ဂါဇာဒုက္ခသည် ၆ သိန်းအတွက် နေရာ မလုံလောက် အောက်တိုဘာ ၂၅ ညပိုင်း နိုင်ငံတကာ သတင်းများ

ရေးသားခဲ့သည်။

ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ခိုလှုံစရာ နေရာ မလုံမလောက် ဖြစ်နေကြောင်း ကုလသမဂ္ဂ အေဂျင်စီဖြစ်တဲ့ UNRWA က သတိပေးထားပါတယ်။

သူ့မူလ လက်ခံနိုင်တာထက် လေးဆကျော် လက်ခံထားရတဲ့ ဒီစခန်းတွေမှာ လူတွေပြည့်နေလို့ လမ်းပေါ် ထွက်အိပ်နေကြရတယ်လို့ ပြောပါတယ်။

လောင်စာဆီ မပို့ရင် ဗုဒ္ဓဟူးနေ့ကို ကျော်ပြီး အထောက်အပံ့မပေးနိုင်တော့ကြောင်းလည်း UNRWA အဖွဲ့က သတိပေးထားပါတယ်။

UNRWA ကို မှီခိုနေသူ ခြောက်သိန်းရှိတဲ့အတွက် ဒီအကူအညီတွေ မလာရင် အင်မတန်ခက်တဲ့ အနေအထား ရှိပါတယ် ဆိုပြီး အဖွဲ့ ပြောခွင့်ရ ဂျူးလီးယက် တိုမာက ဘီဘီစီကို ပြောပါတယ်။

လတ်တလော ပစ်ခတ်မှုတွေအတွင်း သူတို့စခန်း ၄၀ အနည်းဆုံး ထိမှန်ခဲ့တယ်လို့လည်း ပြောပါတယ်။

အစ္စရေးရဲ့ မနေ့ည ဗုံးကြဲမှုတွေအတွင်း လူ ၈ဝ ကျော် သေဆုံးကြောင်း ဟားမတ်စ် ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

တောင်ပိုင်းက ခန်းယူးနစ်မြို့မှာလည်း လေကြောင်းတိုက်ခိုက်မှု အများအပြား ကြုံရပြီး အဲဒီမှာ ဂါဇာ လူဦးရေရဲ့ ထက်ဝက်က ခိုလှုံနေကြတယ်လို့ ဂါဇာက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဂူတားရက်ရှ်စကားကို အစ္စရေး တုံ့ပြန်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်ရှ်က ဟားမတ်စ်အဖွဲ့နဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောတဲ့ စကားကို လက်တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ အရာရှိတွေကို ဗီဇာထုတ်မပေးဘူးဆိုပြီး အစ္စရေးက ပြောပါတယ်။

အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တိုက်ခိုက်မှုတွေဟာ လေဟာနယ်ထဲမှာ ဖြစ်ခဲ့တာ မဟုတ်ကြောင်း မစ္စတာ ဂူတားရက်ရှ်က ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းတွေမှာ ၅၆ နှစ် မွန်းကျပ်ဖွယ် သိမ်းပိုက်မှုကို ရင်ဆိုင်ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

မစ္စတာ ဂူတားရက်ရှ် နုတ်ထွက်ဖို့ အစ္စရေး ကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြပါတယ်။

ပါကစ္စတန်လေကြောင်း လေယာဉ်ဆီပြတ်

ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်းမှာ ပြီးခဲ့တဲ့ ၁ဝ ရက်အတွင်း ဂျက်လေယာဉ်ဆီဖိုး မပေးနိုင်လို့ လေကြောင်း ခရီးစဉ် ၃၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်း လေကြောင်းလိုင်းဘက်က ပြောပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးစဉ်တွေ ဖျက်သိမ်းတဲ့အတွက် ထောင်နဲ့ချီတဲ့ ခရီးသည်တွေ သောင်တင်နေကြပါတယ်။

ဒီခရီးသည်တွေကို တခြားလေကြောင်းလိုင်းတွေနဲ့ ထည့်ပေးဖို့ ကြိုးစားနေတယ်လို့လည်း လေကြောင်းလိုင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

အကြွေးကျန်နေလို့ ဓာတ်ဆီထပ်မပေးနိုင်ဘူးဆိုပြီး ပါကစ္စတန် အစိုးရ ရေနံကုမ္ပဏီက ငြင်းတဲ့အတွက် ဒီလေကြောင်းလိုင်းမှာ အဆိုးဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

လေယာဉ်မထွက်နိုင်တဲ့အတွက် လေကြောင်းလိုင်း လုံးဝရပ်ဆိုင်းသွားမှာကိုလည်း ပူပန်နေကြပါတယ်။

