အောက်တိုဘာလ ၂၄ ရက် သတင်းများစုစည်းချက်

ရေးသားခဲ့သည်။

ကံစည်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူဦးရေ ၅၀ ခန့်ရှိတယ်လို့ KIAအတည်ပြု

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါ (A Nang Pa) ကံစည်းရွာမှာဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရမှုခံရတဲ့ဖြစ်စဥ်မှာ သေဆုံးသူဦးရေ ၅၀ ခန့်ရှိတယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကဘီဘီစီကိုအတည်ပြုပါတယ်။

ဗုံးစထိမှန်လို့ ထိဒဏ်ရာရသူကတော့ ၃၀ကျော်နဲ့ ၄၀ကြားတယ်လို့ ဆိုပါတယ်။

မြေပြင်မှာရှိနေသူအချို့ကတော့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူစုစုပေါင်း ၁၀၀နီးပါးရှိတယ်လို့ပြောနေကြပြီး ထပ်မံအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာသူတွေကို တိုက်ခိုက်မှုခံရတဲ့ ကံစည်းဒေသအပြင်ဘက်ကို ပို့ဆောင်ကုသလို့မရတဲ့ အခြေအနေဖြစ်လို့ ကေအိုင်အေဆေးတပ်ဖွဲ့တွေ က ဆေးရုံမှာအတတ်နိုင်ဆုံးကုသပေးနေကြရတယ်လို့ ‌ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ကံစည်း‌နယ်ထဲရှိနေသူအချို့ကတော့ ဒဏ်ရာရသူတွေနဲ့သေဆုံးရုပ်အလောင်းတွေကို ‌ဖားကန့်မြို့ပေါ်နဲ့မြစ်ကြီးနားကိုသယ်ယူပို့ဆောင်ကုသဖို့အတွက် ကံစည်းတဝိုက်မှာရှိတဲ့ ဆန်းကြွယ်တံတား စစ်ကောင်စီဂိတ်စခန်းကခွင့်မပြုလို့ ဖြတ်လို့မရကြောင်း ပြောပါတယ်။

ညကဖြစ်တဲ့လေကြောင်းတိုက်ခိုက်ခံရမှုမှာရှိနေတဲ့ မျက်မြင်သက်သေ ဖြစ်သလို ဒီကနေ့ ကံစည်း‌ဒေသထဲ လူနာကုသရေးတွေကိုလုပ်ဆောင်ပေးနေသူ တစ်ဦးကတော့ '' ‌ဘာမှကြိုတင်သိရတာမရှိဘူး လေယာဥ်သံကြားတဲ့အချိန်မှာပဲ ပစ်ခံရတာဆိုတော့ပြင်ဆင်ချိန်လည်းမရဘူး။ အဓိကကတော့ သွေးထွက်လွန်ပြီးဆုံးကြတာပေါ့။‌ ပြည်သူတွေကိုထိတာပေါ့၊ ပွဲဆိုတော့ အနီးပတ်ဝန်းကျင်ရွာတွေကလည်းလာတာပေါ့။ စိတ်မကောင်းတာက တိုက်ပွဲလည်းမရှိဘဲ တမင်ကိုလာကြဲတာကိုပဲ'' လို့ပြောပြပါတယ်။

စစ်ရာဇဝတ်မှုဖြစ်တယ်လို့ KIA တုံ့ပြန်

အခုဖြစ်စဥ်ဟာ စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားကာတိုက်ခိုက်တဲ့ ပုံစံဖြစ်တာကြောင့် စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုတုံ့ပြန်ပါတယ်။

ကချင်ပြည်သူတွေ ဆယ်ချီသေဆုံးထိခိုက်ခဲ့ရတဲ့ ဒီတိုက်ခိုက်ခံံရမှုတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မှာ KIO အုပ်ချုပ်နယ်မြေတွေ၊ ဗဟိုဌာနချုပ် အစိုးရရုံးတွေနဲ့ ပညာရေးကျောင်းတိုင်းမှာ အလံကို တိုင်တစ်ဝက်ချကာလွှင့်ထူထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ကချင်ပြည်နယ် ဖားကန့်မှာ ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ပွဲလုပ်နေချိန် မနေ့အောက်တိုဘာ၂၃ရက် ည ၈နာရီခွဲမှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ဖျော်ဖြေပွဲမှာပါဝင်တဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေ ထိခိုက်တာတွေရှိတယ်လို့ ‌‌ကနဦးသတင်းတွေအရသိရပါတယ်။

