နေပြည်တော်ရဲ့ နောက်ကျောမလုံမှုနဲ့ နယူးဒေလီ ခရီး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

နေပြည်တော်ရဲ့ နောက်ကျောမလုံမှုနဲ့ နယူးဒေလီ ခရီး

အခု နေပြည်တော် အသွင်ပြောင်း အစိုးရဟာ တရုတ်ရဲ့ ကျောထောက်နောက်ခံ ပေးမှု ရထားတယ် ဆိုတဲ့ အချက် မမှားပေမယ့်၊ တချိန်တည်းမှာပဲ တရုတ်နဲ့ ဆက်ဆံရတဲ့ မြန်မာနိုင်ငံထဲက အဖွဲ့အစည်းတွေထဲ ဘေဂျင်း အပေါ် စိတ်မချနိုင်ဆုံး၊ နောက်ကျော မလုံနိုင်ဆုံးကတော့ အဲဒီ နေပြည်တော် အစိုးရနဲ့ အဲဒီ အစိုးရကို ဦးဆောင်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်းပဲ ဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံ အခြေစိုက် နိုင်ငံရေး သုခမိန် အဖွဲ့ လိုဗီ အင်စတီကျုက သုတေသီ ဒေါက်တာ ဟန်တာ မာစတန်က ပြောပါတယ်။

ဒေါက်တာ မာစတန်ဟာ လိုဗီ အင်စတီကျုရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ပရိုဂရမ်ရဲ့ ဒါရိုက်တာ ဖြစ်ပြီး၊ သူ အထူးပြု စောင့်ကြည့် နေတာထဲမှာ ဘင်္ဂလားပင်လယ်အော် အပါအဝင် အိန္ဒိယ သမုဒ္ဒရာထဲ တရုတ်နဲ့ အိန္ဒိယတို့ အားပြိုင်မှုလည်း ပါဝင်ပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။

ဘီဘီစီ။ ။ သမ္မတနေရာ ရယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းဟာ သမ္မတ အနေနဲ့ သူ့ရဲ့ ပထမဆုံး နိုင်ငံခြား ခရီး အဖြစ် အိန္ဒိယကို သွားဖို့ ရွေးချယ်ပါတယ်။ အဲဒီလို အိန္ဒိယကို ရွေးချယ်တာ ဘယ်လို ထူးခြားမှု ရှိလဲ ဟန်တာ။

ဒေါက်တာ ဟန်တာ မာစတန်။ ။ အိန္ဒိယကို ရွေးချယ်တာဟာ ... နေပြည်တော် အနေနဲ့ နည်းနည်းလေး ဖြစ်ဖြစ် ပိုပြီး လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒ ထူထောင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုး၊ လက်ရှိ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင် ဆီမှာ ရှိနေတာကို သိသာစေပါတယ်။ ဒါဟာ အရေးကြီးတဲ့ အချက် ဖြစ်မယ် ထင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ နိုင်ငံခြားခရီးတွေ လုပ်ခဲ့တာမှာ မော်စကို ခရီးစဥ်တွေကတော့ အရေအတွက် အများဆုံး ဖြစ်ပါတယ်။ အာဏာသိမ်းစ ကနဦးကာလ ဂျာကာတာ ခရီးစဥ် အပြင်၊ ဒေသတွင်းမှာ ဆိုရင် ထိုင်းနဲ့ တရုတ်ကို သွားခဲ့ပါတယ်။

အခု ဒေလီ ခရီးစဥ်ကတော့ သူ ဦးဆောင်တဲ့ လက်ရှိ နေပြည်တော် အာဏာပိုင်တွေ အတွက် အရေးပါတယ်လို့ ဆိုရပါမယ်။ ဝန်ကြီးချုပ် မိုဒီနဲ့ကတော့ ကျွန်တော် အမှတ်မမှားရင် အာဏာသိမ်းနောက်ပိုင်းကာလမှာ ဆိုရင် တွေ့ဆုံထားတာတွေလည်း ၂ ကြိမ်ထက် မနည်း ရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်က ၃ ကြိမ်မြောက် ဖြစ်ပါတယ်။

ဒီ ခရီးစဥ်ဟာ အိန္ဒိယ ရေတပ်ရဲ့ အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နောက်ပိုင်း ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီ အပြန်အလှန် ခရီးတွေဟာ အိန္ဒိယလည်းပဲ မြန်မာအတွက် အရေးကြီးတဲ့ မိတ်ဖက် ဖြစ်တယ် ဆိုတာကို နေပြည်တော်က သိသိသာသာ အချက်ပြနေတာ ဖြစ်ပါတယ်။ ဆိုလိုတာက နေပြည်တော် ဆီမှာ တရုတ်အပြင် တခြား မိတ်ဆွေတွေ ရှိနေတယ်၊ ရွေးချယ် စရာ ရှိနေတယ် ဆိုတာကို ပြသတာမျိုး ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။

