ဩဂုတ် ၄ ရက်ထိပ်တန်းသတင်းများ - သာယာဝတီထောင်မှာ နိုင်ကျဉ်း ဆယ်ချီ တိုက်ပိတ်ခံထားရ

ရေးသားခဲ့သည်။

ထောင်ဆေးရုံမှာ ကုသနေရသူ တချို့ရှိနေ

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၃ ဦး နဲ့ အကျဉ်းသူ ၁၅ ဦး ဇူလိုင်လနောက်ဆုံးအပတ်ကစပြီး တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းသားကူညီစောင့်ရှောက်ရေးလုပ်ဆောင်နေသူတွေဆီက သိရပါတယ်။

အဲဒီထဲက အချို့ကတော့ အကျဉ်းထောင်ဆေးရုံတွေမှာ တက်ရောက်ကုသနေရကြောင်း မိသားစုဝင်တွေကို အကျဉ်းထောင်က အတည်ပြုပြောခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ကိုယ်တိုင်အတည်ပြုနိုင်တာ နှစ်ယောက်ဗျ၊ သန်လျင်က NLD လူငယ် ကိုသန်းတိုးအောင်နဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးပါ။ ဇူလိုင် ၂၉ ရက်မှာ ကိုသန်းတိုးအောင်မိသားစုတွေက ထောင်ကိုမေးတဲ့အချိန်မှာ ထောင်ဆေးရုံရောက်နေကြောင်းပြောတယ်၊ ဘယ်လိုနေလဲဆိုတာ အသေးစိတ်မသိခဲ့ရဘူး" လို့ အကျဉ်းသားကူညီစောင့်ရှောက်ရေးလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

သူတို့ဟာ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ထောင်တွင်းလှုပ်ရှားမှုပြုလုပ်ခဲ့တာကြောင့် အခုလို တိုက်ပိတ်ခံရတယ်လို့ သတင်းကြားသိရတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မနေ့ကစလို့ သာယာဝတီထောင်ကို ထောင်ဝင်စာပို့လို့မရတော့ဘူးလို့လည်း သိရပါတယ်။

ရန်ကုန်၊ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားအများစုကို သာယာဝတီထောင်ကို ရွှေ့ပြောင်းထားကြောင်း အကျဉ်းသားမိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်။

ပဲခူးတိုင်းထဲက သာယာဝတီထောင်၊ ဒိုက်ဦး (ကျိုက်ဇကော) ထောင်တွေမှာ ‌အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

ဇူလိုင်လတုန်းကလည်း ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ထောင်ပြင်ပ ခေါ်ထုတ်ခံရပြီးနောက် သေဆုံးသူ ၈ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က အတည်ပြုထားပါတယ်။

လုံခြုံရေးကောင်စီက မြန်မာ့အရေး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်ချဖို့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ပြ

မြန်မာစစ်တပ် က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေကို ချိုးဖောက်နေတာကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ လုံခြုံရေးကောင်စီအနေနဲ့ လုပ်ဆောင်နိုင်တာမျိုးမရှိသေးဘူးလို့ ကုလသမဂ္ဂ ရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီကပြုလုပ်တဲ့ အစည်းအဝေးမှာ တစ်ရပ်မှာ ပြောကြားပါတယ်။

လုံခြုံရေးကောင်စီ ဟာ တိကျပြတ်သားခိုင်မာတဲ့ ဆုံးဖြတ်ချက်ချဖို့လိုပြီး မြန်မာမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ နဲ့ ငြိမ်းချမ်းတည်ငြိမ်လာစေဖို့ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် အထောက်အကူပြုမယ်လို့ လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မနေ့ သြဂုတ် ၃ ရက်က ကျင်းပတဲ့ “ငတ်မွတ်မှုဘေးအန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ’’ ခေါင်းစဥ်နဲ့လုပ်တဲ့ ဆွေးနွေးပွဲမှာပြောခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ မြန်မာမှာ အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့ နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အပြည့်အဝ၊ လုံခြုံစွာ ခြွင်းချက်မရှိ ပေးအပ်နိုင်ဖို့ လုံခြုံရေးကောင်စီကိုကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်းလည်း ဦးကျော်မိုးထွန်း က ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတွင်း ပြည်သူ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂ ရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီကပြုလုပ်တဲ့ အစည်းအဝေးမှာ တစ်ရပ်မှာ ပြောကြားပါတယ်။