မိုးမောက်မှာ စစ်ကောင်စီတပ်က ၃ ရက် ဆက်တိုက် လေကြောင်း တိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကို မိုးမောက်မြို့ကနေ ၂ မိုင်နီးပါး အကွာမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ရှိရာ လုံဂျာတောင်အနီးတဝိုက်ကို ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

လုံဂျာဘက်ကို လာတဲ့ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာလ ၂၂ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီက ဒီနေ့ အထိ သုံးရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်ပါတယ်။

လုံဂျာတောင်ကို တပ်စွဲထားတဲ့ ကချင်လွတ်မြောက်ရေးတပ်ဆီကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း KIO/KIA သတင်းတွေကို ဖော်ပြနေတဲ့ လိုင်ဇာရုပ်မြင်သံကြားဌာနရဲ့ ဗမာတိုင်းရင်းသားဘာသာ အစီစဥ် သတင်းမှာဖော်ပြထားတာတွေ့ရပါတယ်။

လုံဂျာတောင်အနီးဟာ KIA တပ်မဟာ ၃၊ အမှတ် ၁၅ တပ်ရင်းနယ်မြေဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လုံဂျာကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

KIO နေ့အထိမ်းအမှတ်ပွဲ ဗုံးကြဲခံရမှု - ထိခိုက်ဒဏ်ရာရသူတွေအခြေအနေ ဘယ်လိုရှိနေလဲ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါ (A Nang Pa) မှာဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်ခံရမှုခံရတဲ့ဖြစ်စဥ်မှာ ဒဏ်ရာရသူတွေကို ‌ကေအိုင်အေထိန်းချုပ်ထားနိုင်တဲ့ နေရာတချို့မှာဆေးကုသပေးနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ ဒဏ်ရာရသူတွေကို ဖားကန့်မြို့အထိ ယူဆောင်ကုသပေးနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ ဘီဘီစီကဆက်သွယ်လို့ရသူအချို့ကပြောပါတယ်။

'' အနန်းပါ တဝိုက်မှာ စစ်ကောင်စီဂိတ်ရှိတယ်။ အဲဒီတော့ လူနာတွေကိုသယ်ထုတ်ပြီး ဆေးကုဖို့မြို့ပေါ်ပို့ဖို့ကမလွယ်တဲ့ အခြေအနေရှိတယ်။နောက်ပြီးတော့ သူတို့မှာ နယ်မြေထိန်းချုပ်မှုအကန့်အသတ်ရှိတာလည်းပါမယ်။‌ အခုတော့လုံခြုံတဲ့နေရာတွေကိုရွှေ့ပြီးဆေးအဖွဲ့က ကုသပေးနေတယ်'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ သေဆုံးထိခိုက်သူအရေအတွက်ကို အဲဒီနေရာမှာ ရှိနေခဲ့သူတွေကိုယ်တိုင်တိတိကျကျပြောနိုင်တာမရှိသေးပေမဲ့ ထိခိုက်ဒဏ်ရာရကြတာများတယ်လို့ မနေ့ညက အဲဒီနေရာမှာရှိခဲ့သူတစ်ဦးကဘီဘီစီကိုအတည်ပြုထားပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်း လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေမှာတော့ ပွဲကျင်းပတဲ့ နေရာလို့ယူဆရတဲ့ နေရာမှာ အပျက်အစီးတွေအများအပြားဖြစ်နေသလို အဆောက်အဦဟာပြိုကျပျက်စီးနေတဲ့ အခြေအနေပါ။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ကချင်ပြည်နယ် ဖားကန့်မှာ ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ပွဲလုပ်နေချိန် မနေ့အောက်တိုဘာ၂၃ရက် ည ၈နာရီခွဲမှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ဖျော်ဖြေပွဲမှာပါဝင်တဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေ ထိခိုက်တာတွေရှိတယ်လို့ ‌‌ကနဦးသတင်းတွေအရသိရပါတယ်။