ဘီဘီစီ။ ။ တရုတ်နဲ့ ဆက်ဆံရေးကို မျှခြေရဖို့၊ ပိုပြီး တိတိကျကျ ပြောရရင် တရုတ် အပေါ် မှီခို နေရာတာကို လျှော့ချနိုင်ဖို့ နေပြည်တော်က ပြုလုပ်တာလို့ ဆိုလိုတာလား ခင်ဗျ။ အဲဒီလို လုပ်ရင် အကျိုး ရှိမယ်လို့ နေပြည်တော်က ယူဆနေတာလား။

ဒေါက်တာ ဟန်တာ မာစတန်။ ။ အိန္ဒိယနဲ့ ဆက်ဆံရေး ခိုင်မာစေတာဟာ မြန်မာ အတွက် အကျိုးကျေးဇူး ရှိစေမှာကတော့ သေချာပါတယ်။ ပြောရရင်တော့ တရုတ်ဟာ နေပြည်တော် အတွက် အခိုင်မာဆုံး ကျောထောက်နောက်ခံ ပြုပေးသူ ဆိုတဲ့ နေရာမှာ လက်တွေ့ အရ ရှိနေတာ မှန်ပါတယ်။ တချိန်တည်းမှာပဲ၊ အဲဒီ အဖြစ်နဲ့ ပြောင်းပြန် အချိုးကျစွာပဲ .... မြန်မာနိုင်ငံထဲက အင်အားစု အသီးသီး၊ အဖွဲ့အစု အသီးသီး ထဲမှာ တရုတ် အပေါ် တကယ်တမ်း နောက်ကျော မလုံနိုင်ဆုံး၊ စိတ်မချနိုင်ဆုံးကတော့ နေပြည်တော်က ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဘဝ စစ်ရေးအရ အကြီးမားဆုံး အထိုးနှက်ခံခဲ့ရတာဟာ၊ တရုတ်နဲ့ ဆက်စပ်နေတဲ့ ကိုးကန့် တပ်နဲ့ကြား စစ်ပွဲတွေ ဖြစ်ပါတယ်။ အဲဒီ အရှေ့မြောက် ဒေသ စစ်ပွဲတွေဟာ မြန်မာရဲ့ ဗဟို အစိုးရနေရာကို ယူထားသူတွေ အတွက် ဘေဂျင်း အပေါ် မှီခိုရမှုဟာ သမိုင်းတလျှောက် အကြီးမားဆုံး ဆိုတဲ့ အနေအထားဆီ တွန်းပို့ ခံခဲ့ရပါတယ်။

တရုတ်အပေါ် မှီခိုရမှု ဆီကနေ ကင်းလွတ်လိုသူ၊ လျှော့ချလိုသူတွေဟာ မြန်မာပြည်သူတွေ တင်မကပါဘူး။ မြန်မာ စစ်တပ်လည်း ပါဝင်ပါတယ်။ ဘယ်လိုနည်းနဲ့ လျှော့ချနိုင်မလဲ ဆိုတဲ့ နေရာမှာ အခု အိန္ဒိယ နိုင်ငံရဲ့ အခန်းကဏ္ဍ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံလည်း အလားတူပါပဲ။ နေပြည်တော်က သူတွေ အာဆီယံထဲ ပြန်ပြီး ဝင်ဆံ့ နိုင်ဖို့ ဆိုရင် ထိုင်းကို အားကိုးရမယ့် အနေအထားမှာ ရှိနေပါတယ်။

ဘီဘီစီ။ ။ ဒါဆိုရင် ဘေဂျင်းရဲ့ သဘောထားကရော ဘယ်လို ရှိနိုင်လဲ။ အိန္ဒိယကို နေပြည်တော်က တရုတ်ထက် ဦးစားပေးလို စိတ် ရှိမယ်လို့ မြင်လာနိုင်လား။

ဒေါက်တာ ဟန်တာ မာစတန်။ ။ အိန္ဒိယ ခရီးစဥ်နဲ့ ပတ်သက်လို့တော့ ဘေဂျင်းဘက်က သိပ်ပြီး စိုးရိမ်စိတ် ထားမယ်လို့ မထင်ပါဘူး။ မြန်မာနိုင်ငံထဲမှာ သူတို့ရဲ့ ဩဇာကို အခိုင်မာဆုံး ထူထောင်ထားနိုင်ချိန် ဆိုပြီး စိတ်ချလက်ချ ရှိနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံထဲက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ခြိမ်းခြောက်မယ့်သူဟာ အိန္ဒိယ ဆိုပြီး ဘေဂျင်းက မှတ်ယူလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။

