ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီရဲ့ နိုဝင်ဘာ၁၃ရက်နောက်ဆုံးရသတင်းများစုစည်းချက်
ကျောက်ထုဒေသ ကဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အချုပ်ခန်းမီးရှို့ဖျက်ဆီးခံရတယ်လို့ ပြော
ချုပ်နှောင်ထားတဲ့ စစ်ကောင်စီထောက်ခံသူတချို့ လွတ်မြောက်သွားတယ်လို့ ဆို
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသမှာရှိတဲ့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အချုပ်ခန်းရှိရာ ကျေးရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ရက်က စစ်ကောင်စီက ရုတ်တရက်ဝင်ရောက် စီးနင်းခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
ကာကွယ်ရေးအဖွဲ့တွေဘက်က ဆုတ်ခွာပြေးခဲ့ရတာကြောင့် မောင်းပြန် ၂လက်အပါအဝင် လက်လုပ်လက်နက်တွေ၊ ဆိုင်ကယ် ၁၄စီးအပါအဝင် လက်ကိုင်ဖုန်း ၊ ငွေကြေးတွေပါ ဆုံးရှုံးခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
"အချုပ်ခန်းထဲမှာ ၁၂၊ ၁၃ဦးလောက်ရှိမယ်။ ခိုးဆိုးလုယက် မုဒိန်းလုပ်တဲ့သူတွေအပြင် ကျောက်မရွာက ပျူစောထီး ၆ယောက်ကိုလည်း ဖမ်းထားတာ တစ်လလောက်ရှိပြီ။ ထမင်းစားချိန်မလို့ အချုပ်သားတွေကို ထမင်းကျွေးနေတုန်း၊ အချုပ်ခန်းစောင့်တွေလည်း စားနေတုန်းမှာ တောလမ်းကနေ နောက်ဖေးဘက်က ရုတ်တရက်ဝင်စီးတော့ပြေးခဲ့ရတယ်။ အဲ့ဒီပျူတွေထဲက ၂ဦးကတော့ ကျွန်တော်တို့နဲ့ အတူပြေးတယ်၊ ၄ဦးကတော့ စစ်ကောင်စီနဲ့ ပြန်လိုက်သွားတယ်။ ရွာကို ပြန်လာကြမယ်လို့ သတင်းထွက်နေတယ်" လို့ မြေပြင်အခြေအနေသိရှိသူ ဆောဒေသခံတစ်ဦး က ဘီဘီစီကိုပြောပါတယ်။
ဆောဒေသတဝိုက်က စစ်ကောင်စီထောက်ခံသူတွေရဲ့ သတင်းပေးမှုကိုထိန်းချုပ်ဖို့ဆိုပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က ဖမ်းဆီးကာ ချုပ်နှောင်ထားလေ့ရှိသလို လိုအပ်တာမေးမြန်းပြီးရင် နယ်နှင်ဒဏ်ပေးဖို့ ရည်ရွယ်တယ်လို့ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအသိုင်းအဝိုင်းက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်တာမရှိပေမဲ့ စစ်ကောင်စီသတင်းတွေဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကယ်ထုတ်နိုင်တဲ့အကြောင်း ဖော်ပြတာတွေ တွေ့ရပါတယ်။
ရခိုင် က တိုက်နယ်ဆေးရုံအများစုမှာ ဆေးဝါးပြတ်လပ်မှုဖြစ်နေ
ရခိုင်ပြည်နယ်ကို ပြည်မဘက်ကနေ ဆေးဝါးတင်သွင်းခွင့်တွေ တားမြစ်တာတွေရှိနေလို့ ဆေးရုံအများစုမှာ ဆေးဝါးပြတ်လပ်တာတွေကြုံနေရတယ်လို့ တိုက်နယ်ဆေးရုံအသိုင်းအဝိုင်းက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့ပြီး မကြာမီ စက်တင်ဘာလလောက်ကစလို့ ဆေးဝါးတွေကို ရခိုင်ပြည်နယ်အတွင်း သယ်ယူပို့ဆောင်တာတွေ မလုပ်ဖို့ စစ်ကောင်စီကနေ တားမြစ်ထားတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ဒါနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုချက်ရနိုင်ဖို့ရခိုင်ပြည်နယ်ကောင်စီကိုဆက်သွယ်ပေမဲ့ ဖုန်းခေါ်ဆိုလို့မရခဲ့ပါဘူး။
