ဇူလိုင်လ ၂ ရက် ထိပ်တန်းသတင်းများ- ALP ရဲ့ ထိပ်ပိုင်းခေါင်းဆောင် အပါဝင် အဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရလို့သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ALP
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်၊ စစ်တွေတက္ကသိုလ်အနီး ပစ်ခတ်ခံရလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ထိပ်ပိုင်းခေါင်းဆောင် အပါဝင် စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦးလည်း စိုးရိမ်ရတဲ့ ဒဏ်ရာရထားတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ထုတ်ပြန်ပြောဆိုလာပါတယ်။
အဲဒီအဖွဲ့ဟာ ဇူလိုင် ၁ ရက်က ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကယ်ဆယ်ရေးကိစ္စတွေအတွက် အစည်းအဝေးပြုလုပ်ပြီးပြန်လာချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ အနီးနားနေထိုင်သူအချို့ကပြောပါတယ်။ ပစ်ခတ်မှုအတွင်း ALP ရဲ့ ဒုတိယ ဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA ရဲ့ ၁၀၁ တပ်ရင်းမှူး ခိုင်ကျော်မင်းနဲ့ တပ်သားကျော်ကျော်နိုင်တို့သုံးဦး သေဆုံးခဲ့တာလို့ဆိုပါတယ်။
ALP တပ်ဖွဲ့ဝင်တွေရဲ့ ကားကိုအဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဒီပစ်ခတ်ခံရမှုနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်မှာတော့ ရခိုင့်တပ်တော် အေအေ ကပစ်ခတ်ခဲ့တာလို့ ပြောဆိုထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဘက် အပြောအရ အခုလို ရခိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအကြား အချင်းချင်း လုပ်ကြံတိုက်ခိုက်မှုတွေကို ULA/AA ဘက်က စဉ်ဆက်မပြတ်ပြုမူခဲ့ပြီးဖြစ်သလို အခုလိုလုပ်ရပ်မျိုးကို မပြုလုပ်သင့်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရက္ခိုင့်တပ်တော်အေအေဘက်ကတော့ ဒီပြဿနာဟာ သူတို့အဖွဲ့အစည်းတွေအကြား အကွဲအပြဲတွေကြောင့် ဖြစ်ကြတာဖြစ်နိုင်ပြီး သူတို့နဲ့မသက်ဆိုင်ကြောင်း ရက္ခိုင့်တပ်တော်အေအေရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခ က ငြင်းဆိုပါတယ်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ပါတီဟာ NCA တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် ကိုလက်မှတ်ရေးထားတာလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့မနက်ပိုင်းကလည်း လွတ်လွပ်ရေးနေ့အခမ်းအနား တက်ရောက်ပြီး နာဇီရပ်ကွက်မှာရှိတဲ့ ALP ရုံးကို ပြန်လာခဲ့ကြတဲ့ စစ်ဦးစီးချုပ်နဲ့ အရာရှိအဆင့်အပါဝင် သုံးဦးတို့လည်း အခုလို ပစ်ခတ်ခံလိုက်ရပြီး သေဆုံးခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပဲခူးပြည်သူ့ကာကွယ်ရေးတပ်
ပဲခူးတိုင်း လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းတိုက်နယ် ရဲစခန်း နဲ့ စခန်းအနီး မှာ ဇူလိုင် ၁ရက် ညပိုင်း နဲ့ ဇူလိုင် ၂ ရက် မနက်အစောပိုင်းကြား ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး နဲ့ ဒေသခံ ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အခြေအနေသိရှိသူတစ်ဦးကပြောပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
'' ရွာက စျေးသည်တွေ ကပစ်တာခတ်တာအသံတွေအကုန်ကြားရတယ်။ အဲဒီဇီးဖြူကုန်းတဝိုက်ကလည်းလောင်းကစားဝိုင်းတွေရှိတယ်။ ရဲတွေကလည်း မမြင်ချင်ယောင်ဆောင်ကြတာရှိတယ်။ ညကတေ့ ရဲစခန်းနားပစ်သံကြားတယ်ဆိုတာ ရွာက လူတွေလှမ်းပြောလို့သိရတယ်။ ရဲတွေသေတယ်လည်းပြောပြတယ်'' လို့ လက်ပံတန်းမြို့မှာနေထိုင်သူတစ်ဦး ကပြောပါတယ်။
သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ တပ်ကြပ်အဆင့်ရှိသူတွေဖြစ်တယ်လို့ သိရပြီး ပဲခူးတိုင်းအခြေပြု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရွှေတန်းမြေ အဖွဲ့ရဲ့ အပြောအရ ရဲစခန်း နဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် သေဆုံးသူတချို့နဲ့ ဒဏ်ရာရသူတွေဟာ ပျူစောထီးအဖွဲ့တွေလို့ ပြောဆိုထားပါတယ်။ဘီဘီစီအနေနဲ့ သေဆုံးခဲ့တဲ့ အရပ်သားတွေ နဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။
လက်ပံတန်းမြို့နယ် အတွင်း ဒီလို စစ်ကောင်စီအုပ်ချုပ်ရေးဌာနတွေဘက်ကိုတိုက်ခိုက်တာဟာ ပထမဆုံးဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လုံခြုံရေးတင်းကျပ် စစ်ဆေးတာမျိုးဆက်လုပ်နေတယ်လို့ အဲဒီဒေသအခြေအနေသိရှိသူ တစ်ဦးကပြောပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေအရ အာဏာသိမ်း ၃နှစ်နီးပါးအတွင်း သတ်ဖြတ်ခံရတဲ့ စစ်ကောင်စီအုပ်ချုပ်ရေး နဲ့ လုံခြုံရေးအဖွဲ့ဝင် ၉၅၃ ဦးရှိထားတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၂၃ရက်က ထုတ်ပြန်တဲ့သတင်းတွေကဖော်ပြပါတယ်။
စစ်ကိုင်း၊ ခင်ဦးမှာ အသက် ၆၀ ကျော်အရွယ် သက်ကြီးပိုင်းတစ်ဦး လက်နက်ကြီးထိမှန်

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
ဒီကနေ့ ဇူလိုင်လ ၂ ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်းရော အနောက်ခြမ်းမှာပါ စစ်ကောင်စီရဲ့ စစ်ကြောင်း ၂ ကြောင်း ရွာစဉ်လိုက် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရသလို အသက် ၆၁ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးအနောက်တောင်ခြမ်းကိုတော့ ကန့်ဘလူမြို့နယ်ကနေ မနက်စောစော ၂ နာရီထိုးလောက်က စစ်ကြောင်းထိုးလာခဲ့ပြီး အောင်ချမ်းသာ (ခ) ချမ်းသာကုန်းရွာနားအရောက်မှာ စစ်ကောင်စီတပ်တွေ မိုင်းမိခဲ့တယ်လို့ ပြောကြပါတယ်။
"သူတို့ စခန်းချတဲ့ ရွာသစ်ကုန်းရွာမှာ ရိက္ခာကုန်လို့ ဒီဘက်လာယူရင်း ရွာအဝင်မှာတင် မိုင်းတွေမိကြတာ သေတာလည်းရှိတာပေါ့။ အဲဒါနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာတွေဝင်လာတော့ အဘိုး တစ်ယောက်ကိုမှန်တယ်။ နောက် နွားတကောင်ကတော့ လက်နက်ကြီးစထိပြီးသေသွားတယ်" လို့ ခင်ဦးဒေသခံက ဆိုပါတယ်။
တခါ ခင်ဦးအရှေ့မြောက်ဘက်ခြမ်းက အိုက်ပေါက်ကြီးရွာက စစ်ကောင်စီအင်အားရာနဲ့ချီဟာ ယောက်သွားအိုက်ရွာဘက်ဝင်ရောက်လာပြီး နေအိမ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းအထိလည်း ယောက်သွားအိုက်ရွာအနီးမှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတာကြောင့် ဒေသခံတွေ ရွာထဲပြန်မဝင်နိုင်သေးလို့ ပြောကြပါတယ်။
ညောင်ပင်ကြီးရွာက ဒေသခံတွေ ရွာထဲပြန်ဝင်လို့မရသေးဘူးလို့ ပြော

ဓာတ်ပုံ ရင်းမြစ်, ချင်းတွင်းမြစ်ကမ်းဘေးသပိတ်စစ်ကြောင်း
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကို ဇွန်လပထမအပတ်ထဲက စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲနေပြီး ဒီကနေ့ ဇူလိုင်လ ၂ ရက်အထိ ရွာထဲရှိနေသေးတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်တိမ်းရှောင်နေရဆဲလို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။