လက်ရှိ အချိန်ထိကတော့ မြန်မာထဲမှာ ဆိုရင် အိန္ဒိယဟာ တရုတ် အတွက် ဗျူဟာမြောက် အဓိက အဟန့်အထား အနှောင့်အယှက် တစ်ခု ဖြစ်မနေပါဘူး။

ဒါပေမယ့်လည်း ဘင်္ဂလား ပင်လယ်အော် နဲ့ အိန္ဒိယ သမုဒ္ဒရာ အရေးမှာတော့၊ မြန်မာရေတပ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ အကူအညီတွေကို ရယူပြီး အိန္ဒိယရေတပ်က ဘယ်လောက် ချဲ့ထွက် လှုပ်ရှားလာမလဲ ဆိုတာကို တရုတ် စိတ်ဝင် စားနိုင်ပါတယ်။ ဆက်ပြီး စောင့်ကြည့် နေမယ်လို့ ထင်ပါတယ်။

ဘီဘီစီ။ ။ အိန္ဒိယ ခရီးစဥ်မှာ မိုဒီ အစိုးရ ဆီကနေ အဓိက ဘာတွေ ရဖို့ နေပြည်တော် သမ္မတက အာရုံစိုက်တယ်လို့ မြင်ရလဲ ဟန်တာ။

ဒေါက်တာ ဟန်တာ မာစတန်။ ။ ကျွန်တော့် အမြင်မှာ ဒေလီ ခရီးစဥ်ကနေ ဦးမင်းအောင်လှိုင် လိုချင်တာ အဓိက နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုကတော့ သူ ဦးဆောင်တဲ့ အစိုးရ အပေါ် အသိအမှတ် ပြုတဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ တစ်နည်း ပြောရရင် သူဟာ မြန်မာနိုင်ငံ အစိုးရ အဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ် နိုင်ငံတကာ အစိုးရ အဖွဲ့ ခေါင်းဆောင်တွေနဲ့ ထိတွေ့ ဆက်ဆံနိုင်ဖို့ လိုအပ်နေပါတယ်။ အဲဒါမှပဲ၊ သမ္မတ နေရာကို သူ ရယူပုံဟာ ဥပဒေကြောင်းအရ ပြဿနာတွေ ရှိတယ်လို့ နိုင်ငံတကာက မြင်ထားသည့်တိုင်၊ နေပြည်တော်ကို လက်တွေ့ချုပ်ကိုင် ထားသူ အဖြစ် ဒီဖက်တို အသိအမှတ်ပြု ဆက်ဆံမှု ရှိတယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို လက်တွေ့အရ အသိအမှတ်ပြုမှု de facto recognition ကနေ တဆင့်၊ နိုင်ငံရေး အရ တရားဝင်မှု political legitimacy ကို အတိုင်းတာတစ်ခု အထိ ရရှိ နိုင်လိမ့်မယ်လို့ နေပြည်တော် သမ္မတ ရည်မှန်းပုံ ရပါတယ်။ သူဆက်ပြီး နိုင်ငံရေး အာဏာ တကယ်တမ်း ရှိနိုင်ဖို့ ဆိုရင် အဲဒီလို နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံတာ ခံရဖို့ ဆိုတဲ့ အချက်ဟာ သူ့ အတွက် တကယ့်ကို အရေးကြီးပါတယ်။

မိုဒီ အစိုးရဆီက သူလိုချင်တာ နောက်တစ်ချက်ကတော့ ... မြန်မာနိုင်ငံထဲ ဖော်ဆောင်မယ် ဆိုပြီး အိန္ဒိယဘက်က ချမှတ်ထားတဲ့ စီမံကိန်းတွေ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေ၊ ကုန်သွယ်ရေးတွေကို တကယ်တမ်း ပြစနိုင်ဖို့ ဖြစ်ပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နှိုင်းယှဥ် နိုင်လောက်အောင် မကြီးမားပေမယ့်၊ အိန္ဒိယရဲ့ စီမံကိန်းတွေ အပြိုင် အကောင်အထည် ဖော်လာနိုင်မယ် ဆိုရင် အတိုင်းတာ တစ်ခု ထိတော့ တိုင်းပြည်ရဲ့ စီးပွားရေးထဲ တရုတ်ရဲ့ ပြိုင်ဘက်မရှိ လွှမ်းမိုးထားမှုကို တန်ပြန်ပြီး မျှခြေ ယူနိုင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အိန္ဒိယ ဘက်ကလည်း မြန်မာနိုင်ငံထဲ သူတို့ရဲ့ စီမံကိန်းတွေ ပြန်စဖို့၊ တကယ်တမ်း အကောင်အထည်ဖော်နိုင်ဖို့ လိုလားတယ် ဆိုတာ အမြဲပဲ ပြသနေပါတယ်။ အခု ဒေလီ ခရီးစဥ် အပေါ် မူတည်ပြီး ကျွန်တော်တို့ ဘာပြောနိုင်မလဲ၊ သူတို့ နေပြည်တော် သမ္မတနဲ့ အစိုးရကို တရားဝင် အသိအမှတ်ပြုတာလား။။ အာဆီယံထဲမှာတော့ အဲဒီလို အသိအမှတ်ပြုဖို့ ဘုံသဘောထား ထွက်မလာသေးပါဘူး။ အိန္ဒိယကတော့ စစ်တပ်က ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုတယ် ... ဒီ ရွေးကောက်ပွဲကို အခြေခံတယ် ဆိုတဲ့ အစိုးရကိုလည်း တရားဝင် အသိအမှတ်ပြု လက်ခံတယ်ဆိုတဲ့ ရပ်တည်မှုကို ဒေသတွင်းနဲ့ နိုင်ငံတကာ ကို ပြသတာမျိုးလား။