လွိုင်ကော်မှာ လက်နက်ကြီးထိမှန်ပြီး စစ်ရှောင်တစ်ဦး သေဆုံး

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က မနေ့ အောက်တိုဘာလ ၂၃ ရက်ညပိုင်းတုန်းက ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်တာကြောင့် စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်က ကုန်းသာကျေးရွာဘက်မှာရှိတဲ့ စစ်ရှောင်စခန်းဘက်ဆီကို ပစ်ခတ်မှုကြောင့် စခန်းအတွင်းက အဲဒီစစ်ရှောင်အမျိုးသားထိမှန် သေဆုံးခဲ့တာလို့ တိုးတက်သောကရင်နီအင်အားစု(PKPF)က သတင်းထုတ်ပြန်ပါတယ်။

 လက်နက်ကြီးထိမှန် ဒဏ်ရာရသူတွေဟာ သေဆုံးသူအမျိုးသားရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ဖြစ်ပြီး ဇနီးဖြစ်သူဟာ ဦးခေါင်းထိမှန်ခဲ့တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

 ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) လွိုင်ကော်တပ်ရင်းကတော့ စစ်ကောင်စီတပ်ဟာ အရင်တုန်းက ဒီးမောဆိုစစ်ဘေးရှောင်တွေရှိရာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ရာကနေ အခုဆို လွိုင်ကော်စစ်ရှောင်စခန်းတွေဘက်ကို ပစ်ခတ်တာတွေ လုပ်လာတာလို့ ပြောပါတယ်။

 စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းမှာ လက်နက်ကြီးထိမှန်တာအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်သေဆုံးတဲ့ စစ်ရှောင်အရေအတွက် ၆၅ ဦးအထိရှိလာပြီလို့ ကရင်လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

စီတရန် မုန်တိုင်းကြောင့် ရခိုင်မှာ မိုးသက်လေပြင်းနဲ့ ရေနစ်မြုပ်မှုဖြစ်နေ

ဘင်္ဂလားပင်အော်အတွင်းဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း စီတရန်(SITRANG)ကြောင့် ရခိုင်ပြည်နယ်ထဲမှာ ဒီနေ့ အောက်တိုဘာလ မနက်အစောပိုင်းကစတင်ပြီး လေပြင်းတိုက်တာ၊ မိုးရွာသွန်းတာတွေ ဖြစ်နေသလို မြို့နယ်အချို့မှာလည်း ရေနစ်မြုပ်တာတွေဖြစ်နေတယ်လို့ သိရပါတယ်။

အခုမွန်းလွဲပိုင်းအထိလည်း မိုးသက်လေပြင်းကျရောက်နေသလို ပေါက်တောမြို့နယ်အတွင်းက ဆင်တက်မော်ကျေးရွာအပါအဝင် ကျေးရွာတချို့တို့မှာ ရေကြီးမှုတွေနဲ့ကြုံနေရတဲ့အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

“မနက်ပိုင်းကတည်းက ရေတက်လာတာ။ ညကတည်းမိုးရွာတယ်။ လေလည်းတိုက်နေတယ်။ အခုရွာထဲရေပြည့်လာတော့ နေအိမ်တွေလည်းပျက်စီးတာတွေရှိနေတဲ့အတွက် လူတွေကိုတော့ ဘုန်းကြီးကျောင်းနဲ့ မြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့ပေးထားပါတယ်”လို့ ဆင်တက်မော်ရွာသားတစ်ဦးက ပြောပါတယ်။

နောက် ပေါက်တောမြို့နယ်ထဲက လူဦးရေတစ်သောင်းကျော်ရှိရာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းဖြစ်တဲ့ ငှက်ချောင်း IDP စခန်းမှာလည်း မုန်တိုင်းအရှိန်ကြောင့် စခန်းအနီးနားက ရေကာတမံတွေ ကျိုးသွားတာပြီး ရေနစ်မြုပ်လာတာကြောင့် မြေနိမ့်ပိုင်းက နေအိမ်တွေကဟာ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ မုန်းတိုင်းဟာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ရောက်ရှိလာနေပြီဖြစ်ရာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကနေ အနောက်မြောက်ဘက်သို့ ရွေ့လျားနေတယ်လို့ နေ့လယ် ၁ နာရီခန့်မှန်းတွက်ဆထားတဲ့ မိုးလေဝသနဲ့ဇလဗေဒဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မုန်တိုင်းကြောင့် မိုးသက်လေပြင်းကျရောက်မှုတွေဖြစ်ပေါ်နေသလို ပင်လယ်ပြင်အတွင်း လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းတွေကျရောက်နိုင်တာကြောင့် ငါးဖမ်းလှေတွေသတိထားသွားကြဖို့နဲ့ ရေယာဉ်လိုင်းတွေလည်း ပြေးဆွဲမှုမလုပ်ကြဖို့ကို မိုးလေဝသဌာနက သတိပေးတားမြစ်မှုတွေပြုလုပ်ထားပါတယ်။

မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ရွာသား ၉ ဦးနဲ့ အဆက်အသွယ်မရတာ ၁ လကျော်ပြီလို့ဆို

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ဖမ်းဆီးသွားတဲ့ မောကဲသာပယ်ခိုကျေးရွာဒေသခံ ၉ ဦးဟာ ၁ လကျော်ကြာတဲ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူဘက်က သတင်းထုတ်ပြန်လာပါတယ်။

 အဲဒီဒေသဟာ ကေအဲန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲမှာရှိပြီး စစ်ကောင်စီတပ်က ရွာသား ၃၀ ကျော်ကို စက်တင်ဘာလ ၂၀ ရက်မှာဖမ်းဆီးခဲ့တာပါ။ နောက်ပိုင်းမှာတော့  ဖမ်းဆီးထားသူတွေထဲက ၂၀ ကျော်ကို ပြန်လွှတ်ခဲ့ပြီး အခုအထိ အဆက်အသွယ်ပြတ်တောက်နေတဲ့ အမျိုးသား ၉ ဦးကိုသာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

 မောကဲသာပယ်ခိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၈ တို့ကြား ထိတွေ့မှု မကြာခဏ ထိတွေမှုဖြစ်တာကြောင့် စစ်ကောင်စီတပ်ဟာ ဖမ်းဆီးခံကျေးရွာသား ၉ ဦးကို  အကာအကွယ်ယူပြီး စခန်းရှိရာကို ပြန်ပို့ခိုင်းခဲ့တာလို့ ကေအဲန်ယူဘက်က ထုတ်ပြန်ပြောဆိုပါတယ်။

အခုတော့ ဖမ်းဆီးခံရသူအမျိုးသားတွေဟာ တစ်လကျော်ကြာတဲ့အထိ အဆက်အသွယ်ပြတ်တောက်နေဆဲလို့ ဆိုပါတယ်။  

မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ စခန်းအချို့ကို ကေအဲန်ယူဘက်က ပြီးခဲ့တဲ့ဇူလိုင်လအတွင်း သိမ်းယူတာတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။

မြန်မာစစ်တပ်က လူထုကြောက်လန့်အောင် အဆုံးစွန်နည်းလမ်းသုံးနေတယ်လို့ SAC-M ပြော

ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျောင်းဆရာတစ်ဦးကို စစ်တပ်က ခေါင်းဖြတ်တဲ့လုပ်ရပ်ဟာ မြန်မာလူထုကို ကြောက်လန့်အောင်လုပ်တဲ့ အဆုံးစွန်နည်းလမ်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က ပြောလာပါတယ်။

သတင်းဖော်ပြချက်တွေအရ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ သစ်ညီနောင်ကျေးရွာက NUG ကျောင်းဆရာ ဦးစောထွန်းမိုးဟာ အောက်တိုဘာလ ၁၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံခဲ့ရပြီး နောက်တစ်နေ့မှာ ဦးခေါင်းပြတ်နေတဲ့ သူ့အလောင်းကို ရွာချင်းကပ်လျက်က တောင်မြင့်ရွာ စာသင်ကျောင်းတစ်ကျောင်းအနီးမှာ တွေ့ခဲ့ရတယ်လို့ SAC-M အဖွဲ့က ပြောပါတယ်။

''လူတစ်ဦးတစ်ယောက်ကို ခေါင်းဖြတ်ပြီး သူ့အလောင်းကို လူမြင်ကွင်းမှာ ချထားတယ်ဆိုတာဟာ အကြောက်တရားဖြစ်အောင်လုပ်တဲ့လုပ်ရပ်ဆိုတာ ရှင်းလင်းပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ လူထုကို အကြောက်တရားပြည့်အောင်လုပ်နေတာ လပေါင်း ၂၀ ကျော်ရှိလာပါပြီ။ သူတို့ဟာ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေအရ ဒါတွေအတွက် တာဝန်ခံရပါမယ်။ နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့လည်း နိုင်ငံတကာဥပဒေအရ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာဖို့ လိုအပ်ပါမယ်'' လို့ မြန်မာအကြံပေးကောင်စီအဖွဲ့ဝင် ခရစ် ဆ‌ဒေ့ါတီက ပြောပါတယ်။

