ဒေလီ အဆိပ်မြူခိုး၊ တရုတ်နှင်းမုန်တိုင်းနဲ့ ဂါဇာအခြေအနေအပါအဝင် နိုဝင်ဘာလ ၆ ရက်ညပိုင်းနိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမြို့တော် ဒေလီမှာ လေထုညစ်ညမ်းမှု ဆိုးရွားနေတဲ့အတွက် ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေကို အာဏာပိုင်တွေက ထုတ်ပြန်ကြေညာထားပါတယ်။

အတန်းတင်စာမေးပွဲတွေ ဖြေနေကြတာကလွဲလို့ ကျောင်းတွေ အားလုံးကို ပိတ်ထား ပါတယ်။

မြို့ထဲမှာ ကားမောင်းတာ ထက်ဝက် လျော့ကျသွားအောင် ကားနံပတ် စုံ၊ မ ပေါ် မူတည်ပြီး မောင်းနိုင်တဲ့နေ့ အလှည့်ကျ သတ်မှတ်တာကို ထုတ်ပြန်ပါလိမ့်မယ်။

ဒီဇယ်နဲ့မောင်းတဲ့ ကားတွေ၊ ကုန်သယ် ထရပ်ကားတွေကို ပိတ်ပင်ထားသလို၊ ဆောက်လုပ်‌ရေး လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

ဒါပေမဲ့လည်း အခုအချိန်မှာတော့ ဒေလီမှာ အဆိပ်အတောက်ပါတဲ့ မြူခိုးတွေက လွှမ်းခြုံထားပြီး အပြင်းအထန် ဆိုးရွားတဲ့ အဆင့်မှာ ရှိနေဆဲပါ။

လေငြိမ်တတ်ပြီး အပူချိန်ကျဆင်းတဲ့ နိုဝင်ဘာလ ရောက်ပြီဆိုရင် ဒေလီဟာ လေထု ညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရလေ့ရှိပြီး မနှစ်ကလည်း အဲဒီအဖြစ်နဲ့ ကြုံခဲ့ရပါတယ်။

တရုတ်မြောက်ပိုင်းမှာ မကြုံစဖူး နှင်းမုန်တိုင်း ဆိုးဝါးနေ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ပုံမှန်မဟုတ်ဘဲ နှင်းတွေ ထူထပ်စွာကျလာသလို လေပြင်းတွေလည်း တိုက်ခတ်နေကာ ပြင်းထန်လွန်းတဲ့ ရာသီဥတုကို ကြုံနေရတဲ့ အတွက် ကျောင်းတွေ ပိတ်ထားရသလို လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေပါတယ်။

ဟေလုံကျန်း ပြည်နယ်မှာ တရုတ်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ အမြင့်ဆုံး သတိပေးချက် ဖြစ်တဲ့ အနီရောင် သတိပေး ချက် ကို ထုတ်ပြန်ထားပါတယ်။

အဲဒီထက် တောင်ဘက်ပိုကျတဲ့ ဘေဂျင်းနဲ့ တီယန်ကျင်းမြို့တွေမှာလည်း အရင်က ထက် ပိုစောပြီး အေးနေတဲ့အတွက် အိမ်တွင်း အပူပေးစက်တွေ ဖွင့်ပေးနိုင်ဖို့ အစိုးရပိုင် ကုမ္ပဏီက စီစဉ်နေရပါတယ်။

အအေးလွန်တာက ဒေသအတော်များများကို သက်ရောက်နေပြီး တရုတ်အိမ်နီးချင်း မွန်ဂိုလီးယားမှာ တိရိစ္ဆာန် လှည့်လည် ထိန်းကျောင်း မွေးမြူသူ ၈ ယောက် နှင်းမုန်တိုင်းထဲမှာ သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

တရုတ်မြောက်ပိုင်းဒေသမှာ အောက်တိုဘာလမှာ အရင်တုန်းကထက် ပိုပူခဲ့ပြီး အခုအချိန် အေးရာမှာတော့ အရင်ကထက် ထိုးဆင်းပြီး အေးလွန်းနေတာကို ကြုံနေ ရတာပါ။