ဒေါက်တာ ဟန်တာ မာစတန်။ ။ ကျွန်တော့်အမြင်မှာကတော့၊ ဒေလီဟာ အစကတည်းကတိုင်း နေပြည်တော်နဲ့ကြား လက်တွေ့ကျတဲ့ ထိတွေ့ဆက်ဆံရေးတွေ ပြုလုပ်မယ် ဆိုတဲ့ သူတို့ရဲ့ သဘောထားကို အကြိမ်ကြိမ် ပြသထားပြီး ဖြစ်ပါတယ်။ အစိုးရ နေရာမှာ ဘယ်သူ ရောက်လာလာ ... လက်တွေ့ကျတဲ့ ထိတွေ့ဆက်ဆံရေး pragmatic engagement ကို သူတို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အဲဒီ အဓိပ္ပာယ်ဟာ... ရွေးကောက်ပွဲကို ဖြစ်စေ၊ တက်လာတဲ့ အစိုးရကို ဖြစ်စေ၊ တရားဝင် အသိမှတ် ပြုတာလား မပြုဘူးလား ဆိုတဲ့ အချက် အပေါ် သူတို့ အဓိက အလေးမူတာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ရွေးကောက်ပွဲ နဲ့ နေပြည်တော် အစိုးရတို့ရဲ့ တရားဝင်မှု legitamacy ပြဿနာ အပေါ် မှန်၏မှား၏ ကောင်း၏ဆိုး၏ ဆိုတာမျိုး normative judgment ကို အိန္ဒိယက မပြုလုပ်ပါဘူး။

အခုလို နေပြည်တော် သမ္မတနေရာကို ရောက်လာသူဟာ တရားဝင် ခရီး အနေနဲ့ ဒေလီကို ပြုလုပ်နိုင်တယ် ဆိုတဲ့ အချက် သက်သက်ကို ကြည့်ရင်၊ ဦးမင်းအောင်လှိုင်ရဲ့ တရားဝင်မှု အပေါ် မေးခွန်းထုတ်ကြတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေကို မိုဒီ အစိုးရက အလေးမထားဘူး ဆိုတဲ့ အချက်ဟာ ပေါ်လွင်ပါတယ်။ ဆက်ပြီးတော့လည်း နေပြည်တော် အစိုးရနဲ့ကြားမှာ ဖြစ်စေ၊ မြန်မာစစ်တပ်ရဲ့ လက်ရှိ ဗိုလ်ချုပ်ကြီးတွေနဲ့ ကြားမှာ ဖြစ်စေ .. အိန္ဒိယက ထိတွေ့ ဆက်ဆံ နေဦးမှာ ဖြစ်တယ် ဆိုတာကလည်း သိသိနေပါတယ်။

ဘီဘီစီ။ ။ နေပြည်တော်နဲ့ကြား မဖြစ်မနေ ဆက်ဆံဖို့ မိုဒီ အစိုးရ အတွက် ဘာလို့ လိုအပ်ရတာလဲခင်ဗျ။