သီရိလင်္ကာရောက် တရုတ်သုတေသနသင်္ဘော

ရှင်ယန် အမှတ် ၆ တရုတ်သုတေသနသင်္ဘော ကိုလံဘို ဆိပ်ကမ်းကို ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိကြောင်း သိရီလင်္ကာ အစိုးရက ပြောပါတယ်။

ဒီသင်္ဘောရောက်လာတဲ့အတွက် အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို တပ်လှန့်ပေးသလို ဖြစ်နိုင်ပါတယ်။

သင်္ဘောကုန်ဖြည့်ဖို့အတွက် ဝင်ခွင့်ပေးတာလို့လည်း သိရီလင်္ကာ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

သမုဒ္ဒရာဗေဒ၊ ဘူမိဗေဒနဲ့ အဏ္ဏဝါ ဂေဟဗေဒ စမ်းသပ်မှုတွေ လုပ်ဖို့ လူ ၆၀ ပါတဲ့ သုတေသနသင်္ဘောကို စေလွှတ်ကြောင်း တရုတ်အစိုးရက ပြောပါတယ်။

မနှစ်ကလည်း အလားတူ တရုတ်သုတေသနသင်္ဘောတစင်း သီရိလင်္ကာဆိပ်ကမ်းမှာ လာကပ်တာကို အိန္ဒိယက စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

အဲဒီသင်္ဘောက အာကာသယာဉ်တွေကို ခြေရာခံရာမှာ အထူးပြုတဲ့ သင်္ဘော ဖြစ်ပေမယ့် ဒီသင်္ဘောကို သူလျှိုသင်္ဘောဆိုပြီး အိန္ဒိယဘက်က ပြောပါတယ်။

လိင်သတ်မှတ်ချက် ပြောင်းလိုတဲ့ ဂျပန်တွေကို ဖိအားပေးတဲ့ ဥပဒေ

လိင်သတ်မှတ်ချက် ပြောင်းလိုတဲ့ ဂျပန်နိုင်ငံသားတွေကို ခွဲစိတ်ဖို့ ဖိအားပေးတဲ့ ဥပဒေကို အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ဂျပန်တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

အခုအချိန်ထိ ဂျပန်မှာ လူတယောက်ရဲ့ လိင်သတ်မှတ်ချက်ကို ခွဲစိတ်ကုသပြီး မျိုးပွားအင်္ဂါတွေကို ဖယ်ထုတ်ပြီးမှ တရားဝင် ပြောင်းနိုင်ပါသေးတယ်။

လိင်ခံယူမှု ပြောင်းထားတဲ့ အမျိုးသမီးတယောက်ရဲ့ တရားဝင် အသိအမှတ်ပြုဖို့ တောင်းဆိုတဲ့ အသနားခံစာကိုလည်း တရားရုံးက စဉ်းစားခဲ့ပါတယ်။

ဒီဥပဒေဟာ လိင်ခံယူမှု ပြောင်းလဲတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ပကတိ အနေအထားနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး LGBT ဝန်းရံတဲ့ အဖွဲ့တွေက ဝေဖန်ကြပါတယ်။

ဂျပန်ဟာ လိင်သတ်မှတ်ချက်ပြောင်းလဲဖို့အရေးမှာ ခွဲစိတ်ဖို့ လိုအပ်တဲ့ ၁၈ နိုင်ငံထဲက တခု ဖြစ်ပြီး ဒါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကန့်ကွက်ခဲ့ပါတယ်။

မီးပြတ်လို့ မိကျောင်းယူလာတဲ့ လယ်သမားများ

မီးပြတ်တာတွေကို မကျေနပ်လို့ ဆန္ဒပြတဲ့အနေနဲ့ အိန္ဒိယတောင်ပိုင်းက လယ်သမားတစုက အရာရှိတွေ လန့်သွားအောင် မိကျောင်းတကောင် ယူလာခဲ့ပါတယ်။

ကာနာတာကာပြည်နယ်မှာ အမြီးနဲ့ ခေါင်း နှစ်ဘက်လုံး ကြိုးတုပ်ထားတဲ့ မိကျောင်းကို ထရပ်ကားပေါ်ကနေ ရွာသားတွေ ယူချလာတဲ့ ဗီဒီယိုကလည်း အင်တာနက်မှာ ပြန့်နေပါတယ်။

ညမှာ လယ်ထဲ ရေတင်ဖို့အတွက် မီးလာတာ စောင့်နေတုန်း မိကျောင်းနဲ့ မြွေတွေကို မမြင်ရတဲ့ အန္တရာယ်ကို မီးမောင်းထိုးပြဖို့ ဒီတိရိစ္ဆာန်ကို ယူလာတာ ဆိုပြီး လယ်သမားတယောက်က ပြောပါတယ်။

နေ့ခင်းမှာ မီးသုံးတာ များလွန်းတဲ့အတွက် အဲဒီက လယ်သမားတွေကို ညကျမှ မီးပေးလေ့ ရှိပါတယ်။