကနေ့ ကိုးကန့်စစ်ဆင်ရေး စတင်လိုက်ချိန်မှာ ချင်းရွှေဟော်ကိုပါ သွားလို့မရတော့တဲ့အတွက် လောက်ကိုင်မြို့ကစစ်ဘေးရှောင်တွေ ပိတ်မိသွားပြီလို့ မြို့ခံတွေက ပြောပါတယ်။
"လေယာဉ်ပျံပေါ်ကဗုံး နဲ့ လက်နက်ကြီးမကျရင် ရပြီ။ အိမ်ထဲကနေ မထွက်ဘူး။ ဘယ်မှလည်းထွက်ပြေးလို့မှမရတော့တာ" လို့ လောက်ကိုင်မြို့၊မြန်မာတန်းမှာ နေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ နှစ်ပေါက်အောင်ပိတ်ထားတဲ့ တရုတ်မြန်မာ နယ်စပ်အမှတ် ၁၂၅ ကိုတော့ တရုတ်ဘက်က ဖွင့်ပေးထားတယ် လို့ လောက်ကိုင်ဒေသခံတွေက ဘီဘီစီ ကိုပြောပါတယ်။
MNDAA ဟာ ကိုးကန့်ကနေ လားရှိုးကို သွားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က ဖောင်ဆိပ်စခန်းကိုပါ သိမ်းပိုက်ထားလို့ ချင်းရွှေဟော်မြို့ခံတွေဟာ '' ဝ '' ပြည် နဲ့ တရုတ်ထဲကိုပဲ စစ်ရှောင်ဖို့ ရှိတေ့ာတဲ့ အခြေအနေဖြစ်ပါတယ်။
ချင်းရွှေဟော် ကနေ တရုတ်နိုင်ငံကို ဝင်တဲ့ နမ့်ဖာဟော် နယ်စပ်ဂိတ်ကို ဒီမနက်မှာတရုတ်ဘက်က ဖွင့်ထားပေးသလို ချင်းရွှေဟော်ကနေ ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ်မြို့ကို ဆက်သွယ်ထားတဲ့ ညီနောင်တံတားကိုလည်း ဖွင့်ပေးလိုက်ပြီ လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက်မှာ ကိုးကန့်တပ် MNDAA ဟာ ချင်းရွှေဟော်ကို သိမ်းလိုက်တဲ့အတွင် ဒီကနေ့မှာပဲ လောက်ကိုင်ကို တိုက်ပွဲကူးစက်လာလိမ့်မယ်လို့ မြို့ခံတွေက သုံးသပ်ထင်မြင်နေကြပါတယ်။
စစ်ဆင်ရေး ၁၀၂၇ စတင်၊ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် သိမ်းပိုက်
တရုတ် မြန်မာ ပြည်ထောင်စုလမ်းကို ပိတ်သိမ်းကြောင်း ကိုးကန့်တပ် ကြေညာ
ပြီခဲ့တဲ့ ရက်ပိုင်းကစလို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မြောက်ပိုင်းမဟာမိတ်တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေစတင်ခဲ့ပြီး လားရှိုးမြို့နယ်ကနေ တရုတ်နယ်စပ်အထိ ပါ တိုက်ပွဲတွေ ပြင်းထန်လာနေတယ် လို့ ဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၇ ရက်ကစလို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ စစ်ဆင်ရေးစပြီလို့ မြောက်မဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ က ပူးတွဲ ကြေညာချက် ထုတ်လိုက်ပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာ စတင်လို့ စစ်ဆင်ရေးအမည်ကို ၁၀၂၇ လို့ အမည်ပေးထားပါတယ်။
တပြိုင်တည်းမှာပဲ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တရုတ် မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးကို လည်း ဒီကနေ့က စလို့ အရေးပေါ်ပိတ်လိုက်ပြီလို့ ကိုးကန့်တပ် (MNDAA) က ကြေညာပါတယ်။
ဒီကနေ့မနက် ၄ နာရီ ကစလို့ ပြည်ထောင်စုလမ်းမကြီးတလျောက် တိုက်ပွဲတွေ ပြင်းထန်နေပြီး တရုတ်နယ်စပ်က ချင်းရွှေဟော်မြို့ အထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
‘’ချင်းရွှေဟော် မြို့ နဲ့ ဖောင်ဆိပ် ကို ဒီမနက်မှာပဲ ကိုးကန့်တပ် က သိမ်းလိုက်ပြီ’’ လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဖောင်ဆိပ် ဆိုတာ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ်တစ်ခု ဖြစ်ပြီး ချင်းရွှေဟော် နယ်နိမိတ် အစ ဖြစ်ပါတယ်။
ဖောင်ဆိပ်စုပေါင်း ဂိတ်မှာတာဝန်ကျတဲ့ ရဲ နဲ့ ဝန်ထမ်းတွေ သေဆုံးခဲ့ပြီး စခန်းကို စွန့်ခွာသွားပြီ လို့ ဒေသခံတွေက ဘီဘီစီ ကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း နဲ့ ကွမ်းလုံဗျူဟာ မှာရှိတဲ့ အမြောက်တပ်တွေကနေ အချက်ပေါင်း ရာကျော်အထိ အဆက်မပြတ် ပြန်လည် ပစ်ခတ်နေတယ် လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ကိုးကန့် ၊ ဝ ဒေသ နဲ့ လားရှိုးမြို့ကြား လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းက လုံးဝ ပြတ်တောက်သွားပြီး ခရီးသည်တင်ယာဉ်တွေ နဲ့ ကုန်ကား တွေပါ ရပ်နားထားလိုက်ပြီ လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။