ဒေါက်တာ ဟန်တာ မာစတန်။ ။ ကျွန်တော်ထင်တာကတော့ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် "realpolitik" လို့ ခေါ်တဲ့ သံတမန်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ လက်တွေ့ ချည်းကပ်မှု ဆိုတာဟာ .... အခုလို မဖြစ်မနေ ဆက်ဆံရေး ထူထောင်တာမျိုးပဲ ဆိုပြီး အဓိပ္ပာယ် ဖွင့်ထားကြတာ ဖြစ်ပါတယ်။ ဒီလို ချည်းကပ်မှုမျိုးကိုပဲ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာလည်း အိန္ဒိယဘက်က ပြုလုပ်နေခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးမှာရော၊ အရပ်ဘက် ဆက်ဆံရေးမှာပါ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာ ရှိနေတဲ့ ပုန်ကန်ထကြွမှုတွေကို ကိုင်တွယ် ရှင်းလင်း နိုင်ရေးမှာ အိန္ဒိယ-မြန်မာ နှစ်ဘက် စစ်တပ်တွေ အပြန်အလှန် ပူးပေါင်းဆောင်ရွက် နိုင်ဖို့ လိုပြီး၊ နှစ်နိုင်ငံ စစ်တပ်တွေ အတွေ အပြန်အလှန် အကျိုးရှိစေပါတယ်။ ဒီ့ထက် ပိုကျယ်ပြန့်တဲ့ ကဏ္ဍကတော့ အိန္ဒိယ အနေနဲ့ ကုန်သွယ် စီးပွားရေး အတွက် သူတို့ရဲ့ အရှေ့ဘက်တလွှား ချိတ်ဆက် လက်လှမ်း မှီနိုင်မယ့် နယ်ပယ်ဒေသတွေကို ချဲ့ထွင် လိုပါတယ်။ အဲဒီလို eastern periphery လို့ ခေါ်တဲ့ အရှေ့တလွှား နိုင်ငံ ဒေသတွေနဲ့ကြား ချိတ်ဆက်နိုင်မှု တိုးတက်ကောင်းမွန် နိုင်ရေးမှာ တည်နေရာအရ အလယ်မှာ ရှိနေတဲ့ မြန်မာဟာ အိန္ဒိယ အတွက် ဗျူဟာမြောက် မိတ်ဖက်နိုင်ငံ အဖြစ် ရှိနေဖို့ လိုအပ်ပါတယ်။

ဒီ့အတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ ထားရှိတဲ့ ကုလားတန် ဘက်စုံသုံး နယ်မြေဖြတ်သန်း သယ်ယူပို့ဆောင်ရေး ဆိုတဲ့ အိန္ဒိယရဲ့ စီမံကိန်း ရှိနေပါတယ်။ ဒါဟာ မိုဒီရဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ကြား ဆက်ဆံရေး တိုးမြှင့်မယ် ဆိုတဲ့ Act East မူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

ဒါ့အပြင်၊ ဘင်္ဂလားပင်လယ်အော်တွင်း ဖြန့်ကျက် စိုးမိုးနိုင်မှု အတွက်လည်း အိန္ဒိယဟာ တရုတ်နဲ့ ယှဥ်ပြိုင်နိုင်ဖို့ လိုပါတယ်။ အခုဆိုရင် မြန်မာ အပါအဝင် အိန္ဒိယ သမုဒ္ဒရာတလွှား နိုင်ငံတွေမှာ တရုတ်က ခြေကုပ်ယူပြီး စီးပွားရေး သြဇာ တည်ဆောက် ထားပါတယ်။ အဲဒါဟာ အိန္ဒိယ နိုင်ငံကို ဝိုင်းပတ် ထားသလိုမျိုး ဖြစ်နေပြီး၊ အိန္ဒိယ အတွက် လုံခြုံရေး ဆိုင်ရာ စိုးရိမ်စိတ် ပေါ်ပေါ် စေပါတယ်။

အိန္ဒိယ အနေနဲ့ ဒီ စိုးရိမ်စိတ်တွေကို တုံ့ပြန် ကိုင်တွယ်နိုင်ဖို့ ဆိုရင် မြန်မာရဲ့ ပူးပေါင်း ဆောင်ရွက်မှု ရရှိဖို့၊ တိုးမြှင့်နိုင်ဖို့ လိုပါတယ်။ ဘင်္ဂလားပင်လယ်အော် အပါအဝင် အဏ္ဏဝါပြင် တခွင်မှာ အခြေအနေတွေကို စောင့်ကြည့်တာ၊ လေ့လာ ဆန်းစစ်တာတွေ ပြုလုပ်နိုင်ဖို့ မြန်မာရေတပ် ဆီမှာလည်း လုပ်နိုင်စွမ်း၊ တတ်နိုင်စွမ်းတွေ ရှိဖို့ လိုအပ် လာပါတယ်။ အဲဒါကိုလည်း အိန္ဒိယ ရေတပ်ဘက်က ပံ့ပိုးပေးပါတယ်။ ဒါဟာ ဒေသတွင်း တရုတ်နဲ့ ယှဥ်ပြိုင်နိုင်ရေး ရည်မှန်းချက်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ကျွန်တော်တို့ ကုလားတန်စီမံကိန်းနဲ့ ဘင်္ဂလားပင်လယ်အော် အကြောင်း ပြောပြီ ဆိုရင်၊ ရခိုင်ရဲ့ အခန်းကဏ္ဍက အဓိကပဲလို့ ထင်ပါတယ်။ အဲဒီမှာ နေရာအများစုကို လက်တွေ့ ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် အေအေ အပေါ်မှာရော မိုဒီ အစိုးရက ဘယ်လို သဘောထား ရှိနေလဲ။