ကန့်သတ်ပိတ်ဆို့ထားတာ သုံးလကျော်ကြာလာတဲ့အချိန်မှာတော့ ပြင်ပဆေးဆိုင်တွေမှာ တချို့ဆေးတွေမရောင်းချရ တော့သလို ဆေးရုံတွေမှာလည်း ဆေးဝါးပြတ်လပ်မှုတွေဖြစ်ပွားလာနေပြီး တချို့ဆေးတွေဆိုလို့ရှိရင် ဈေးနှုန်းတစ်ဆကျော်မြင့်တက်နေတယ်လို့ ဆေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
“ဆေးတွေကို တဖက်ကိုမရောက်စေချင်တဲ့အတွက် ပိတ်တယ်ဆိုလို့ရှိရင်လည်း ဆေးရုံတွေကိုပို့ပေးမယ့်ဆေးတွေကို တော့ ခွင့်ပြုပေးသင့်တာပေါ့။ ဘယ်ကုမ္ပဏီကို ဘာဆေးအရေအတွက် ဘယ်မြို့နယ်တွေကို ပို့ခွင့်ပေးတယ်ဆိုတဲ့ အနေအထားမျိုးတော့ အစိုးရကလုပ်သင့်ပါတယ်။ အခုက ဆေးရုံအများစုမှာဆေးတွေပြတ်နေပါပြီ”လို့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။
ဆေးကုမ္ပဏီတွေအများအပြားရှိနေတဲ့ စစ်တွေမြို့ပေါ်မှာတော့ ပြည်သူ့ဆေးရုံကြီးအနေနဲ့ ကုမ္ပဏီတွေမှာလက်ကျန်ရှိနေတဲ့ဆေး တွေကို ဝယ်ယူလို့ရနေသေးပေမယ့် နယ်မြို့တွေက ခရိုင်၊ မြို့နယ်နဲ့ တိုက်နယ်ဆေးရုံ ဆေးပေးခန်းတွေအတွက် ဆေးဝါးရရှိမှုက အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။
အခုလိုပိတ်ဆို့မှုတွေ အချိန်ကြာမြင့်လာတာနဲ့အမျှ ဆေးတွေဝယ်ယူလို့ မရနိုင်တဲ့အခြေအနေကိုရောက်လာလို့ရှိရင်တော့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ပိုးသတ်ဆေးတွေအပါအဝင် ဆေးဝါးတချို့ လုံးဝပြတ်လပ် သွားမှာကို စိုးရိမ်ရတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
အခုလို ရက္ခိုင့်တပ်တော်ဘက်ကို ဆေးဝါးတွေဝယ်ယူလို့မရနိုင်အောင် ပိတ်ဆို့ဖြတ်တောက်မှုတွေလုပ်နေတာဖြစ်ပေမယ့် ဆေးဝါးပြတ်လတ်မှုတွေဖြစ်လာခဲ့တဲ့အချိန်မှာ အဲ့ဒီသက်ရောက်မှုတွေကို ပြည်သူတွေကပဲ အများဆုံးရင်ဆိုင်နေကြရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာတိုက်ပွဲတွေပြန်စကတည်းက ပြည်နယ်ပြင်ပကနေ လူသုံးကုန်၊စားသုံးကုန်တွေအပြင် ဆေးဝါးတွေကိုပါ တင်သွင်းခွင့်ပိတ်ပင်ထားတာဖြစ်ပြီး ဒေသတွင်းမှာလည်း တစ်မြို့နယ်နဲ့တစ်မြို့နယ် ဆက်သွယ်သွားလာရေးတွေကိုပါ ပိဆို့ထားတယ်လို့ ပြောဆိုနေကြတာပါ။
ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်ပေါင်းစည်းနိုင်ဖို့ အခြေခံမူတစ်ရပ်ရရှိထားပြီလို့ဆို
၂၀၀၈ဖွဲ့စည်းပုံ ပျက်သွားပြီဖြစ်လို့ ရွေးကောက်ပွဲကနေတရားဝင်မှုယူမှာကို အားမပေးကြောင်း KNUပြော
အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ တစ်စုတစ်စည်းတည်းတွေ့ဆုံတာကို ပြီးခဲ့တဲ့နိုဝင်ဘာ ၁၁ရက်က ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တကောကျေးရွာမှာပြုလုပ်ခဲ့ပါတယ်။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို မဏ္ဍိုင်ပြုပြီး ပြန်လည်ပူးပေါင်းလုပ်ဆောင်သွားဖို့ ကိုလည်ထည့်ပြောခဲ့ပါတယ်။
