မျက်လုံးကွယ်စေတဲ့ဆီးချိုရောဂါကု ထိုးဆေးတမျိုးကို ပါကစ္စတန်မှာပြန်သိမ်းနေ- စက်တင်ဘာ ၂၄ ရက်ညပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

လူတွေ မျက်လုံးကန်းစေတဲ့ ကိစ္စတွေ ဒါဇင်နဲ့ ချီဖြစ်လာတာဟာ နိုင်ငံတွင်းမှာ ထုတ်လုပ်တဲ့ ထိုးဆေးတမျိုးနဲ့ ဆက်စပ်နိုင်လား ဆိုတာကို စိုးရိမ်တဲ့ အတွက် ပါကစ္စတန် အာဏာပိုင်တွေက အဲဒီဆေးကို စျေးကွက်ထဲကနေ ပြန်သိမ်းနေပါတယ်။

လာဟိုးလ်မြို့ အပါအဝင် မြို့တချို့က ဆေးရုံ အတော်များများမှာ မြင်လွှာ ထိခိုက် နေတဲ့ ဆီးချိုဝေဒနာရှင်တွေ အတွက် ပြည်တွင်းဖြစ် Avastin - အက်ဗာစတင် ထိုးဆေးကို သုံးပြီး ကုသခဲ့ကြတယ်လို့ ကျန်းမာရေး အရာရှိတွေက ဆိုပါတယ်။

လူနာ အများအပြားဟာ ပိုဆိုးလာပြီး အမြင်အာရုံ ဆုံးရှုံးသွားကြတာကို တွေ့ရတယ် လို့ သူတို့က ပြောပါတယ်။

ပါကစ္စတန် ကျန်းမာရေးဝန်ကြီး နာဒင်း ဂျန်က ဒီဆေးတွေရောင်းတာကို လုံးဝ ခွင့်မပြု တော့ဘူးလို့ ဆိုကာ ဒီဆေး ထုတ်လုပ်ဖြန့်ချိတဲ့သူတွေကို တရားစွဲတင် ထားကြောင်း ပြောပါတယ်။

ဒီဆေးကို စမ်းသပ် စစ်ဆေးသွားကြမယ်လို့လည်း သိရပါတယ်။

တရုတ်အတားအဆီးကြောင့် ဖိလစ်ပိုင်တို့ ငါးဖမ်းခွင့် မရ

တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားနေကြတဲ့ ရေပြင်ကို ဖိလစ်ပိုင် ငါးဖမ်း သင်္ဘောတွေ မဝင်အောင် တားဆီးဖို့ ထားထားတဲ့ ရေမျော အကာအရံ အတား အဆီးနားမှာ တရုတ်က သူတို့ ရေယာဉ်တွေကို နေရာချထားတယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။

မီတာ ၃၀၀ ကျော်အရှည်ရှိတဲ့ ရေမျော အတားအဆီးက စကာဘာရာ အပိုင်း ပင်လယ်ရေတိမ်နေရာဘက်မှာ ငါးဖမ်းသမားတွေ ငါးရှာတာကို ပိတ်ပင် တားဆီးနေတာလို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ပြောပါတယ်။

တခြားနိုင်ငံတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိနေတဲ့ အဲဒီနေရာ အပါအဝင် တောင်တရုတ် ပင်လယ်ထဲက နေရာအတော်များများကို တရုတ်က သူ ပိုင်ဆိုင်တာလို့ ကြေညာ ထားပါတယ်။

လူတွေ အခြေချနေထိုင်တာမျိုးမရှိသေးတဲ့ ဒီ သန္တာကျောက်တန်းတွေ ရှိရာ နေရာမှာ ၂၀၁၂ ခုနှစ်က စပြီး တရုတ်က စစ်တပ် လာချထားပါတယ်၊ ဒါပေမဲ့ အရင် သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ တရုတ်တို့ ဆက်ဆံရေး အဆင်ပြေခဲ့စဉ်ကအဲဒီ နေရာတဝိုက်မှာ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောတွေ ငါးရှာတာကို တရုတ်က ခွင့်ပြုထားခဲ့ပါတယ်။

မနှစ်က ဖိလစ်ပိုင်မှာ ဖာဒီနန် မားကို့စ် ဂျူနီယာ အာဏာရလာပြီးနောက်ပိုင်း ၂ နိုင်ငံ ကြား တင်းမာမှုတွေက တိုးနေပါတယ်။

အာမေးနီးယား၊ ရုရှားနဲ့ အဇာဘိုင်ဂျန်

အာမေးနီးယား ဝန်ကြီးချုပ်က သူ့နိုင်ငံအတွက် နိုင်ငံခြားကလာတဲ့ လုံခြုံရေး အာမခံမှု တွေက "မထိရောက်တော့ဘူး" လို့ ဆိုပါတယ်။ ဒီစကားက ရေရှည် ကတည်းက ရှိလာတဲ့ သူ့ရဲ့ မဟာမိတ် ရုရှားကို ဝေဖန် ထိုးနှက်လိုက်တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးဖြစ်လာတဲ့ နဂိုနို - ကာရာဘတ် ပဋိပက္ခအရေးမှာ ရုရှားက ကူညီဖို့ ငြင်းပယ်ခဲ့တဲ့နောက် အာမေးနီးယား ခေါင်းဆောင် နီကိုးလ် ပက်ရှင်ညန်ရဲ့ အခုလို မှတ်ချက်စကားထွက်ပေါ်လာတာပါ။

အဇာဘိုင်ဂျန်ထဲမှာ အငြင်းပွားနေကြတဲ့ နဂိုနို-ကာရာဘတ်ဒေသကို အဇာဘိုင်ဂျန် တပ်တွေက ထိန်းချုပ်ထားပြီး အဲဒီက အာမေးနီးယားနွယ်ဖွား လက်နက်ကိုင်တပ်က လက်နက်စွန့်ရမယ်လို့ ကြေညာထားပါတယ်။

အဲဒီက အာမေးနီးယား လူမျိုးစုတွေရဲ့ ရှေ့ရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ် နေပြီး လူမျိုးတုံး သတ်ဖြတ်မှုတွေ မဖြစ်လာအောင် တားဆီး နိုင်ရေးအတွက် စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်‌ပေးဖို့ အာမေးနီးယား နိုင်ငံက တောင်းဆို နေပါတယ်။

နဂိုနို - ကာရာဘတ် အာမေးနီးယားတွေကို တန်းတူညီမျှတဲ့ နိုင်ငံသားတွေ အဖြစ် ပြန်လည်ပေါင်းစည်းမှာပါလို့ အဇာဘိုင်ဂျန်အစိုးရ က ဆိုပါတယ်။

အဇာဘိုင်ဂျန်ကို ထောက်ခံတဲ့ တူရကီ သမ္မတ အာဒိုဝန်ဟာ တနင်းလာနေ့ကျရင် အဇာဘိုင်ဂျန် သမ္မတကို သွာ းရောက် တွေ့ဆုံလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။