ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၇ ရက် ထိပ်တန်းသတင်းများ - နမ့်ခမ်းမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့မှာရှိတဲ့ စစ်တပ်ရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ်(TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်တွေက ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မန်တပ်စခန်းနဲ့ နမ့်ဖတ်ကာစခန်းတို့ကနေ လက်နက်ကြီးတွေနဲ့ အကြိမ် ၅၀ ထက်မနည်းပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်တွေနဲ့ အကြိမ် ၂၀ ကျော်လေကြောင်းပစ်ကူခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မနေ့ ဒီဇင်ဘာ ၆ ရက် ညပိုင်းကလည်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နမ့်ခမ်းမြို့ ဟိုနားရွာထဲက နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိသားစုဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူ ၄ ဦးရှိပြီး အဲဒီအထဲမှာ အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။
နမ့်ခမ်းတစ်မြို့လုံး တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ဒီဇင်ဘာ ၆ ရက် တစ်ရက်တည်းမှာပဲ အကြိမ် ၃၀ ထက်မနည်း ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တယ်လို့ နမ့်ခမ်းမြို့ကနေ မန္တလေးကို စစ်ရှောင်လာသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
တစ်ရက်တည်းမှာပဲ TNLA ဦးဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေက စစ်ကောင်စီရဲ့ မိုင်းဝီးတပ်စခးကို သိမ်းပိုက်ရရှိခဲ့ပြီး အဲဒီတိုက်ပွဲမှာ လက်နက်ကြီးတွေနဲ့ စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒီဇင်ဘာ ၇ ရက်မှာ ထုတ်ပြန်ထားပြီး အသေးစိတ်ဖော်ပြခဲ့ခြင်းတော့ မရှိပါဘူး။
မုန်းမြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး KNLA ထံလက်နက်ချ
မုန်းဒေသခံ သောင်းနဲ့ချီ နေအိမ်စွန့်ခွာထွက်ပြေးနေရ
ပဲခူးတိုင်း၊ မုန်း(မူး)မြို့ပေါ်က စစ်တပ်စခန်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး လက်နက်ချခဲ့ပြီး တပ်မိသားစုဝင် ၄၂ ယောက်နဲ့အတူ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ဖမ်းဆီးရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
မုန်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ပြည်သူ့ကာကွယ်ရေး (PDF)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေကိုလည်း စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ KNU က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်ကစလို့ လက်ရှိအချိန်အထိ မုန်းမြို့ပေါ်အပြင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မုန်းမြို့က အခြားနေရာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်နေတယ်လို့ KNU က ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုရားကျောင်းအပါအဝင် ဒေသခံနေအိမ်နဲ့ အဆောက်အဦတွေ ပျက်စီးခဲ့ပြီး မုန်းမြို့ပေါ်ရပ်ကွက်နဲ့ အနီးနားမှာရှိတဲ့ ကျေးရွာပေါင်း ၅၀ ကျော်က အရပ်သား ခြောက်သောင်းကျော် နေအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
စစ်ရှောင်တွေကို အကူအညီပေးနေပေမဲ့ မုန်းမြို့ပေါ်မှာ တည်ငြိမ်မှုမရှိသေးတဲ့အတွက် စစ်ရှောင်အရေအတွက် တဖြည်းဖြည်းများပြားလာတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ အရေးတကြီးလိုအပ်နေတယ်လို့ KNU က ပြောပါတယ်။
မုန်းမြို့ပေါ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မုန်းတိုက်နယ်တစ်ခုလုံးကို KNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်တယ်ဆိုတာဟာ ကောလဟလသာဖြစ်တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။
တစ်ရက်တည်းမှာပဲ စစ်တပ်အနေနဲ့ တပ်ရင်းတစ်ရင်းကိုပြန်လည်ဝင်ရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သူက ပြောခဲ့ပါတယ်။
စစ်တပ်ထံ လက်နက်စီးဆင်းမှု ရပ်တန့်ဖို့လိုပြီလို့ ကုလကိုယ်စားလှယ်တိုက်တွန်း
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီထံ လက်နက်စီးဆင်းမှုကို ချက်ချင်းရပ်တန့်ပစ်ဖို့ နိုင်ငံတကာအနေနဲ့ အရေးယူဆောင်ရွက်ဖို့လိုပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက တိုက်တွန်းလိုက်ပါတယ်။
ကျေးရွာနဲ့စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဒုက္ခသည်စခန်းတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို ရပ်တန့်ဖို့ စစ်ကောင်စီရဲ့ လေယာဉ်ဆီ သုံးစွဲခွင့်ကိုပါ ဖြတ်တောက်ဖို့လိုတယ်လို့လည်း အထူးကိုယ်စားလှယ်က သူ့ရဲ့ ဒီဇင်ဘာ ၆ ရက် ထုတ်ပြန်ချက်မှာ တိုက်တွန်းပါတယ်။
“ကမ္ဘာက မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအပေါ်အာရုံစိုက်နေပေမဲ့ နိုင်ငံတကာရဲ့ မတုံ့ဆိုင်းတဲ့ တုံ့ပြန်မှုတွေကသာ မြန်မာနိုင်ငံရဲ့အခြေအနေအပေါ် ချက်ချင်းထိရောက်စေမှာဖြစ်တယ်” လို့ တွမ်အန်ဒရူးက ပြောပါတယ်။
တွမ်အန်ဒရူးက “အချိန်ဖြုန်းနေလို့မရတော့ပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာလည်း မြန်မာနိုင်ငံတစ်ဝန်းမှာ လူသိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်” လို့ ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတည်ငြိမ်ဖို့နဲ့ စည်းလုံးညီညွတ်တဲ့အင်အားတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ပြောပေမဲ့ မြန်မာနိုင်ငံသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ကောင်စီဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့လည်း သူကထောက်ပြပါတယ်။