ဒေါက်တာ ဟန်တာ မာစတန်။ ။ ပြီးခဲ့တဲ့ နှစ် အတွင်း ထွက်ထားတဲ့ အစီရင်ခံစာ တချို့ အရ ဆိုရင်၊ အာရ်ကန်အာမီနဲ့ကြားမှာ လျှို့ဝှက်ပြီး ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖော်ဆောင် ထားရှိနိုင်ဖို့ အိန္ဒိယဘက်က တိုက်ရိုက်ကို လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ အဲဒီ အပိုင်းကို အာရုံစိုက်ပြီး အခြေအနေတွေကို ဆက်တိုက်လိုက် ကြည့်နေတာမျိုး လောလောဆယ် မရှိတဲ့ အတွက်၊ နောက်ဆုံးပိတ် အသေးစိတ် အခြေအနေတွေကိုတော့ မသိပါဘူး။

ကျွန်တော် နားလည် ထားသလောက်ကတော့ ပလက်ဝမှာ ရှိတဲ့ အိန္ဒိယရဲ့ ဆိပ်ကမ်း စီမံကိန်း ပြန် အသက်ဝင်နိုင်ဖို့ အိန္ဒိယက လိုလားပါတယ်။ အခု အဲဒီ နေရာဟာ အေအေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပါတယ်။ ကုလားတန် စီမံကိန်း တစ်ခုလုံးကို ခြုံကြည့်မယ် ဆိုရင်လည်း မြန်မာ စစ်တပ် ဆက်လက် ထိန်းချုပ်ထားဆဲ နေရာထဲမှာ ရောက်နေတဲ့ စီမံကိန်း နေရာတွေ ရှိသလို၊ အေအေ လက်ထဲက နေရာတွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့် အခြေအနေတွေဟာ ရှုပ်ထွေးနေပြီး၊ ကုလားတန် စီမံကိန်းကို အပြည့်အဝ ဆက်ပြီး အကောင်အထည် မဖော်နိုင်တာ ဖြစ်ပါတယ်။ ကုန်းတွင်းပိုင်းက လာတဲ့ အပိုင်းတွေ ဆိုရင်လည်း၊ ကားလမ်းနဲ့ ရထားလမ်း ဖောက်ဖို့တွေ လိုအပ်ပြီး၊ အဲဒါတွေကလည်း ချင်းပြည်နယ်ထဲကနေ ဖြတ်သွားရမယ့် နေရာတွေ ရှိပါတယ်။ ချင်းပြည်နယ်ဟာ ဆိုရင်လည်း လက်နက်ကိုင် ပဋိပက္ခ အပြင်းထန်ဆုံး နေရာထဲ ပါတာကြောင့် ရှေ့ မဆက်နိုင် ဖြစ်နေပါတယ်။

တကယ်တော့ နယ်မြေ ဒေသ အားလုံးကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင် မထားနိုင်တဲ့ နေပြည်တော် အာဏာပိုင်တွေနဲ့ကြား ဆက်ဆံရေး အပေါ်မှာပဲ အိန္ဒိယ အနေနဲ့ ပုံအော ထားမယ် ဆိုရင်လည်း ကိုယ့်ခြေထောက်ကို ကိုယ် ပြန်ပြီး သေနတ်နဲ့ ပစ်သလိုပဲ ဆိုတဲ့ အင်္ဂလိပ် စကားပုံကိုပဲ ကိုးကားရပါလိမ့်မယ်။ ဘက်တစ်ဘက်တည်းနဲ့ ဆက်ဆံရေးပဲ ထားရှိမယ် ဆိုရင်၊ အိန္ဒိယ အနေနဲ့ ကိုယ့်ရည်မှန်းချက်တွေ အကောင်အထည် ဖော်ရေးအတွက် အလုပ်ဖြစ် နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ ခြုံငုံပြောရရင် နေပြည်တော် အာဏာပိုင်တွေ နဲ့ ဆက်ဆံရေး ဆိုတာ အိန္ဒိယ အတွက် ရေတို စီမံကိန်း တချို့ အတွက်နဲ့ တချို့ ဗျူဟာမြောက် အပိုင်းတွေ အတွက် အကျိုး ရှိနိုင်ပေမယ့်၊ ကြီးမားကျယ်ပြန့်တဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေ အတွက်တော့ နေပြည်တော်ဟာ မပြည့်စုံတဲ့ ... လိုအပ်ချက်တွေ ရှိနေတဲ့ မိတ်ဖက် ပုံစံမျိုး ဖြစ်နေပါတယ်။

ဘီဘီစီ။ ။ စစ်အစိုးရကို ပုံစံပြောင်းထားတဲ့ နေပြည်တော် အာဏာပိုင်တွေနဲ့ အိန္ဒိယ အစိုးရကြား ဆက်ဆံရေး ကောင်းမွန် ခိုင်မာတာဟာ ... ပိုပြီး ခိုင်မာလာဖွယ် ရှိနိုင်တာတွေဟာ စစ်တပ်ကို ဆန့်ကျင်နေကြတဲ့ အင်အားစုတွေ အပေါ်မှာရော ဘယ်လို လာပြီး သက်ရော လာနိုင်ပါသလဲဗျ။

