ဧပြီလ ၂၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ကော့ကရိတ်မြို့ခံအချို့ နေရပ်ပြန်ပြီ

ကော့ကရိတ်မြို့ခံအချို့ နေရပ်ပြန်ပြီ

ဓာတ်ပုံ ရင်းမြစ်, သဘာဝရင်သွေးငယ်

ဓာတ်ပုံ ပုံစာ, နေရပ်ပြန်မြင်ကွင်း
ရေးသားခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ကို မနေ့ ဧပြီ ၂၇ ရက်မနက်ပိုင်းကစလို့ မြို့ခံအချို့ ပြန်လည်ဝင်ရောက်နေပြီလို့ ဒေသခံတွေဆီကသိရသလို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာမှာလည်း ဓာတ်ပုံနဲ့တကွဖော်ပြလာပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်ခဲ့လို့ မြို့လုံးကျွတ်စစ်ရှောင်ထွက်ပြေးခဲ့ရတဲ့ ကော့ကရိတ်မြို့ကို ၅ လ နီးပါးအကြာမှာ ဒေသခံတွေပြန်လည်ဝင်ရောက်တာလည်းဖြစ်ပါတယ်။

"ပြန်နေတာလား၊ ပစ္စည်းတွေအိမ်တွေအခြေအနေပြန်ကြည့်တာလားသေချာမသိရသေးဘူး။ မြို့ခံအချို့ပြန်တာကဟုတ်ပါတယ် ဒါပေမဲ့ ကျွန်မတို့တော့မပြန်သေးဘူး။ ရှောင်နေတဲ့နေရာမှာတောင် အခြေကျနေပြီလေ" လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ရေးအခြေအနေသိရှိသူတွေရဲ့အပြောအရလည်း ကော့ကရိတ်မှာတော်လှန်ရေးအင်အား‌စုတွေစိုးမိုးခဲ့တဲ့နေရာတွေကို စစ်ကောင်စီတပ်ဘက်ကပြန်လည်ရယူခဲ့ပြီလို့ သိရပါတယ်။

"စခန်းကုန်းတွေနောက်ဆုတ်ပြီး ပြောက်ကျားနည်းနဲ့ပြန်သွားရမယ့်အခြေအနေမျိုးဖြစ်သွားပါတယ်" လို့ ကော့ကရိတ်စစ်ရေးသိရှိသူတစ်ဦးက ဆိုပါတယ်။

ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာတော့ ကော့ကရိတ်မှာနယ်မြေတည်ငြိမ်အေးချမ်းမှုအားကောင်းလာပြီဖြစ်လို့ အပျက်အစီးတွေဖယ်ရှားပေးပြီး နေအိမ်မီးလောင်ပျက်စီးတာတွေကို ပြန်လည်နေရာချထားပေးမယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေစိုးမိုးထားတဲ့နေရာတစ်ခုဖြစ်တဲ့ ကော့ကရိတ်မြို့ကို ပြန်လည်လက်လွှတ်လိုက်ရတဲ့အခြေအနေလားဆိုတာကို အတိအကျသိရှိနိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကိုသာမက သက်ဆိုင်ရာစစ်ကြောင်းတာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ညနေပိုင်းအချိန်အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ချောက်မြို့ ကမ္ဘာ့အပူချိန်အမြင့်ဆုံး နံပါတ် ၁ နေရာ ပြန်ရောက်