"စစချင်းတုန်းက ကျေးရွာ ၁၆ ရွာလောက်ကနေ ဒေသခံ ၆၀၀၀ လောက်စစ်တိမ်းရှောင်ကြရပါတယ်။ မနေ့က စစ်ဘေးရှောင်တွေကို ကူညီချိန်မှာတော့ လူဦးရေ ၃၀၀၀ ဝန်းကျင်စာ ကူညီခဲ့ရပါတယ်၊ ဆိုလိုတာက အဲ့ဒီထဲက ကျန်တဲ့ ၃၀၀၀ ဝန်းကျင်က သူတို့ရဲ့ နေရပ်တွေကို စွန့်ခွာထွက်ပြေးကြပါပြီ" လို့ မြေပြင်မှာရှိနေတဲ့ ဆားလင်းကြီးဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွာစခန်းကို အခိုင်အမာထပ်တည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ရွာထဲဝင်ရောက်ကြည့်ရှုလို့မရတာကြောင့် အတိအကျမသိနိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီကနေ့ ဇူလိုင် ၂ ရက်မနက်ပိုင်းမှာလည်း မကွေးတိုင်း၊ ရေစကြိုဘက်ကနေ စစ်ကောင်စီအင်အားဆယ်နဲ့ချီ ဆားလင်းကြီးမြို့ပေါ်ကို ဝင်ရောက်လာတာကြောင့် ကျေးရွာတွေဘက် ထပ်မံစစ်ကြောင်းထိုးလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ ညောင်ပင်ကြီးအနီးက လမ်းဘေး ကျေးရွာ ၄ ရွာက ခန့်မှန်းခြေ စုစုပေါင်း နေအိမ် အလုံး ၉၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့တယ်လို့ တွေ့ရပါတယ်။
စာနာမှုအကူအညီပေးသူတွေကို အတိုက်အခံလို မြန်မာစစ်တပ်ဆက်ဆံနေတယ်လို့ ကုလပြော

ဓာတ်ပုံ ရင်းမြစ်, FAO/Hkun Lat
မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ လူသားချင်းစာနာမှုအကူအညီပေးနေသူတွေကို သူတို့ကို အတိုက်အခံလုပ်နေသူတွေလို ပြုမူဆက်ဆံနေတယ်လို့ ကုလမသဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR)က ပြောလာပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ဟာ လူထုဒုက္ခရောက်အောင် လူထုလိုအပ်တဲ့စားသောက်ကုန်နဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပြီး ဖြတ် ၄ ဖြတ် လုပ်နေတယ်လို့လည်း ကုလအစီရင်ခံစာအသစ်မှာ OHCHR က ပြောလာတာပါ။
''မြန်မာစစ်တပ်က အကျပ်အတည်းကာလမှာ လွတ်လွတ်လပ်လပ်အကူအညီပေးနိုင်ဖို့ ပံ့ပိုးကူညီတာထက် အကူအညီထောက်ပံ့ပေးနေသူတွေကို အတိုက်အခံတွေလို ဆက်ဆံနေတယ်'' လို့ OHCHR ပြောခွင့်ရ ရာဗီနာ ရှမ်ဒါဆာရီက ပြောပါတယ်။
လက်ရှိမှာ လူပေါင်း တသန်းခွဲနီးပါးဟာ ပြည်တွင်းနေရပ်ရှောင်တွေ ဖြစ်လာနေပြီး အရပ်သားတွေနေထိုင်တဲ့အဆောက်အအုံ ၆ သောင်းနီးပါး မီးရှို့ဖျက်ဆီးခံထားရတယ်လို့လည်း သူကဆိုပါတယ်။
OHCHR ရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာပြည်တွင်း စစ်အာဏာသိမ်းပြီးချိန်ကတည်းက လူသားချင်းစာနာမှု အကူအညီပေးသူတွေအတွက် အခြေအနေ ဆိုးရွားလာနေသလို အကူအညီပေးသူတွေဟာ ဖမ်းဆီးခံရမှု၊ အကြမ်းဖက်ခံရမှုအပြင် အသက်အန္တရာယ်ထိပါးခံရနိုင်တဲ့အခြေအနေမျိုးတောင် ကြုံနေရတယ်လို့ဖော်ပြပါတယ်။
ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးကတော့ အာဏာသိမ်းပြီးကတည်းကဆိုရင် စစ်တပ်နဲ့ စစ်တပ်နဲ့အပေါင်းအပါတွေရဲ့လက်ချက်ကြောင့် လူပေါင်း ၃၄၅၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ် လူပေါင်း ၂ သောင်းကျော် ဖမ်းဆီးခံထားရတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ပြောဆိုထားပါတယ်။
နှစ်နိုင်ငံနယ်မြေတွေကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေကို ခွင့်မပြုကြောင်း စစ်ကောင်စီနဲ့ အိန္ဒိယ ထပ်ကတိပြု

ဓာတ်ပုံ ရင်းမြစ်, UPSC Network
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် Giridhar Aramane ရဲ့ မြန်မာပြည် နှစ်ရက်တာခရီးစဉ်အတွင်း စစ်ကောင်စီကာကွယ်ရေးဝန်ကြီးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်သွားလာတာ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာနဲ့ မှောင်ခိုရောင်းဝယ်ရေးလို နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဘက်ကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။