စည်းလုံးညီညွတ်စွာ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက်လည်း အခြေမူတစ်ရပ်ကို ရေးဆွဲရရှိထားပြီဖြစ်သလို အဲ့ဒီမူအောက်ကနေ ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီကို စနစ်တကျ ပြန်လည် ဖွဲ့စည်းသွားဖို့လည်း တိုက်တွန်းတယ်လို့ KNU က မနေ့ နိုဝင်ဘာ ၁၂ရက် မှာ သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားပြီး ဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲဟာလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ တရားဝင်မှုရရှိရေးအတွက်ကြိုးပမ်းတာဖြစ်တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလူထုကို အဲဒီတွေ့ဆုံပွဲမှာပြောခဲ့ပါတယ်။
ဒါ့အပြင် အာဏာရှင်ကို တရားဝင်ဖြစ်စေမယ့်ဆောင်ရွက်မှုတွေကို အားမပေးဘူးလို့ လည်းဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကေအဲန်ယူရဲ့ ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးက ''အာဏာသိမ်းလိုက်ပြီဆိုကတည်းက ဘယ်ရှု့ထောင်ကပဲကြည့်ကြည့် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ၂၀၀၈ဖွဲ့စည်းပုံက မရှိတော့ဘူးဆိုတာရှင်းနေတာပဲ။အဲဒါကြောင့် ၂၀၀၈ဆက်ရှိနေသလိုလိုနဲ့ ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတာ ၊အမည်ခံဆွေးနွေးပွဲတွေဆက်လုပ်မယ်ဆိုတာက ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ KNUကသေချာရှင်းလင်းပြထားပါတယ်'' လို့တုံ့ပြန်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ အာဏာသိမ်းနှစ်နှစ်နီးပါးကာလအတွင်း KNU ရဲ့ နိုင်ငံရေးရပ်တည်ချက်၊ ဦးတည်ချက်၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုတွေကို အသိပေးရှင်းလင်းပေးတဲ့ ပထမဆုံးအကြိမ်လူထုတွေ့ဆုံပွဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီနိုဝင်ဘာ ၁၁ရက်နေ့က KNU ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ တကောကျေးရွာမှာပြုလုပ်တဲ့ တွေ့ဆုံပွဲကို KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီစတဲ့ ထိပ်ပိုင်းခေါင်းဆောင်တက်ရောက်ကျသလို KNU/KNLA PC မှ ဒုဥက္ကဋ္ဌဗိုလ်ချုပ် ဒေါက်တာနော်ကပေါ်ထူး၊ BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်စတဲ့ ကရင်လက်နက်ကိုင်အဖွဲ့က ဦးဆောင်သူတွေသာမက ဘာသာရေးခေါင်းဆောင်တွေနဲ့အတူ ကရင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးတို့ကပါ သဘာပတိအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြတာတွေ့ရပါတယ်။
ဧရာဝတီမြစ်တဖက်ဆီမှာရှိတဲ့ ဝက်လက်နဲ့ မတ္တရာဒေသတွေကို ကုန်းကြောင်း၊ရေကြောင်းတပြိုင်နက် စစ်ကြောင်းထိုးနေ
ကန့်ဘလူက ကျေးရွာတွေလည်းမီးရှို့ခံနေရတယ်လို့ ဒေသခံတွေပြော