ဒါ့အပြင် ပြည်သူ ၂ သန်းနီးပါးဟာ ပြည်တွင်းနေရပ်စွန့်ခွာသူတွေဖြစ်နေပြီး ကလေးသူငယ်တွေဟာ အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတာကို WFP ရဲ့ အချက်အလက် ကို ကိုင်ပြီး ထောက်ပြပါတယ်။ WFP ရဲ့ အချက်အလက်အရ အသက် (၅) နှစ်အောက် ကလေးငယ် (၃) ဦးမှာ (၁) ဦးနှုန်းနဲ့ ဖွံ့ဖြိုးမှုနှေးကွေးမှု ရင်ဆိုင်နေရသလို (၇) ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့လာတယ်လို့ ဖော်ပြကြောင်း ဦးကျော်မိုးထွန်းက ပြောခဲ့တာပါ။

ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်တက်လာခြင်းက မြန်မာပြည်သူတွေကို ဆာလောင်ငတ်မှုဘေးအန္တရာယ်ဆီကို တွန်းပို့နေပြီး ဒီပြဿနာရဲ့ အဓိက ရင်းမြစ်က စစ်တပ်ရဲ့ ဖြတ် (၄) ဖြတ် အစီအစဉ်ကြောင့် လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်း က ‘’ ပဋိပက္ခ၏ ဒုက္ခဘေးဒဏ်ကို ခံစားနေရသည့်နိုင်ငံမှ သံတမန်ဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ မလုံလောက်မှုအပါအဝင် အခြားထွေပြားသော အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နေရသည့် ပြည်သူများ၏ အခြေအနေမှာ လွန်စွာကြေကွဲဖွယ်ကောင်းသည်ကို ပြောကြားလိုကြောင်း’’ လို့ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

နန့်ယင်းမြစ်ရေတက်လို့ မိုးကောင်းမြို့မြေနိမ့်ပိုင်းနေသူတွေ သတိထားကြဖို့ မိုးဇလသတိပေး

လာမယ့် ၆ နာရီအတွင်း နန့်ယင်းမြစ်ရေဟာ မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ ( မိုးရေချိန် ၂၀၀ မီလီမီတာ) အထိ ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ ဒီကနေ့ ဩဂုတ် ၄ ရက် မနက် ၈ နာရီ တိုင်းထွာချက်အရ နန့်ယင်းမြစ်ရေတက်လာနိုင်တာကြောင့် မိုးကောင်းမြို့က မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိထားကြဖို့ အခုလိုထုတ်ပြန်လာတာပါ။

မြစ်ရေတိုင်းထွာချက်တွေအရလည်း သောင်းရင်းမြစ်ရေအများဆုံးတက်နေပြီး ကုလားတန်မြစ်၊ သံလွင်မြစ်နဲ့ ဧရာဝတီမြစ်ရေတွေ သိသိသာသာတက်နေတာကိုတွေ့ရပါတယ်။

မနေ့ညကစလို့ သံလွင်မြစ်ရေ တက်နေတာကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့တဝိုက်က မြေနိမ့်ပိုင်းတွေမှာ ရေဝင်ရောက်နေပြီလို့ လူမှုကူညီသူတွေဆီက သိရပါတယ်။

"ကယ်ဆယ်ရေးစခန်းဖွင့်ရတဲ့ အခြေအနေတော့မဟုတ်‌သေးပါဘူး။ ရေကတော့ ၂ ပေလောက်အထိ တက်လာပြီ။ သတိထားနေရတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တခါ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတာကြောင့် နိုင်ငံတဝန်းမိုးရွာသွန်းနိုင်ကာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန် ပြည်နယ်တွေမှာ နေရာကွက်မိုးကြီးနိုင်ပြီး မိုးရွာဖို့ ရာနှုန်းပြည့်ရှိတယ်လို့ မိုးဇလက ဖော်ပြပါတယ်။