ချောက်မြို့က ရေပေးဝေမှု

ဓာတ်ပုံ ရင်းမြစ်, ရေနံ့သာဒင်းဂါးညီနောင်များ

ဓာတ်ပုံ ပုံစာ, ချောက်မြို့က ရေပေးဝေမှု

မြန်မာနိုင်ငံက မြို့ ၄ မြို့ ကမ္ဘာ့အပူဆုံးမြို့စာရင်းထဲပါဝင်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာ့အပူချိန်အမြင့်ဆုံး (၁)နေရာကို ချောက်မြို့က ၄၇ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယပ်နဲ့ ထိပ်ဆုံးကို ပြန်ရောက်လာတယ်လို့ ကမ္ဘာ့အပူချိန်နဲ့မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု ဝက်ဘ်စာမျက်နှာကနေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့ (၁၅) မြို့ ထဲမှာ မြန်မာနိုင်ငံထဲ မြို့ (၄) မြို့အထိ ပါဝင်နေပြီး ညောင်ဦးမြို့က ၄၅ ဒီဂရီဆဲလ်ဆီးယပ် နဲ့ နံပါတ် (၈) နေရာ၊ မကွေးမြို့က ၄၅ ဒသမ ၃ ဒီဂရီဆဲလ်ဆီးယပ် နဲ့ နံပါတ် (၆) နေရာ၊ မင်းဘူးမြို့က ၄၅ ဒသမ ၆ ဒီဂရီဆဲလ်ဆီးယပ် နဲ့ နံပါတ် (၄) နေရာတွေမှာ အသီးသီးရှိနေပြီး နံပါတ် (၁) နေရာကိုတော့ ချောက်မြို့က ၄၇ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယပ် ထိပ်ဆုံးကို ပြန်ရောက်လာတာဖြစ်ပါတယ်။

ကမ္ဘာ့အပူချိန်အမြင့်ဆုံး နံပါတ် (၈) နေရာမှာ ရှိနေတဲ့ ညောင်ဦးမြို့ရဲ့ တချို့နေရာတွေမှာ သောက်သုံးရေပြတ်လပ်တာတွေရှိနေပြီး နေပူထဲထွက်ရင် အကာအကွယ်ယူသွားဖို့နဲ့ မလိုအပ်ရင် နေ့လယ်ပိုင်း အပြင်မထွက်ကြဖို့ ဒေသခံအချင်းချင်း သတိပေးပြောကြားတာတွေရှိပေမဲ့ စစ်ကောင်စီ ရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကတော့ တစုံတရာ အသိပေးကြေညာတာမျိုး အခုအချိန်အထိ မရှိသေးဘူးလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

“ဒီဘက်မှာတော့ တော်တော်ပူတယ်။ အပူလှိုင်းဖြတ်ဖြတ်မယ်လို့တောင် အချင်းချင်းပြောနေကြတယ်။ အခု ၁၁ နာရီ ခွဲပဲ ရှိသေးတယ်။ အသွားအလာအတော်နည်းသွားပြီ” လို့ ညောင်ဦးဒေသခံ တဦးက ဘီဘီစီ ကို ပြောပါတယ်။

၂၄ နာရီအတွင်း ကမ္ဘာ့အပူဆုံးမြို့တွေကို လေ့လာကြည့်ရင် အာဖရိကတိုက်ဘက်ကနိုင်ငံတွေလည်း တော်တော်များများပါဝင်နေပြီး အဲဒီနိုင်ငံတွေဟာ မနက်ပိုင်းပဲရှိသေးတာကြောင့် အပူချိန်အမြင့်ဆုံးနေရာကို မြန်မာနိုင်ငံထဲက မြို့တွေရောက်ရှိသွားတာဖြစ်ပြီး သူတို့ရဲ့ အပူဆုံးအချိန်ရောက်ရင် မြန်မာနိုင်ငံက မြို့တွေထက် ပိုပြီး ပူသွားနိုင်ခြေရှိတယ်လို့လည်း ရာသီဥထုစောင့်ကြည့်လေ့လာတဲ့ ပညာရှင်တွေက ဘီဘီစီ ကိုပြောပါတယ်။

“အာဖရိကဘက်ကနိုင်ငံတွေလည်းပူတာပဲ။ ဒီဘက်မှာတော့ အိန္ဒိယ၊ ထိုင်း၊ လာအို၊ မြန်မာပေါ့။ ကျွန်တော်တို့က အိန္ဒိယထက်ကို ကျော်တက်ပြီး ပူနေတာ။ မြန်မာနိုင်ငံထဲမှာတော့ စစ်ကိုင်း၊ မကွေး၊ပဲခူးနဲ့ နေပြည်တော်တိုင်းတွေဘက်မှာ ဆက်ပြီးပူနေအုံးမှာပဲ။ အပူချိန်က မေလ ကုန်လောက်အထိကို သွားနိုင်တယ်” လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဘီဘီစီကိုပြောပါတယ်။

ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့ (၁၅) မြို့ ထဲမှာ မြန်မာနိုင်ငံထဲ မြို့ (၄) မြို့အထိ ပါဝင်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာန က တစုံတရာ အသိပေးထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ‌၇ ရက်နေ့တုန်းကလည်း ချောက်မြို့ဟာ ၄၇ ဒသမ ၄ ဒီဂရီဆဲလ်ဆီးယပ် နဲ့ စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ထောင်တွင်းဆန္ဒပြပွဲ ၇ ကြိမ်ဖြစ်ခဲ့