ဂါဇာ နောက်ဆုံးအခြေအနေ

ဂါဇာကို အစ္စရေးက အပြင်းအထန်ဗုံးကြဲနေပြီး ဒါဟာ လွန်ခဲ့တဲ့ တလလောက်အချိန် အစ္စရေး ဟားမတ်စ် ပဋိပက္ခ စတင်ကတည်းက အပြင်းထန်ဆုံးသော ဗုံးကြဲမှု တွေထဲက တခုဖြစ်ပါတယ်။

ပစ်မှတ်တွေ ရာနဲ့ချီ ထိခိုက်ခဲ့ပြီး ဟားမတ်စ် စစ်တပ်ဝင်း တခုကိုလည်း သိမ်းပိုက် နိုင်ခဲ့ တယ်လို့ အစ္စရေးက ပြောပါတယ်။

ဒီတခေါက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့ရ တယ်လို့ ဂါဇာ စီးတီးမှာရှိတဲ့ အယ် ရှီဖာ ဆေးရုံရဲ့ ဒါရိုက်တာက ပြောပါတယ်။

မြည်းတွေ ဆွဲတဲ့ တွန်းလှည်းနဲ့ ထိခိုက်သူတွေ ဆေးရုံကို ရောက်လာတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

တညလုံး အင်တာနက်တွေ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာကြောင့် အရေးပေါ် လူနာတင်ယာဉ်တွေ ခေါ်လို့ မရခဲ့လို့ ဒီယာဉ်တွေ အလုပ်လုပ်လို့ မရအောင် ဖြစ်ခဲ့တယ် လို့လည်း သူ ကပြောပါတယ်။

အစောပိုင်းတုန်းကလည်း ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြား အဖွဲ့အစည်းတွေက လူသားချင်း စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့ ပန်ကြားခဲ့ပါတယ်။

ဟားမတ်စ်တို့ ဦးစီးတဲ့ ကျန်းမာရေးဌာနက နောက်ဆုံးထုတ်ပြန်ချက်အရ ပဋိပက္ခဖြစ်ကတည်းက ဂါဇာမှာ သေဆုံးရသူ ၁၀, ၀၀၀ ‌ကျော်သွားပြီလို့ သိရပါတယ်။

ဂါဇာမှာ ဖြစ်နေတဲ့ စစ်ပွဲအရေးနဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းတခွင်ကို လှည့်လည် ဆွေးနွေး နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ရဲ့ ခရီးစဉ်လည်း ပြီးဆုံးသွားပါပြီ။

သူနောက်ဆုံးရောက်ခဲ့တဲ့ တူရကီနိုင်ငံမှာ တူရကီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ သူတွေ့ဆုံ ခဲ့ပါတယ်။

မစ္စတာ ဘလင်ကင်က ပဋိပက္ခ မပျံ့လာရေး၊ ဂါဇာက အရပ်သားတွေ အတွက် အကူအညီအထောက်အပံ့တွေ ပိုရလာရေး၊ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံ တွေ ပြန်လည်လွတ်မြောက်လာရေး စတဲ့အရေးတွေ အတွက် သူ အတတ်နိုင်ဆုံး အားထုတ်ခဲ့တယ်လို့ မြို့တော် အင်ကာရာက သူ ပြန်မထွက်ခွာခင်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူဟာ ဂျော်ဒန်၊ အီရတ်၊ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းက ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဂါဇာ အရေးနဲ့ပတ်သက်ပြီး အမေရိကန် သံတမန်ရေးကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း အဖြစ် ဒုတိယ သမ္မတ ကမလာ ဟဲရစ်ကလည်း ကမ္ဘာ့ခေါင်းဆောင်တွေဆီကို ဖုန်းဆက်ဆွေးနွေးဦးမယ်လို့ သိရပါတယ်။