နောက်နှစ်ရက်အတွင်းလည်း မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေမယ်လို့ ‌ခန့်မှန်းထားပါတယ်။

ဝ ရဲ့ သံဖြူထုတ်လုပ်တင်ပို့မှုရပ်ဆိုင်းတာကြောင့် ကမ္ဘာ့သံဖြူစျေးတက်

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ သံဖြူ ထုတ်လုပ်တင်ပို့မှု အားလုံးကို ဩဂုတ် ၁ ရက်နေ့ကစလို့ ရပ်ဆိုင်းလိုက်တာကြောင့် ကမ္ဘာ့သံဖြူစျေးကွက်လည်း ရက်ပိုင်းအတွင်း စျေးတက်သွားတယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြနေပါတယ်။

မနေ့က လန်ဒန်သတ္တုစျေးကွက်မှာဆိုရင် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ စျေးတက်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

သံဖြူအရောင်းအဝယ်အဖြစ်ဆုံးလဖြစ်တဲ့ လာမယ့် စက်တင်ဘာလအတွက် ရှန်ဟိုင်းအနာဂတ် (Shanghai Futures Exchange) မှာတော့ ကြိုတင်ရောင်းစျေးမှာတင် ၁ ဒသမ ၄ ရာခိုင်နှုန်း စျေးမြင့်လာပြီး မက်ထရစ် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၂၀၀၀ ကျော် ပေါက်စျေးရှိလာပါတယ်။

ဝ ရဲ့ အခုလို သံဖြူထုတ်လုပ်တင်ပို့မှု ပိတ်လိုက်တာကြောင့် တရုတ်ရဲ့ သတ္တုကုန်ကြမ်းရရှိမှု သိသိသာသာလျော့ကျသွားမယ့်အပြင် တရုတ်ရဲ့ အခုနှစ် ပထမနှစ်ဝက်ကာလကရရှိခဲ့တဲ့ သတ္တုကုန်ချောထုတ်လုပ်နိုင်မှုပမာဏကို ပြန်ရောက်နိုင်ဖို့အတွက်ပါ စိန်ခေါ်မှုတွေရှိလာတယ်လို့ နိုင်ငံတကာ သံဖြူထုတ်လုပ်သူများအသင်း ITA က ပြောပါတယ်။

ဝ ဒေသဟာ မြန်မာရဲ့ သံဖြူအဓိက ထုတ်လုပ်တဲ့ဒေသဖြစ်သလို ကမ္ဘာ့အကြီးဆုံး သန့်စင်ပြီး သံဖြူတင်ပို့တဲ့ တရုတ်အတွက်လည်း သတ္တုရိုင်းရရှိဖို့ အဓိကအားထားရတဲ့ နေရာလည်းဖြစ်ပါတယ်။တရုတ်ရဲ့ သန့်စင်ပြီး သံဖြူတင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဝ ဒေသကနေ ရရှိတာလည်းဖြစ်ပါတယ်။

ဝ ရဲ့ ပြတ်သားတဲ့ မူဝါဒကြောင့် သံဖြူထုတ်လုပ်မှု ရပ်တန့်တာဟာ တစ်လကနေ သုံးလအထိ ကြာမြင့်နိုင်မယ်လို့ ကနဦးစျေးကွက်ခန့်မှန်းချက်တွေရှိနေပေမဲ့ သံဖြူတူးဖော်ရေးမိုင်းတွေကို ပြန်ဖွင့်ပေးဖို့ကတော့ ခန့်မှန်းတာထက် ပိုကြာနိုင်မယ်လို့ ITA က သုံးသပ်ထားပါတယ်။

သံဖြူတင်ပို့ရောင်းချမှုကို အခုလိုတားမြစ်လိုက်ပေမဲ့ သိုလှောင်ရုံတွေကို ဆက်လည်ပတ်ခွင့်ပေးနိုင်မယ်လို့ မျှော်လင့်နေကြတာပါ။