ဧရာဝတီမြစ် နံဘေးမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီဘက်က ကုန်းကြောင်းနဲ့ စစ်ကြောင်းထိုးနေသလို မြစ်ကြောင်းအတိုင်းဆင်းလာတဲ့ ရေယာဉ်တွေကလည်း တဖက်ကမ်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က မြစ်ကမ်းဘေးကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဒီကနေ့ နိုဝင်ဘာ ၁၃ရက်၊ နေ့လယ်ပိုင်းအထိ ဖြစ်နေဆဲလို့ ဒေသခံတွေကပြောပါတယ်။
"ဝက်လက်ဘက်ကတော့ ထန်းကြီးရွာကို မနက်ပိုင်းထဲက မီးရှို့နေတယ်၊ ရွာကနေမပြေးဘဲ နေခဲ့တဲ့ သက်ကြီးသူတွေကို သူတို့ရွာထဲရောက်တော့ စစ်မေးပြီး ပကဖ (ပြည်သူ့ကာကွယ်ရေး) ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေအိမ်ကိုမေးပြီး မီးရှို့နေတယ်။ မတ္တရာဘက်ကို မြစ်ကြောတလျှောက် ရေယာဉ်ပေါ်က ပစ်နေလို့ ကာကွယ်ရေးအဖွဲ့ဘက်ကလည်း စဉ့်ကိုင်ဘက်ခြမ်းကနေ ပြန်ပစ်နေတယ်။ စစ်ရေးကအတော်တင်းမာနေတာ" လို့ မြေပြင်အခြေအနေသိရှိသူ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီနေ့ တရက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက အင်းမနဲ့ ကောလင်းမြို့နယ်ထဲက ကပ္ဖလူးရွာတွေကို စစ်ကောင်စီက မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
"အင်းမရွာဆို မနေ့ကလည်း ရွာတောင်ဘက်ခြမ်းက ရှို့ခံထားရပြီး၊ ဒီမနက်ထပ်ရှို့ခံရတာနဲ့ဆို တရွာလုံးကုန်သလောက်ဖြစ်တော့မယ်။ လေကလည်း မြောက်လေတိုက်နေတော့ ပိုဆိုးတယ်။ ကပ္ဖလူးအခြေအနေက ဘာမှကိုမသိရသေးဘူး"လို့ ကန့်ဘလူရွာသားတစ်ဦးက ဆိုပါတယ်။
ဒီနေ့တရက်တာအတွင်း စစ်ကိုင်းတိုင်းထဲကဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဒီကနေ့နေ့လယ် သုံးနာရီဝန်းကျင်အထိ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
ရန်ကုန်၊သိမ်ဖြူလမ်းက ငွေလဲလုပ်ငန်းဓားပြတိုက်ခံရမှု တရားခံမမိသေး
ရန်ကုန် ၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ သိမ်ဖြူလမ်းက Ye Min Aung Money Changer - ရဲမင်းအောင်ငွေလဲလုပ်ငန်း သေနတ်ပြလုယက်ခံရမှုမှာ ငွေကျပ်သိန်း၃၀၀ နဲ့ ဖုန်းတစ်လုံးပါသွားပြီးတရားခံဖမ်းဆီးမိရေးလုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးပိုင်းဘက်ကနေသိရပါတယ်။
မနေ့ နိုဝင်ဘာ၁၂ရက် ညနေပိုင်းက ငွေလွှဲလုပ်ငန်းဆိုင်ကို မျက်နှာဖုံးစွပ်ထားတဲ့လူတစ်စုရောက်လာပြီး ဆိုင်ဝန်ထမ်းတွေနဲ့ ငွေလဲဖို့ရောက်နေတဲ့သူတွေကိုပစ္စတိုသေနတ်နဲ့ ချိန်ရွယ်ပြီး ငွေတွေထုတ်ပေးဖို့ ခြိမ်းခြောက်ဓားပြတိုက်ခဲ့တာကို လူမှုကွန်ရက်မှာထွက်လာတဲ့ ရုပ်သံဖိုင်တွေမှာတွေ့ရပါတယ်။
အဲဒီ ဓားပြတိုက်သူတွေဟာ ဆိုင်ရဲ့ကောင်တာကို ရိုက်ခွဲပြီး အံဆွဲအတွင်းက ကျပ်သိန်း ၃၀၀ နဲ့ iPhone တစ်လုံးကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