မြစ်ကြီးနား အကျဥ်းထောင်

ဓာတ်ပုံ ရင်းမြစ်, PPNM

ပစ်ခတ်ဖြိုခွင်းခံရလို့ အကျဉ်းသား တစ်ဒါဇင်ကျော်သေဆုံးခဲ့

စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းက အကျဉ်းထောင် ၇ ခုမှာ ထောင်တွင်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အကျဉ်းသား ၁၅ ဦး သေဆုံးထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ စာရင်းအရ သိရပါတယ်။

အခုဧပြီလအတွင်းမှာပဲဖြစ်ခဲ့တဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ နိုင်ငံရေအကျဉ်းသား ၂ ဦး၊ အခြားသား အကျဉ်းသား ၃ ဦးသေဆုံးခဲ့သလို ၂၀၂၃ ခုနှစ်က ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး နဲ့ ၂၀၂၂ ခုနှစ်က ကလေးမြို့အကျဉ်းထောင်ဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသား ၈ ဦး၊ အခြားအကျဉ်းသား ၁ ဦး သေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အင်းစိန်ထောင် နဲ့ အိုးဘိုထောင်တွင်း ဆန္ဒထုတ်ဖော်မှုတွေမှာ အကျဉ်းသား ရာဂဏန်းနီးပါး တိုက်ပိတ်ခံခဲ့ရတယ်လို့လည်း အဲဒီကွန်ရက်က ဆိုပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်တဲ့ မြစ်ကြီးနားအကျဉ်းထောင်အပါအဝင် ထောင်တွေမှာဆန္ဒပြမှုတွေ ဖြစ်တိုင်း ပစ်ခတ်နှိမ်နင်းတာကို အဓိကလုပ်လာပါတယ်။ ကောင်းမွန်တဲ့နည်းနဲ့ဖြေရှင်းတာမျိုးအရင်ကရှိခဲ့ ပေမဲ့ အခုက ဖမ်းဆီးထားတဲ့သူတွေမှာဆိုရင် လက်နက်ကိုင်ဆန့်ကျင်သူတွေ၊ အကြမ်းမဖက်ဆန္ဒပြခဲ့သူတွေ ပါနေတော့ ကောင်းမွန်တဲ့ဖြေရှင်းနည်းနဲ့မလုပ်ကြဘူး။ နောက်ထောင်တွေမှာမဖြစ်အောင် အကြမ်းဖက်ဖြိုခွင်းပြတာဖြစ်ပါတယ်” ထောင်တွင်းဆန္ဒပြပွဲတွေဖြိုခွင်းခံရတာနဲ့ပတ်သက်လို့ PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက ထောက်ပြပြောဆိုပါတယ်။

အခုနှစ် နှစ်စပိုင်းမှာတင် ထောင်တွင်းဆန္ဒပြမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မတ်လ ၃၁ ရက်နေ့မှာ ဖျာပုံအကျဉ်းထောင်၊ ဧပြီ ၁၈ ရက်မှာ မြစ်ကြီးနားထောင်တို့မှာ ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီကတော့ မြစ်ကြီးနားထောင် ဖြစ်စဉ်ပြီးပြီးချင်းမှာတင် အကျဉ်းသား ၄ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း၊ ပတ္တရားမှာ မြန်မာ ၂၀ ကျော်ဖမ်းဆီးခံရ

ပတ္တရားမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, ခရီးသွားလုပ်ငန်းရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, ပတ္တရားမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့မှာတိုင်ကြားချက်ကြောင့် ထိုင်းရဲတွေက အခန်းနှစ်ခန်းကို ဝင်ရောက်ရှာဖွေခဲ့ရာကနေ မြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရမိခဲ့တဲ့အကြောင်း ထိုင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

ဖမ်းဆီးရမိသူတွေကို ပတ္တရားရဲစခန်းကိုလွှဲပြောင်းပေးထားတဲ့အကြောင်း Pattaya Mail သတင်းကနေ သိရပါတယ်။

ညဘက်တွေမှာ ဆူညံသံတွေကျယ်ကျယ်လောင်လောင်ထွက်နေပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်တယ်လို့ဆိုတဲ့ တိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့က အဲဒီအခန်းတွေကို စစ်ဆေးခဲ့တာပါ။