နိုင်ငံတကာ သံဖြူထုတ်လုပ်သူများအသင်း ITA ရဲ့ အပြောအရ ဝ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီမှာ သတ္တုရိုင်းတန်ချိန် ၂ သန်းခန့်ရှိနေပြီး သန့်စင်ထားတဲ့ သံဖြူတန်ချိန် ၅၀၀၀ ကနေ ၆၀၀၀ ကြားရှိနေတယ်လို့ ဆိုပါတယ်။ဒါပေမဲ့ အခုလိုထုတ်လုပ်မှု ရပ်တန့်လိုက်တာကြောင့် သံဖြူရောင်းချမှုက ရရှိမယ့်အကျိုးအမြတ်တွေပါ ရပ်တန့်ခံလိုက်ရတယ်လို့ပြောပါတယ်။

ဝ အာဏာပိုင်တွေဟာ အခုလိုသံဖြူထုတ်လုပ်တဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့ ဧပြီ၊ မေလ တွေကတည်းက အကောင်အထည်စဖော်နေကြတာလို့ ITA က ဆိုပါတယ်။

ဩဂုတ် ၁ ရက်လုပ်ငန်း ရပ်နားချိန်က စလို့ ဒေသခံအလုပ်သမားအများစုကို သတ္တုရိုင်းသယ်ယူပို့ဆောင်မှုတွေကိုပါ တားမြစ်ထားပြီဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာကြား ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ကွာဟနေ

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထဲ တရုတ်နဲ့ မြန်မာကြား ကုန်သွယ်မှု‌‌‌ ဖော်ပြချက်က အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံနီးပါး ကွာဟနေတယ်လို့ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေကို နှိုင်းယှဉ်ပြီး တရုတ် - မြန်မာအရေးလေ့လာနေတဲ့ ISP မြန်မာက ပြောပါတယ်။

ဒီလိုကွာဟချက်ဟာ နှစ်နိုင်ငံကြားတရားမဝင်ကုန်သွယ်မှု များပြားလာတာကို ပြနေတာလို့ ISP က ထောက်ပြပါတယ်။

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုထုတ်ပြန်ချက်တွေကိုကြည့်ရင် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ တရုတ်နဲ့ ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် ရတယ်လို့ ဆိုထားပြီး တရုတ်ရဲ့ အချက်အလက်တွေအရ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံကျော်ရတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် ကုန်သွယ်မှုတန်ဖိုး ကွာဟချက်က အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ နီးပါးရှိနေတာပါ။ လစဉ်အလိုက် ကုန်သွယ်မှုမှာလည်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကနေ နှစ်ဘီလီယံကြား ကွာဟချက်ရှိနေတယ်လို့ ISP ရဲ့ စာတမ်းအရ တွေ့ရပါတယ်။

အဓိကအားဖြင့် သဘာဝဓာတ်ငွေ့အပါအဝင် သကြား၊ အဝတ်အထည်၊ လက်ဝတ်ရတနာနဲ့ တို့လို စက်မှုကုန်ချောပစ္စည်းတွေကို အများဆုံးကုန်သွယ်နေကြတာလို့လည်း ဆိုပါတယ်။

ဒီလို တရားမဝင် ကုန်သွယ်မှုများလာပေမဲ့ တရုတ်ဟာ မြန်မာအတွက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး ဒုတိယကတော့ ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံနီးပါးရှိပြီး ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုကနေ ၆ ဘီလီယံနီးပါး ရရှိထားတာပါ။

ဒါပေမဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာတော့ ထိုင်းနိုင်ငံနဲ့ အများဆုံး ကုန်သွယ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံထိ ရရှိခဲ့ကာ ဒါဟာ စုစုပေါင်းနယ်စပ်ကုန်သွယ်မှုရဲ့ ၃ ပုံ ၂ ပုံ စာနီးပါး ရှိတာလည်းဖြစ်ပါတယ်။ အရင်ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် အခုဘဏ္ဍာနှစ်ထဲ ထိုင်းနဲ့ ‌နယ်စပ်ကုန်သွယ်ရေးကနေ ‌အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်တိုးလာတာလို့လည်း ISP က ဖော်ပြပါတယ်။