'' သိန်း ၃၀၀ကအတိအကျဆိုတာ ဆိုင်ရှင်က အိမ်ကနေဆိုင်ကိုယူလာတာ အိတ်အမည်းနဲ့ ထုတ်ပြီးယူလာတာ။ အဲဒါကိုယူသွားတာဆိုတော့ အတိအကျပဲ။ ဖုန်းလည်းပါသွားတယ်။ တစ်ယောက်ကကားထဲကစောင့်တယ်။တစ်ယောက်ကအပြင်မှာကြည့်တယ်။ နှစ်ယောက်က အထဲကိုဝင်လုတာ'' လို့ဖြစ်စဥ်ကိုသိတဲ့ နီးစပ်သူတစ်ဦးကရှင်းပြပါတယ်။
ဓါးပြတိုက်သူတွေက ကျည်ဆံတစ်ချက်ပစ်ဖောက်ဖို့ကြိုးစားပေမဲ့ ကျည်မထွက်ခဲ့သလို ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် နဲ့ ကျည် ၉တောင့်ကျန်ခဲ့တယ်လို့သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းအထိ ကျူးလွန်သူတွေကို ဖမ်းမမိသေးဘဲ စီစီတီဗီမှတ်တမ်းတွေကနေ လိုက်လံစုံစမ်းနေဆဲလို့ သိရပါတယ်။
မြောင်နဲ့ရေစကြိုရေလယ်ကျွန်းအစပ်ကို စစ်ကောင်စီတပ်လေကြောင်းနဲ့တိုက်ခိုက်
ဒီကနေ့ နိုဝင်ဘာ ၁၃ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က မြစ်ဆုံရွာနဲ့ ရေစကြို၊ ရေလယ်ကျွန်းဒေသက ရွှေလှံရွာကြားမှာ စစ်ကောင်စီနဲ့ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
"Mi 35 နဲ့ကျဲတာ ဗုံးလည်း ၁၅လုံးလောက်ချသွားတယ်။ နှစ်ဖက်တိုက်နေတုန်း သူတို့ဘက်က ၇ယောက်လောက် သေတဲ့အချိန်မှာ ချက်ချင်းကို လေယာဉ်က ရောက်လာတာ။ ကျွန်တော်တို့ဘက်ကတော့ နောက်ဆုတ်လိုက်ရတာပေါ့၊ အထိအခိုက်မရှိပါဘူး။ မြောင်၊ ငရံ့ အူရွာက နွားစာကျွေးနေတဲ့အမျိုးသားကိုတော့ ကျည်သွားမှန်လို့ ဆေးခန်းပို့ထားရတယ်" လို့ မြောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDSOM၊ ကိုနွေဦးမြောင်က ပြောပါတယ်။
အခုစစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲမဖြစ်ခင် ဒီကနေ့မနက်မှာပဲ ရေလယ်ကျွန်းဒေသက ရွှေလှံရွာကို စစ်ကောင်စီဘက်က မီးရှို့ခဲ့သလို မနေ့တနေကုန်မှာလည်း မြောင်မြို့နယ်က မြစ်ဆုံရွာကို မီးရှို့ထားပြီး မြေပြင်အခြေအနေမတည်ငြိမ်သေးတာကြောင့် ပျက်စီးမှုအခြေအနေအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
မြောင်မြို့နယ်အလယ်ပိုင်းက ကျေးရွာတွေဘက်မှာလည်း နောက်ထပ်စစ်ကြောင်းတစ်ကြောင်း ထပ်ရှိနေပြီး အဲ့ဒီစစ်ကြောင်းကလည်း မနေ့ နိုဝင်ဘာ ၁၂ရက်မှာ ပရိမ္မရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် မြောင်၊ ရေလယ်ကျွန်းက ဒေသခံ နှစ်သောင်းကျော်ဟာ စစ်ဘေးရှောင်နေကြရပြီး တစ်ပတ်ကျော်ကြာနေပြီလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မီးရှို့တာတွေကိုသူတို့ဘက်ကလုပ်တာမဟုတ်ဘူးလို့ငြင်းဆိုထားပြီး အခုဖြစ်စဉ်နဲ့ပတ်သက်လို့လည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒဂုံတက္ကသိုလ်ကျောင်းသူကို ထောင်အပြောင်းအရွှေ့လုပ်ပြီးနောက်ကျန်းမာရေးပိုဆိုးလာတယ်လို့ဆို
စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ကို အခုနှစ်ထဲမှာပဲ အင်းစိန်ထောင်ကနေ ဒိုက်ဦးထောင်၊ တခါ ဒိုက်ဦးထောင်ကနေ အင်းစိန်ထောင်ကို ပြန်ပြောင်းရွှေ့ပြီးနောက် ကျန်းမာရေးအခြေအနေပိုဆိုးလာတယ်လို့ ကျောင်းသားသမဂ္ဂဘက်က ဒီကနေ့ နိုဝင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နှစ်၊ စက်တင်ဘာလထဲဖမ်းဆီးခံလိုက်ရတဲ့ မဝတ်ရည်အောင်ဟာ ဖမ်းဆီးခံရပြီး သုံးလအတွင်းလေဖြန်းတာကြောင့် ထောင်ဆေးရုံတင်ခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကြောရေးမှာနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကြောင့်လည်း ဦးနှောက်မှာအကျိတ်တည်နေတယ်လို့ မိသားစုတွေဘက်က ယူဆတာကြောင့် အပြင်မှာဆေးကုသခွင့်ရဖို့ ကြိုးစားပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။
"မကြာခဏသတိလစ်လေ့ရှိပါတယ်၊ အဲ့လိုဖြစ်တိုင်း ထောင်ဆေးရုံကိုပဲပို့ပေးတယ်။ နောက်ဆုံးတခါ သတိလစ်တာဆိုရင် ၂၂နာရီတောင် ကြာတယ်လို့ သိထားရတယ်။မိသားစုက အပြင်မှာ ဆေးကုသခွင့်ပေးဖို့တောက်လျှောက်ပြောပေမဲ့ ခွင့်မပေးဘဲ အသည်းအသန်ဖြစ်တော့မှ ထောင်ဆေးရုံပို့ပေးတဲ့သဘောဖြစ်နေတယ်။ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အတွက် စိုးရိမ်ရတဲ့ အနေအထားပါ" လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဘီဘီစီကိုပြောပါတယ်။
မဝတ်ရည်အောင်ဟာ အကြည်ညိုပျက်စေမှု ၅၀၅ -က နဲ့ ထောင်သုံးနှစ်ချမှတ်ခံထားရသလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ ကနဲ့လည်း ထပ်တိုးတရားစွဲခံထားရတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ နည်းပညာတက္ကသိုလ်အသစ် စစ်ကောင်စီဖွင့်လှစ်
စစ်တပ်အုပ်ချုပ်တဲ့ကာလတွေမှာ အင်ဂျင်နီယာအရေအတွက်သာများပြီး အရည်အသွေးရှိသူနည်းတယ်လို့ CDM ကျောင်းသားတွေဝေဖန်
အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ ထူးခြားဆန်းသစ်စေမယ့် နိုင်ငံတကာအဆင့်မီအဖြစ် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်တာလို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောတဲ့အကြောင်း ဒီကနေ့ နိုဝင်ဘာ ၁၃ရက်ထုတ် စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်တွေ မွေးထုတ်နိုင်ဖို့အတွက် အစိုးရနည်းပညာကောလိပ် (နေပြည်တော်)ကို တက္ကသိုလ်အဆင့်အဖြစ် အဆင့်မြှင့်တင်ပြီး သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန အောက်ကနေ ဖွင့်လှစ်တာလို့ဆိုပါတယ်။ အဲဒီမှာအင်ဂျင်နီယာဘာသာရပ်ကြီး ၄ ခု၊ အလုပ်အကိုင် အခွင့်အလမ်းအများဆုံးဖြစ်တဲ့ သုတနည်းပညာဘာသာရပ် နဲ့ ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာ ရပ်အပါအဝင် စုစုပေါင်းဘာသာရပ် ၆ ခုကို အဓိကသင်ကြားမယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် ဆရာ၊ဆရာမတွေအပါအဝင်ကျောင်းသားအများစု အကြမ်းမဖက်အာဏာဖီဆန်ရေး CDMလုပ်ကြလို့ အင်အားနည်းပါးနေချိန်မှာ ဒီလိုတက္ကသိုလ်အသစ်တွေဖွင့်တဲ့အပေါ်မှာလည်း ကျောင်းသားထုကြားဝေဖန်မှုတွေရှိနေကြတာပါ။