ဒါဟာ အိန္ဒိယ - မြန်မာနယ်စပ်ဖြစ်တဲ့ အိန္ဒိယဘက်ခြမ်းက မဏိပူရ်မှာ ပဋိပက္ခတင်းမာနေတဲ့အချိန်မှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက ဇွန်လ ၃၀ ရက်နဲ့ ဇူလိုင် ၁ ရက် နှစ်ရက်တာ မြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ လာရောက်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
"ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံက အကြီးတန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အိန္ဒိယရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ တင်ပြနိုင်တဲ့ကိစ္စရပ်တွေကို တင်ပြနိုင်တဲ့ အခွင့်အရေးတခု" လို့ အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို " နှစ်ဘက်စလုံးက သူတို့ရဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ တဖက်နဲ့ တဖက်ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုခွင့်မပေးဖို့ သေချာစေအောင် ထပ်လောင်းကတိပြုခဲ့တယ်" လို့လည်း ပြောပါတယ်။
ကီလိုမီတာ ၁၇၀၀ ကျော် နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံက ဘယ်လိုတိုးတက်မှုမျိုးမဆို အိန္ဒိယနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ဆိုထားပြီး မြန်မာရဲ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ မြန်မာပြည်သူတွေရဲ့အရေးကလည်း အိန္ဒိယအတွက် အရေးကြီးတယ်လို့ ထည့်ပြောထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြောလာတာမတွေ့ရပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီ ဟာ အမေရိကန်သမ္မတ ဂျိုဘိုင်ဒန်နဲ့တွေ့ဆုံချိန်မှာတော့ မြန်မာပြည်တွင်းက ယိုယွင်းနေတဲ့အခြေအနေတွေကို စိုးရိမ်ကြောင်း ပူးတွဲထုတ်ပြန်ချက် ထုတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ကန့်ကွက်ကြောင်း တုံ့ပြန်စာထုတ်ခဲ့တဲ့ အခြေအနေရှိခဲ့တာပါ။
ဒါပေမဲ့ မြေပြင်မှာ အခုလို အိန္ဒိယနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ထိတွေ့ဆက်ဆံမှုတွေရှိနေတာကြောင့် CRPH အပါအဝင် တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံတာ ရပ်ဖို့ အိန္ဒိယကိုတိုက်တွန်းထားကြပါတယ်။
ဒါအပြင် မြန်မာစစ်တပ်ဆီ လက်နက်နဲ့ ဆက်စပ်ပစ္စည်း အမေရိကန်ဒေါ်လာ ၅ သန်းကျော်ရောင်းချခဲ့တဲ့ အိန္ဒိယအနေနဲ့ လက်နက်ရောင်းချတာရပ်ဖို့ သွေးစွန်းငွေဖြတ်တောက်ရေး Blood Money အဖွဲ့ကနေ ကမ်ပိန်းပြုလုပ်တောင်းဆိုဖို့ မနေ့ကပဲထုတ်ပြန်လာပါတယ်။
၂၀၁၈ ကနေ ၂၀၂၂ ခုနှစ် ငါးနှစ်တာ အိန္ဒိယရဲ့ ပြည်ပတင်ပို့မှုရဲ့ ၁၄ ရာခိုင်နှုန်းဟာ စစ်ကောင်စီဆီ လက်နက်တင်ပို့ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်အတွက် တရုတ်၊ ရုရှားပြီးရင် တတိယအများဆုံး လက်နက်တင်ပို့တဲ့ နိုင်ငံဖြစ်တယ်လို့ Swedish Think Tank Stockholm International Peace Research Institute (SIPRI)က ပြောထားပါတယ်။
ကရင်နီပြည်နယ်ထဲ အောင်မြင်မှုတွေ ဆက်တိုက်ရရှိထားတယ်လို့ KNDF ဥက္ကဋ္ဌ ပြော

ဓာတ်ပုံ ရင်းမြစ်, KNDF
စစ်ကောင်စီဘက်ကလည်း နယ်ခြားစောင့်တပ် BGF စခန်းအချို့ကိုပြန်သိမ်းနိုင်တယ်ဆိုပြီး ထုတ်ပြန်ထား
နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကယား (ကရင်နီ) ပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေဘက်က အောင်မြင်မှုတွေ ဆက်တိုက်ရရှိထားတဲ့အကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဋ္ဌ ခွန်းဘီထူးက သူတို့ရဲ့ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုတ်ပြောလာပါတယ်။
ကရင်နီရဲ့ ဘယ်ဒေသတွေမှာ အောင်မြင်မှုရရှိနေပြီး နယ်မြေစိုးမိုးမှုဘယ်လောက်ရှိနေပြီလဲဆိုတာကိုတော့ တိတိကျကျ ထုတ်ပြောလာတာမရှိသေးပါဘူး။
