ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်နဲ့ ဆက်ဆံရေးထိခိုက်ရတာကို စိတ်မကောင်းဘူးလို့ တရုတ် ဒုတိယဝန်ကြီးချုပ်ပြော -ဇူလိုင် ၈ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ
တရုတ် ဒုတိယဝန်ကြီးချုပ် ဟော်လိဖုန်းက တရုတ်နဲ့ အမေရိကန်ကြားက မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေကြောင့် ဆက်ဆံရေးကို ထိခိုက်ရတာ စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။
ဒီလိုဖြစ်ရပ်ထဲမှာ တရုတ်ရဲ့ မိုးပျံပူဖောင်းတွေကို အမေရိကန်က ပစ်ချခဲ့တဲ့ ဖြစ်ရပ်တွေက ပြီးခဲ့တဲ့နှစ် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက်တွေကို အဟန့်အတား ဖြစ်စေတယ်လို့ မစ္စတာ ဟော်လိဖုန်းက ပြောပါတယ်။
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဂျဲနက် ယယ်လန်ခရီးစဉ်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မစ္စယယ်လန်ကလည်း နှစ်နိုင်ငံ အကြား ပိုမို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။
ဖန်လုံအိမ် ဓာတ်ငွေ့တွေကို အများဆုံး ထုတ်နေတဲ့ တရုတ်နဲ့ အမေရိကန်တို့က ရာသီဥတု ပြောင်းလဲရေးကို ဖြေရှင်းဖို့ အတူ တာဝန်ရှိတယ်လို့လည်း မစ္စယယ်လန်က ပြောပါတယ်။
"ကမ္ဘာကြီးအတွက် စိန်ခေါ်မှုတွေထဲမှာ ရာသီဥတုပြောင်းလဲရေးက ထိပ်ဆုံးစာရင်းထဲမှာ ပါပါတယ်၊ အမေရိကန်နဲ့ တရုတ်တို့က ဒီရှိနေတဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ အမေရိကန်နဲ့ တရုတ်တို့ အတူ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်"လို့ သူက ပြောသွားပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ရန်ပုံငွေအတွက် တရုတ်နဲ့ အမေရိကန်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့က အရေးကြီးတယ်လို့ ယုံကြည်တယ်လို့လည်း သူကပြောပါတယ်။
ဒါ့အပြင် ရှိနေတဲ့ Green Climate Fund ရာသီဥတုဆိုင်ရာ ရန်ပုံငွေ အဖွဲ့လို အဖွဲ့အစည်းတွေကို ထောက်ခံဖို့ကိုလည်း တရုတ်ကို တိုက်တွန်းသွားပါတယ်။
ဂျပန် ဖူကူရှီးမား နျူကလီးယား စက်ရုံထဲက ရေဆိုးတွေ ပင်လယ်ထဲ ထုတ်ခွင့်ပြုတာကို တောင်ကိုရီးယားမှာ ဆန္ဒပြ
ဂျပန်နိုင်ငံက ဖူကူရှီးမား နျူကလီးယား စက်ရုံထဲက ရေဆိုးတွေ ပင်လယ်ထဲ ထုတ်ခွင့်ပြုလိုက်တဲ့အပေါ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဆန္ဒပြနေပါတယ်။
ကုလသမဂ္ဂ နျူကလီးယားဆိုင်ရာ အေဂျင်စီ အကြီးအကဲ ရာဖေး ဂရိုစီ တောင်ကိုရီးယားကို ရောက်နေတဲ့အချိန်နဲ့ ဆန္ဒပြပွဲတွေက တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။
ဂျပန် နျူကလီးယားစက်ရုံထဲက သန့်စင်ထားတဲ့ ရေဒီယို သတ္တိကြွ ရေဆိုးတွေကိုပင်လယ်ထဲ စွန့်ပစ်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းဖို့ သူက ဆိုးလ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ထိပ်တန်း နျူကလီးယား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို မစ္စတာဂရိုစီက တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ ပင်လယ်ထဲကို ရေတွေ စွန့်ထုတ်ရင် လူတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူးဆိုတဲ့ ကုလသမဂ္ဂရဲ့ သုံးသပ်ချက်ကို တောင်ကိုးရီးယားက လေးစားတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဖို့ ဆန့်ကျင်နေတဲ့ ကိုရီးယားပြည်သူတွေကို အစိုးရက အာမခံချက် မပေးနိုင်ဘူးလို့လည်း ဆိုပါတယ်။ မနေ့က ဆိုးလ် ဂင်ပို လေဆိပ်ကို ရောက်လာတဲ့ မစ္စတာ ဂရိုစီကို ဆန္ဒပြတဲ့သူတွေက နှောင့်ယှက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယဘန်ဂေါ ရွေးကောက်ပွဲ အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၁ဝ ဦးသေ
အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါ ပြည်နယ်မှာ မဲပေးတာနဲ့ ဆက်နွှယ်ပြီး ဖြစ်လာတဲ့ အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၁ဝ ဦးသေဆုံးတယ်လို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။
ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ရွေးကောက်ပွဲမှာ စတင်မဲပေးခဲ့ပြီးကတည်းက လူအတော်များများ ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယ အာဏာရ ဘီဂျေပီပါတီက ဒေသတွင်းမှာ အားကောင်းတဲ့ သရီနာမွန် ကွန်ဂရက် ပါတီ နဲ့ ကျေးရွာနဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးနေရာ ၇,၀၀၀ ကျော်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြပါတယ်။
ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြီးကတည်းကတည်းက အကြမ်းဖက်မှုနဲ့ ဆက်နွှယ်ပြီး လူ အနည်းဆုံး ၂၂ ဦး အသတ်ခံရတယ်လို့ အိန္ဒိယ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။
လာမယ့်နှစ် ပါလီမန် ရွေးကောက်ပွဲမှာ ဒီပါတီ နှစ်ခုက အနောက်ဘင်ဂေါ ပြည်နယ်မှာ ဘယ်လို လုပ်ဆောင်မလဲဆိုတာ အခု မဲရလဒ်က အစမ်းသပ်ခံဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဂျပန် ဝန်ကြီးချုပ်ဟောင် ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့ တနှစ်ပြည့် ကျင်းပ
ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟောင် ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့ တနှစ်ပြည့် အခမ်းအနားကို ကျင်းပနေပါတယ်။
ဂျပန်ခေါင်းဆောင်တွေနဲ့ မစ္စအာဘေးရဲ့ ဇနီးတို့ တိုကျိုမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတခုမှာ စုရုံးခဲ့ပြီး အမှတ်ရတဲ့ ပွဲတခုကို သီးသန့် ကျင်းပခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း အာဘေးကို မဲဆွယ်ပွဲတခုမှာ တက်စ်ဆုယ ယာမာဂါမိက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီလို ပစ်ခတ်ခဲ့တဲ့သူက တရားရုံးမှာ တရား ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
Unification ခရစ်ယာန် ဘုရားကျောင်းနဲ့ ဆက်နွှယ်တယ်ဆိုပြီး သူက မစ္စတာအာဘေးကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မိသားစုရဲ့ ငွေကြေးတွေ ဆုံးရှုံးသွားခဲ့တဲ့ အပေါ် လုပ်ကြံခဲ့သူက ဘုရားကျောင်းကို ပစ်တင်ခဲ့ပါတယ်။
သေနတ်နဲ့ ပတ်သက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ဂျပန်မှာ ဒီလုပ်ကြံသတ်ဖြတ်မှုကြောင့် ထိတ်လန့် တုန်လှုပ်ခဲ့ကြပါတယ်။
လိင်တူချင်းစုံမက်သူ လတ်ဗီးယား သမ္မတ ဖြစ်လာ
လတ်ဗီးယားနိုင်ငံမှာ ကာလရှည်ကြာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အက်ဂါ ရင်ကီဗစ်က ပထမဆုံး လိင်တူခြင်းကို စုံမက်သူလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေထဲက နိုင်ငံအကြီးအကဲ တစ်ဦး ဖြစ်လာပါတယ်။
သူဟာ လတ်ဗီးယားနိုင်ငံရဲ့ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။
အီးယူအဖွဲ့ဝင် နိုင်ငံတွေထဲက အစိုးရအဖွဲ့ဝင်တွေထဲမှာ လိင်တူခြင်း စုံမက်သူတွေ ရှိခဲ့ပေမဲ့ ဒါဟာ လိင်တူချစ်သူတစ်ဦးအနေနဲ့ ပထမဆုံး နိုင်ငံတနိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာတာလည်း ဖြစ်ပါတယ်။
မစ္စတာ ရင်ကီဗစ်က ၂ဝ၁၄ ခုနှစ်မှာ လိင်တူချစ်သူတဦးအဖြစ် ဝန်ခံခဲ့ပြီးတဲ့နောက် LGBT လှုပ်ရှားမှုတွေကို ထောက်ခံသူ တဉီးလည်း ဖြစ်လာပါတယ်။
လတ်ဗီးယားနိုင်ငံမှာ လိင်တူချင်းချင်း လက်ထပ်တာက တရားမဝင် ဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်ကနေ စပြီး အခြေခံဥပဒေ ခုံရုံးက လိင်တူ သမဂ္ဂကို အသိအမှတ်ပြုခဲ့ပါတယ်။