လည်း ၁၉၉၀ နှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် တွေမှာလည်း နိုင်ငံတဝန်း နည်းပညာတက္ကသိုလ်တွေ၊ ကောလိပ်ဆယ်နဲ့ချီကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပေမဲ့ အင်ဂျင်နီယာအရည်အတွက်သာများပြီး အရည်အသွေးအဆင့်မီဖို့ လိုအပ်ချက်ရှိနေတာကြောင့် အခုလို နည်းပညာကျောင်းတွေ ထပ်တိုးဖွင့်တာက အကျိုးရှိမှုနည်းတယ်လို့ နည်းပညာကျောင်းသားအသိုင်းအဝိုင်းက ဆန့်ကျင်နေကြတာပါ။
"နည်းပညာကျောင်းပေါင်း ၃၂ကျောင်းရှိတယ်၊ အခုအာဏာသိမ်းနောက်ပိုင်း တောင်ကုတ်၊ ဟားခါးဘက်ကနည်းပညာကောလိပ်တွေကို တက္ကသိုလ်အဆင့်မြင့်တာတွေ့ရတယ်၊ နေပြည်တော်မှာကတော့ အဆင့်မီဆိုပြီး အခမ်းအနားနဲ့လုပ်တာပေါ့လေ။ CDM ဆရာတွေများနေတဲ့အချိန်မှာ လက်ရှိကျန်နေတဲ့သူတွေကနေ သင်ကြားမှုပေးနိုင်ဖို့ကတော့ အရည်အသွေးမီမယ်လို့ ကျွန်တော်တော့မထင်ဘူး" လို့ နောက်ဆုံးနှစ် နည်းပညာကျောင်းသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ၂၀၁၀ခုနှစ်နောက်ပိုင်းပြောင်းလဲခဲ့တဲ့ အင်ဂျင်နီယာဘွဲ့(BE Engineer) ဘွဲ့တိုက်ရိုက်ပေးတဲ့ စနစ်ကို ပြန်ရုတ်သိမ်းခဲ့ပြီး အရင်စစ်အစိုးရလက်ထက်ကလို B Tech (Technology) ဘွဲ့တဆင့်ပေးတဲ့ စနစ်ကို ပြန်ပြောင်းထားပြီလို့ သိရပါတယ်။
ဒီလို ဘွဲ့ပေးစနစ်ပြောင်းလဲတာကိုလည်း အခုလာမယ့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်မှာ စကျင့်သုံးမယ်လို့ နည်းပညာတက္ကသိုလ်အသိုင်းအဝိုင်းက ပြောပါတယ်။
ချောင်းနှစ်ခွရဲစခန်းကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နဲ့လက်နက်အချို့ဖမ်းဆီးရမိတယ်လို့ နဂါးနီစစ်ကြောင်းထုတ်ပြန်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLA နဲ့ နဂါးနီ စစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲ ၄ဦးနဲ့အတူလက်နက် ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ နဂါနီးစစ်ကြောင်း က ဒီကနေ့နိုဝင်ဘာ၁၃ရက်မှာဓာတ်ပုံ မှတ်တမ်းတွေနဲ့ ထုတ်ပြန်လာပါတယ်။ ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးတာရှိသလို ထွက်ပြေးသူအချို့လည်းရှိတယ်လို့ဆိုပါတယ်။
မနေ့ နိုဝင်ဘာ ၁၂ ရက် က KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ နဂါးနီစစ်ကြောင်းကတပ်ဖွဲ့ဝင်တွေဟာ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းမှူး တစ်ဦး၊ ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား တစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး နဲ့ ရဲတပ်သား တစ်ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်ပြီးချိန်မှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့ပြီး ကျေးရွာအတွင်းက ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေရပြီးနေအိမ်အချို့ ထိမှန်ပျက်စီးတာရှိတယ်လို့ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်ကတော့ ချောင်းနှစ်ခွရဲစခန်းဖြစ်စဥ်အပါအဝင် ကရင်ပြည်နယ်တွင်းအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျုးလွန်သူ ၁၁ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်