ဒေါက်တာ ဟန်တာ မာစတန်။ ။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စစ်တပ်ကြား ပူးပေါင်း ဆောက်ရွက်တာတွေဟာ .... ပြည်တွင်းစစ်အပေါ် သိသာကြီးမားတဲ့ ရိုက်ခတ် သက်ရောက်မှုမျိုးတွေ ချက်ခြင်း ဖြစ်လာနိုင်စရာ မရှိဘူးလို့ မြင်ပါတယ်။

တရုတ်ရဲ့ ထောက်ပံ့မှု ပုံစံနဲ့ ကွာပါတယ်။ တရုတ်ရဲ့ အထောက်အပံ့ကို မြောက်ပိုင်း အခြေစိုက် အဖွဲ့တချို့ ရရှိခဲ့တာရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ကြည့်ရင် ဖြစ်ဖြစ်၊ တခါ ... မြန်မာ စစ်တပ်ကိုယ်တိုင် တရုတ်ရဲ့ ကျောထောက် နောက်ခံပြုမှု ရလာတဲ့ အခါမှာ ဖြစ်ဖြစ် ... အဲဒီလို တရုတ်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ အထောက်အပံ့တွေဟာ မြန်မာနိုင်ငံထဲက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ လမ်းကြောင်းကို အတော်လေး လွှမ်းမိုး သက်ရောက် စေပါတယ်။

မြန်မာ စစ်တပ်ကို လက်နက်အရ အဓိက ရောင်းပေးနေတာကလည်း တရုတ်နဲ့ ရုရှား တို့ပဲ ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားတို့နဲ့ နှိုင်းယှဥ်ရင် လက်နက်ပံ့ပိုးမှု ဆိုတဲ့ အပိုင်းမှာ အိန္ဒိယရဲ့ အခန်းကဏ္ဍက ဒီလောက် ကြီးကြီးမားမား မရှိပါဘူး။ အိန္ဒိယ ဆီက မြန်မာ စစ်တပ် ဘာတွေကို ဘယ်လောက် ရသလဲ ဆိုတဲ့ သိထားနိုင်သမျှ အသေးစိတ် အချက်တွေကိုတော့ အခု ကျွန်တော် လက်တန်းပြောဖို့ ခက်ပါတယ်။ မှတ်စုတွေ ပြန်ပြီး ကြည့်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်ဟာ အခု ကာလတွေမှာ အာရုံ စိုက်နေတာကတော့ အိန္ဒိယ သမုဒ္ဒရာ အဏ္ဏဝါပြင် တလွှားမှာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အပြိုင် ချဲ့ထွင် လှုပ်ရှားကြတဲ့ နယ်ပယ် ဖြစ်ပါတယ်။

အနည်းဆုံး ကျွန်တော် ပြောနိုင်တာကတော့ အိန္ဒိယ ဆီကနေလည်း စစ်ဘက်ဆိုင်ရာ လက်နက် ပစ္စည်းတချို့ကို မြန်မာ စစ်တပ် ဝယ်ယူနိုင်ခဲ့တယ် ဆိုရင်တောင်၊ အဲဒီ ပစ္စည်းတွေဟာ မြန်မာ စစ်တပ်ရဲ့ ဝေဟင်ပိုင်စိုးနိုင်စွမ်း၊ တစ်နည်းပြောရရင် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်စွမ်းကို အထောက်အပံ့ ဖြစ်သွား စေတာမျိုးတွေ မဟုတ်ပါဘူး။

လက်ရှိမှာ မြန်မာစစ်တပ် အဓိက အားသာနေတဲ့ အပိုင်းဟာ လေကြောင်း တိုက်ခိုက် နိုင်စွမ်း ဖြစ်ပါတယ်။ အဲဒီ အားသာချက်ကိုပဲ အဓိက အသုံးပြုပြီး တော်လှန်ရေး အင်အားစုတွေကို ကြမ်းကြုတ် ရက်စက်စွာနဲ့ တိုက်ခိုက် နေတာ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်နိုင်စွမ်းကို အဓိက ပံ့ပိုးပေးသူကတော့ တရုတ်ပဲ ဖြစ်ပါတယ်။ မြန်မာ စစ်တပ် လေကြောင်း တိုက်ခိုက်နိုင်စွမ်း အခန်းကဏ္ဍမှာတော့ အိန္ဒိယရဲ့ သိသာ ထင်ရှားပြီး ထူးကဲတဲ့ ခြေရာ လက်ရာမျိုး မတွေ့ရပါဘူး။ အိန္ဒိယရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အဓိက ရည်မှန်းချက်ကတော့ ကျွန်တော် ပြောခဲ့သလို စီးပွားရေး ဆိုင်ရာ လမ်းကြောင်းတွေ ပွင့်နိုင်ရေးနဲ့ အိန္ဒိယ သမုဒ္ဒရာပြင် ဆိုင်ရာ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေမှာ မြန်မာကို မိတ်ဖက် အဖြစ် ထားရှိနိုင်ရေးတို့ပဲ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ နိဂုံးချုပ် အနေနဲ့ပေါ့ ဟန်တာရေ ... ။ မြန်မာနိုင်ငံထဲက လက်ရှိ အခြေအနေတွေ နဲ့ သာဆိုရင် မိုဒီရဲ့ အရှေ့မျှော် မူဝါဒ၊ အရှေ့ဘက် နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်ရေး မူဝါဒကို အကောင်အထည် ဖော်ဖို့ဆိုတာ ဘယ်လောက် လက်တွေ့ ကျနိုင်မလဲ။