အထူးအကြံပေးကောင်စီ ကတော့ ကုလသမဂ္ဂနဲ့ မြန်မာအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ဒေသတွင်းအဖွဲ့အစည်း အာဆီယံတို့ အနေနဲ့ မြန်မာစစ်တပ်က စာသင်နေတဲ့ကလေးတွေနဲ့ ဆရာ၊ဆရာမတွေကို ပစ်မှတ်ထားတဲ့ရက်စက်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာအောင် ရေးယူလုပ်ဆောင်ချက်တွေ အမြန်ဆုံးဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဦးစောမိုးထွန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး စစ်ဆေးခံရအပြီးမှာ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောနေပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ အခုအချိန်အထိ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုထုတ်ပြန်တာ မရှိသေးပါဘူး။

၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်ပွဲလုပ်နေချိန် စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ကချင်ပြည်နယ် ဖားကန့်မှာ ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ် ပွဲလုပ်နေချိန် မနေ့အောက်တိုဘာ၂၃ရက် ည ၈နာရီခွဲမှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ဖျော်ဖြေပွဲမှာပါဝင်တဲ့ အနုပညာရှင်တွေနဲ့ ပြည်သူတွေ ထိခိုက်တာတွေရှိတယ်လို့ ‌‌ဖားကန့်ဒေသခံတွေကပြောပါတယ်။ '' ဂျက်လေယာဉ် ၃ စီးနဲ့လာပစ်သွားတယ်။ KIO နေ့ အကြိုပွဲအနေနဲ့ ဆုတောင်းပွဲ ဖျော်ဖြေပွဲလုပ်နေချိန်မှာလာပစ်တာတာပါ။ ဘာစစ်ပွဲတိုက်ပွဲမှမရှိဘဲ သပ်သပ်မဲ့ကိုလာပစ်သွားတာ ထိခိုက်သေဆုံးတာရှိတယ်။ စာရင်းအတိအကျပြောဖို့ ခက်နေတယ်'' လို့ ‌ဖားကန့်ဒေသခံတစ်ဦးက ‌မနေ့ညကအခြေအနေကိုရှင်းပြပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၃၀ ကျော်ခန့်ထိခိုက်ခဲ့ပြီး အဲဒီထဲမှာဆုတောင်းပွဲတက်ရောက်တဲ့ ကချင်အနုပညာရှင်အသင်းက ကချင်တေးသံရှင် အော်ရာလီ (Aurali) ဟာနေရာမှာပဲ သေဆုံးခဲ့ပြီးကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကချင်ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။

ထိခိုက်သေဆုံးသွားသူများစာရင်းတွင် KIA အရာရှိအချို့ပါဝင်တယ်လို့ပြောဆိုနေကြပြီးသီးခြားအတည်ပြုချက်ရနိုင်ဖို့ KIOပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူနဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

မြိုင်၊ လင်းကတောရွာနဲ့ အနီးဝန်းကျင်ရွာတွေက ဒေသခံထောင်ချီထွက်ပြေးနေရ လင်းကတောရွာမှာ နေအိမ်တွေလည်းမီးရှို့ခံထားရတယ်လို့ဆို