ဒါကြောင့် ဧပြီ ၂၄ ရက်နေ့တုန်းက ပတ္တရားတောင်ပိုင်း၊ ခေါင်ပိုင်လမ်းကို ပတ္တရားလူဝင်မှုကြီးကြပ်ရေးရဲအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာကနေ နိုင်ငံကူးလက်မှတ်(ပက်စပို့) နဲ့ ပြည်ဝင်ခွင့်(ဗီဇာ) မရှိတဲ့မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။

ဒီအခန်းကို ပိုင်ရှင်ကိုယ်စားစီမံခန့်ခွဲပေးနေတဲ့ ထိုင်းနိုင်ငံသားရဲ့ ထွက်ဆိုချက်အရ ကိုဗစ်ကာလ လူငှားရမ်းနေထိုင်တာတွေမရှိခဲ့ချိန်တုန်းက တစ်လကို ဘတ် ၂၀၀၀ အပါအဝင် စပေါ်ငွေ ဘတ် ၁၀၀၀ နဲ့ ဗီဇာ၊ နိုင်ငံကူးလက်မှတ်ပြနိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ငှားရမ်းခဲ့ပါတယ်။

အဲဒီနောက် ငှားရမ်းထားတဲ့မြန်မာတွေက မြန်မာနိုင်ငံသားတွေကိုထပ်မံခေါ်ယူခဲ့ပြီး လူဦးရေတိုးလာတာလို့ သူက ပြောပါတယ်။

နိုင်ငံခြားသားတည်း ခိုနေထိုင်တာကို ၂၄ နာရီအတွင်းအကြောင်းမကြားခဲ့တဲ့ အိမ်ပိုင်ရှင်ကိုရော ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကိုပါ ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့တရားစွဲဆိုဖို့ အာဏာပိုင်တွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဓမ္မသနဲ့ အနီးနားရွာတွေက ဒေသခံတွေကို နေရပ်ပြန်ကြဖို့ စစ်ကောင်စီပြော

မတ်လတုန်းက မီးလောင်မှုအပြီးတွေ့ရတဲ့ ဓမ္မသရွာ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက် - ဂဠုန်စစ်ကြောင်း

ပြီးခဲ့တဲ့မတ်လတုန်းက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေ တည်ငြိမ်အေးချမ်းနေပြီဖြစ်လို့ ဒေသခံတွေနေရပ်ပြန်ကြဖို့ဆိုပြီး ဒီကနေ့ ဧပြီ ၂၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကိုယ်တိုင် မနေ့တုန်းက တိုက်ပွဲကြားမီးလောင်ပျက်စီးခဲ့ရတဲ့ ဓမ္မသရွာကို သွားရောက်ကြည့်ရှုခဲ့ကြောင်း ဓာတ်ပုံနဲ့ တကွဖော်ပြလာခဲ့ပြီး စစ်ရှောင်မိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။

မွန်ရွာကြီးဖြစ်တဲ့ ဓမ္မသရွာဟာ မတ် ၂၇ နဲ့ မတ် ၂၈ ရက်တွေမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုအပြီးမှာ နေအိမ်ရာနဲ့ချီ မီးလောင်ခဲ့ပြီး ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့တဲ့အကြောင်း ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက အစောပိုင်းကတည်းက ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေပျက်စီးခဲ့ရတာလို့ ဆိုထားပြီး ပျက်စီးခဲ့တဲ့ အိမ်တွေအတွက် ပြန်လည်ပြုပြင်ထူထောင်ရေးဖြည့်ဆည်းပေးမယ့်အကြောင်း စစ်ကောင်စီက ဖော်ပြထားတာပါ။

ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ဧပြီ ၂၅ ရက်ကစလို့ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ခဲ့တဲ့ ကော့ဘိန်းရဲစခန်းကိုစစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ မြေပြင်အခြေအနေသိရဖို့ မွန်ပြည်သစ်ခွဲထွက် စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD) ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေးမဲ့ ပြန်လည်မဖြေကြားသေးပါဘူး။

ဓမ္မသရွာအပါအဝင် ကော့ဘိန်းရွာ၊ တရာနာရွာတွေဟာ ရမ္မာဝတီလမ်းတလျှောက်တည်ရှိတဲ့ရွာတွေလည်းဖြစ်ပါတယ်။