ဒေါက်တာ ဟန်တာ မာစတန်။ ။ ဦးမင်းအောင်လှိုင်ကို ဒေလီမှာ ဧည့်ခံတာကိုက ... ဒီ မူဝါဒ ဖော်ဆောင်နိုင်ရေး ဆိုတာ အဓိက အချက် ဖြစ်မယ်လို့ ထင်ပါတယ်။ ကုလားတန်စီမံကိန်း ကနေ တကယ်တမ်း အသီးအပွင့်တွေ ရလာဖို့ မိုဒီ မျှော်လင့် နေပါတယ်။ နှစ်ဘက်လုံး အတွက်လည်း ကြီးမားပြီး အရေးကြီးတဲ့ စီမံကိန်း ဖြစ်သလို၊ အကောင်အထည် ပေါ်လာမယ် ဆိုရင် တကယ့်ကို ကုန်သွယ်ရေး ဖွံ့ဖြိုးပြီး၊ people-to-people exchange လို့ ခေါ်တဲ့ နှစ်နိုင်ငံ ပြည်သူတွေကြား အပြန်အလှန် ရောင်းဝယ် ဖောက်ကားရေးကို မြှင့်တင် ပေးနိုင်မယ့် စီမံကိန်းမျိုး ဖြစ်ပါတယ်။

စိန်ခေါ်မှု ကြီးမားတဲ့ ပထဝီဒေသဆိုင်ရာ အခက်အခဲတွေနဲ့ နှစ်ဘက် ကိုယ်စီ ရှိနေကြတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ... မတည်ငြိမ်မှုတွေကို ကျော်လွန်နိုင်ဖို့ အိန္ဒိယ အနေနဲ့ ရုန်းကန် နေခဲ့ရတာ အချိန်ကာလ အတော်ကြာ နေခဲ့ပြီ ဖြစ်ပါတယ်။ တခါ၊ မြန်မာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြန်တဲ့ အခါ အခြေအနေတွေဟာ ပိုဆိုးလာခဲ့ပါတယ်။ ချင်းပြည်နယ်ဘက်ခြမ်းကနေ လူတွေ အစုလိုက် အိန္ဒိယ ဘက်ခြမ်းက မဏိပူရနဲ့ မီဇိုရမ် ပြည်နယ်တွေထဲ ဝင်ပြေးရတာမျိုးတွေ ဖြစ်လာခဲ့ပါတယ်။

အခြေခံ သဘောတရားအရ ပြောရရင်၊ စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု တိုင်းဟာ နှစ်နိုင်ငံ ပြည်သူတွေ အပေါ် ကောင်းကောင်း အကျိုး ပြုပေးမှာ ဖြစ်ပါတယ်။ စစ်တပ်ကို စစ်ဘက်ဆိုင်ရာ တတ်နိုင်စွမ်းတွေ မြှင့်ပေးတာမျိုး၊ တပ်ဆင် ပေးတာမျိုးကတော့ မတည်ငြိမ်နိုင်မှုတွေကို မီးစာထိုးပေးသလို ဖြစ်ပြီး၊ ပိုပြီးတော့ တောင် အခြေအနေတွေကို ဆိုးရွား ပျက်ယွင်း သွားစေမှာ ဖြစ်ပါတယ်။ ဒီတော့ လက်တွေ့ကျတဲ့ ချည်းကပ်မှုဆိုတာ ဘာလဲ ဆိုတဲ့ အပေါ် မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်နိုင်ဖို့ လိုပါတယ်။ ပြည်တွင်းစစ်ကို ပိုပြီး တောက်လောင် စေအောင် စစ်တပ်ကို အားပေးတဲ့ ချည်းကပ်မှုမျိုး မဖြစ်မှသာ ဖွံ့ဖြိုးရေးကို အဓိက ဦးတည်နိုင်မှာ ဖြစ်ပါတယ်။