မကွေးတိုင်း မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း လင်းကတောကျေးရွာကို စစ်ကြောင်းဝင်ပြီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ အောက်တိုဘာ၂၃ ရက်က ကျေးရွာထဲကနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောလာပါတယ်။ လက်ရှိအချိန်မှာ တော့နေအိမ်တွေမီးလောင်ထားသလို စစ်ကြောင်းကရွာထဲမှာရှိနေသေးလို့ ရွာထဲပြန်ဝင်ဖို့ခက်နေကြတယ်လို့ ဆိုပါတယ်။ လင်းကတောရွာဟာ ရွာကြီးဖြစ်ပြီး အိမ်ခြေတစ်ထောင်ခန့်ရှိတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။ စစ်ကောင်စီစစ်ကြောင်း ဝင်လာပြီဆိုတဲ့ကြိုတင်သတင်းအရ ဒေသခံတွေရှောင်နိုင်ခဲ့လို့ အသက်အန္တရာယ်မရှိကြပေမဲ့ နေအိမ်တွေကတော့ မီးရှို့ခံရတာလို့ ဆိုပါတယ်။ ရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေရာယူထားသလို လင်းကတောတဝိုက်ရွာတွေကို လေယာဥ်နဲ့ကင်းထောက်ကြည့်ရှုတာနဲ့ ပစ်တာမျိုးတွေလည်းရှိတယ်လို့ ပြောကြပါတယ်။ လင်းကတောဖြစ်စဥ်နဲ့အတူ ပတ်ဝန်းကျင်ရွာတွေအပါ အနည်းဆုံးရွာ ၅ရွာက ဒေသခံ ၅၀၀၀ခန့်ဟာ ရှောင်တိမ်းနေကြရတယ်လို့ မြိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ '' စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေကို တော့ ဆောင်ရွက်ပေးနေတယ်ရတာဆိုတော့ လောလောဆယ်လိုအပ်ချ‌က်တွေကအများကြီးရှိတယ်'' လို့ စစ်ရှောင်တွေကို အကူညီပေးနေသူတစ်ဦးကပြောပါတယ်။ မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖကတော့ မြိုင်မြို့နယ်( လင်းကတောစခန်း) ကို PDF တပ်ပေါင်းစုတွေက အောက်တိုဘာ ၂၁ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာ၂၂ရက်သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုလုပ်ခဲ့တဲ့ နောက်ပိုင်းကစလို့ စစ်ကောင်စီဘက်ကလေကြောင်းပစ်ခတ်မှုတွေလုပ်ရာကနေ အခုလိုတပ်စွဲနေတဲ့အထိဖြစ်လာတာလို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့မြိုင်မြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အာဆီယံအထူးအစည်းအဝေး မှာ မြန်မာ့အရေးတွန်းအားပေးဖို့အဓိကထားဆွေးနွေးမယ်

မြန်မာ့အရေးဆွေးနွေးမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအထူးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပဖို့ရှိတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနကပြောကြောင်း ရိုက်တာသတင်းကဖော်ပြပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံတွင်းပဋိပက္ခတွေကိုအဆုံးသတ်နိုင်ဖို့ ပြီးခဲ့တဲ့နှစ် ဧပြီလက အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင်သဘောတူခဲ့တဲ့အာဆီယံဘုံသဘောတူညီချက် ၅ချက်ကို အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး‌ဆွေးနွေးကြမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Chum Sounry ကပြောပါတယ်။

နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြုတ်ချခံရတာ၊ထောင်ချီတဲ့တက်ကြွလှုပ်ရှားသူတွေဖမ်းဆီးခံရတာ နဲ့ နိုင်ငံရေးသဘောထားကွဲလွဲသူဆန့်ကျင်ဆန္ဒပြသူတွေသွေးထွက်သံယိုဖြိုခွဲခံရတာတွေနောက်မှာတော့ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုသံသရာထဲမှာပဲရှိနေခဲ့တယ်လို့ ရိုက်တာသတင်းကရေးပါတယ်။

လာမနိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ မြန်မာ့အရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုဘယ်လိုတွန်းအားပေးဆောင်ရွက်ရမယ်ဆိုတဲ့အကြံပြုချက်တွေရအောင်လာ အခုကြာသပတေးနေ့အစည်းအဝေးမှာဆွေးနွေးကြမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ သူက ဆိုပါတယ်။

အတိုက်အခံခေါင်းဆောင်တွေနဲ့တွေ့ဖို့အပါအဝင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးကြရေးကို တွန်းအားပေးတဲ့ အာဆီယံဘုံသဘောတူညီချက်တွေတိုးတက်ဖြစ်ထွန်းမှုမရှိတဲ့ အပေါ် အာဆီယံခေါင်းဆောင်တွေက အထူး‌အလေးထားဝေဖန်နေကြတာပါ။

မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စစ်‌ကောင်စီကတော့ သဘောတူညီချက်တွေကို အကောင်အထည်‌ဖော်နေတယ်လို့တောက်လျှောက်တုံ့ပြန်နေတာပါ။