ရန်ကုန်မြို့ မှာ အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျုးလွန်သူ ၁၁ဦးကို ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။ ကျုးလွန်သူတွေနဲ့အတူ မိုဘိုင်းဖုန်း အလုံး ၁၀၀ကျော် ၊ငွေကျပ် သိန်း၅၀ကျော်တို့ကိုလည်း ဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။
ကမာရွတ်မြို့နယ်လှည်းတန်းလမ်းဆုံအနီး နဲ့ စမ်းချောင်းမြေနီကုန်းတဝိုက်မှာ အုပ်စုဖွဲ့ခါးပိုက်နှိုက်တာတွေနဲ့ပတ်သက်လို့ အသွင်ယူစုံစမ်းခဲ့ရာကနေ အခုလိုဖမ်းမိတာလို့ ပြောပါတယ်။
ကျူးလွန်သူတွေထဲက အချို့ ကို နိုဝင်ဘာလ ၁၀ ရက် မနက်ပိုင်းက ကမာရွတ် မြို့နယ်၊ လှည်းတန်းလမ်းဆုံ မှာ ငွေကျပ် ၁သိန်းခွဲကျော်နဲ့ စတင်ဖမ်းမိခဲ့ရာကနေ စစ်ဆေးချက်တွေအရ အတူနောက်ထပ်အတူပါဝင်သူတွေထံကနေ လက်ကိုင်ဖုန်းမျိုးစုံနဲ့ ငွေသားတွေကို ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။ ဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူတွေဟာ အဖွဲ့ ၃ ဖွဲ့ခွဲ ပြီးကျူးလွန်ခဲ့ကြတာလို့ သိရပါတယ်။
ခါးပိုက်နှိုက်ကျူးလွန်သူတွေနဲ့အတူ လက်ကိုင်ဖုန်းတွေကိုလက်ခံဝယ်ယူသူနဲ့ ခိုးယူမှုတွေကိုလိုက်ပါပို့ဆောင်ပေးတဲ့သူကိုပါဖမ်းမိတယ်လို့ဆိုပါတယ်။
ထွက်ဆိုချက်တွေအရ ကမာရွတ်မြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်အရှေ့၊ 199 စတိုးဆိုင်အရှေ့၊ IT လက်ဖက်ရည် ဆိုင်အရှေ့၊ လှည်းတန်းလမ်းဆုံအနီး၊ လှည်းတန်းစင်တာအရှေ့နှင့် လှည်းတန်းဈေးအတွင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတဝိုက်တို့မှာ ခါးပိုက်နှိုက်မှုတွေကိုကျူးလွန်ခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်ကဖော်ပြပါတယ်။
ကျုးလွန်သူတွေထဲမှာ လူသေမှုအထိဖြစ်စေခဲ့တဲ့တရားခံပြေး ၄ဦးကိုလည်းထပ်မံဖော်ထုတ်ခဲ့ပြီး ဖမ်းဆီးရမိသူတွေကို ဥပဒေအရထိရောက်စွာအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့ရဲ့ လိုင်းကားတွေပေါ်က ခါးပိုက်နှိုက်မှုတွေဟာ ရိုက်နှက်လုယက်တဲ့အခြေအနေအထိ ရောက်လာနေလို့ လုံခြုံမှုမရှိတော့သလို အသက်အန္တရာယ်အထိဖြစ်လာတယ်လို့ ပြည်သူတွေက လူမှုကွန်ရက်တွေမှာရေးသားနေကြတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ရက် တရက်တည်းမှာတင်YBS 22 နဲ့ YBS 94 ပေါ်မှာ အုပ်စုလိုက် ရိုက်နှက်လုယက်ခံရတာလည်းဖြစ်ခဲ့သလို ဒီရက်ပိုင်းအထိ အလားတူအခြေအနေတွေဆက်ဖြစ်နေတယ်လို့သိရပါတယ်။