"မီဒီယာတွေရော ကျွန်တော်တို့ကို ပံ့ပိုးကူညီသူတွေရော သိလိုတဲ့သတင်းအချက်အလက်တွေ အများကြီးရှိပါတယ်။ မီဒီယာတွေမှာရေးသားတာမှန်ကန်ပေမဲ့ အချို့ကလည်း ထုတ်ပြန်ဖို့ လိုအပ်သေးတဲ့အတွက် သင့်တော်တဲ့အချိန်ကျရင်တော့ ဆက်လက်ပြီး အသေးစိတ်ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ အထူးသဖြင့် စစ်ရေး၊ အရေးကြီးတဲ့ အောင်မြင်မှုတွေ ဆက်လက်ရရှိနိုင်ဖို့အတွက်ကို စစ်ရေးသတင်းထုတ်ပြန်မှုတွေကို ချန်လှပ်ထားခြင်းဖြစ်ပါတယ်" လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။
ကရင်နီစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဇူလိုင်လ ၁ ရက် နောက်ဆုံးသိရှိထားချက်အရ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အနီးမှာ ပျံသန်းနေတဲ့ စစ်ကောင်စီလေယာဉ်ကို တော်လှန်ရေးအင်အားစုတွေဘက်က ဖျက်ချနိုင်ခဲ့သလို ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့မြို့ကိုလည်း ဆက်ထိန်းချုပ်ထားနိုင်နေဆဲလို့ စစ်ရေး အခြေအနေ သိရှိသူတွေဆီက သိထားရပါတယ်။
စစ်ကောင်စီဘက်ကလည်း နယ်ခြားစောင့်တပ် BGF စခန်းတွေဖြစ်တဲ့ အမှတ် ၁၀၀၄ ကို ဇွန်လ ၁၇ ရက်နေ့မှာ ပြန်ထိန်းချုပ်နိုင်သလို အမှတ် ၁၀၀၅ စခန်းကို လက်လွှတ်လိုက်ရပြီး ဆယ်ရက်အကြာ ဇွန်လ ၂၇ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
ဒါအပြင် စစ်ကောင်စီရဲ့ အရာရှိ၊ စစ်သည်၊ မိသားစုတွေ ပျောက်ဆုံးနေဆဲဖြစ်တာကြောင့် ဆက်ရှာဖွေနေသလို မယ်စဲ့ဒေသက စခန်းအချို့ကို အမြန်ဆုံးပြန်သိမ်းပိုက်နိုင်အောင် ကြိုးစားနေတယ်လို့ ဖော်ပြပါတယ်။
တော်လှန်အင်အားစုတွေဘက်က မယ်စဲ့စခန်းသိမ်းတိုက်ပွဲကို ဇွန်လ ၁၃ ရက် မှာစတင်ခဲ့ပြီး ဇွန်လ ၂၄ ရက်မှာတော့ မယ်စဲ့က စစ်ကောင်စီစခန်းအကုန်လုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ တခါ နယ်ခြားစောင့်တပ် BGF အဖြစ် နှစ်ပေါင်း ၃၀ အပစ်ရပ်နားခဲ့တဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတ လည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြန်ပူးပေါင်းပြီး အခုတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ကလလတ ဘက်က တရားဝင်ပြောထားပါတယ်။
မော်လိုက်က စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ခဲ့တယ်လို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, NUG
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းတုန်းက စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်အင်းရွာနားမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၆၅၊ ခမရ ၃၆၆၊ ရဲ နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေအခြေချနေတဲ့ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ရဲ့ အမှတ် ၁ စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း ၂ က တပ်ရင်းမှူးဦးစီးပြီး ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း Mi 35 လေယာဉ်ရော A5 ဗုံးကြဲတိုက်ခိုက်ရေးလေယာဉ်နဲ့ပါ ၄ ကြိမ်တိတိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီနောက် PDF ဘက်က စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့သလို ၆၀ မမ လိုစိန်ပြောင်းအပါအဝင် လက်နက်ခဲယမ်းပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တဲ့အကြောင်း NUG ဘက်က ဓာတ်ပုံနဲ့ တကွဖော်ပြလာခဲ့ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒါနဲ့ပတ်သက်လို့ ဒီကနေ့ ဇူလိုင် ၂ ရက်မနက်အထိ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။