တရုတ်-မြန်မာနယ်စပ်ကို ချုပ်ကိုင်နိုင်ရေးကြိုးပမ်းတဲ့ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိုးစစ်မှာ စစ်ကောင်စီတပ်စခန်းတွေကိုလည်း သိမ်းပိုက်ခဲ့နိုင်တာကြောင့် စစ်ကောင်စီအနေနဲ့ နယ်မြေအုပ်ချုပ်ရေးအပိုင်းမှာ တဖြည်းဖြည်းကျဉ်းမြောင်းလာနေပြီး ထိန်းချုပ်နိုင်တဲ့အင်အားတွေ သိသိသာသာလျော့နည်းနေပြီလို့ တွမ်အန်ဒရူးက ပြောပါတယ်။
အရပ်သားတွေကို တိုက်ခိုက်တာတွေမလုပ်ဖို့အပြင် စစ်သုံ့ပန်းတွေကို လူသားဆန်စွာဆက်ဆံပြီး ဆေးဝါးကုသခွင့်ပေးဖို့နဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာကြဖို့ ပဋိပက္ခတွေထဲမှာပါဝင်တဲ့ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးကို ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။
လောက်ကိုင် လေးမျက်နှာကုန်းစေတီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးဖမ်းမိတယ်လို့ MNDAAပြော
တအာင်းတပ် TNLA ကလည်း စစ်စခန်း ၂ ခုသိမ်းမိတယ်လို့ ထုတ်ပြန်
ကိုးကန့်တပ် (MNDAA) သိမ်းပိုက်လိုက်တဲ့ လောက်ကိုင်မြို့ ၊ တာရင်တောင်ပေါ်က လေးမျက်နှာကုန်းစေတီစစ်တပ်စခန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး နဲ့ အတူ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့ MNDAA ကထုတ်ပြန်လာပါတယ်။
တာရင်တောင်စစ်တပ်စခန်းက ဒကစ(လောက်ကိုင်) နဲ့ ၂ မိုင်လောက်သာဝေးပြီး MNDAA တပ်တွေက သုံးရက်ကြာတိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။
လက်ရှိမှာ တာရင်တောင်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ဆိုပြီး MNDAA ပြောခွင့်ရ လီကျားဝင်းကလည်း လောက်ကိုင်မြို့နဲ့ တာရွှေထန်တပ်စခန်းတွေကိုပဲ သိမ်းယူဖို့ ကျန်တော့တယ်လို့ ပြောထားပါတယ်။
တစ်ချိန်တည်းမှာပဲ တအာင်းတပ် (TNLA) ဦးဆောင်တဲ့မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေကလည်း ကျောက်မဲ-မိုးကုတ်လမ်းပိုင်းပေါ်မှာရှိတဲ့ မိုင်းလုံတပ်စခန်းနဲ့ နမ့်ခမ်းမြို့က မိုင်းဝီးတပ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
နမ့်ခမ်းမြို့က မိုင်းဝီးတပ်စခန်းကို TNLA ဦးဆောင်တဲ့တပ်တွေက လေးရက်ကြာတိုက်ခိုက်ခဲ့ပြီးမှ ရရှိခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ လက်နက်ကြီးအပါအဝင် စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ပြောပါတယ်။
ပြီးခဲ့တဲ့ရက်အတွင်း မိုင်းလုံနဲ့ မိုင်းဝီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒေသခံအချို့ လက်နက်ထိမှန်သေဆုံးခဲ့သလို နေအိမ်တွေပျက်စီးပြီး အရပ်သားတွေအကုန်လုံး ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ နမ့်ခမ်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို လောက်ကိုင်ရဲ့တောင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိတယ်လို့ ဒီဇင်ဘာ ၆ ရက် သတင်းထုတ်ပြန်ချက်မှာထည့်ပြောထားပြီး အသေးစိတ်စစ်ရေးအခြေအနေကိုတော့ ထည့်သွင်းပြောကြားထားတာမရှိသေးပါဘူး။
ဘေဂျင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတွေ့
တရုတ်နိုင်ငံရောက်နေတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ ပြီး နယ်စပ်လုံခြုံရေး အပါအဝင် ပိုးလမ်းမစီမံကိန်း နဲ့ အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ်တိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
(၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးအတွက် တရုတ်နိုင်ငံကို ရောက်နေတဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ ဒီဇင်ဘာ ၆ ရက်မှာ ဘေကျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး နဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ နဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းအောက်က ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးနဲ့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးကွန်ရက် တည်ထောင်ရေးအပါအဝင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရေးကို ဆွေးနွေးခဲ့ကြတာလို့ဆိုပါတယ်။
ဒီစီမံကိန်းတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ တည်ရှိနေတဲ့အတွက် ဒီဆွေးနွေးချက်ကြောင့် အဲဒီပြည်နယ်နှစ်ခုကတိုက်ပွဲတွေ အရှိန်လျော့သွားမလားဆိုတာ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေ အမြစ်ဖြတ် တိုက်ဖျက်သွားရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေး အဖွဲ့တွေ ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိုဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အစဉ်လေးစားမှုနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ အတည်ပြု ပြောကြားခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှုအပေါ် တရုတ်ကထောက်ခံပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်ကို သင့်လျော်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ပဉ္စမအကြိမ်မြောက် ပင့်ဆောင်သွားနိုင်ဖို့လည်း နှစ်ဖက်ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပို့ကုန်ဝင်ငွေလဲနှုန်းပြောင်းလဲမှုကနေ စက်သုံးဆီကဏ္ဍ အပေါ်သက်ရောက်မယ်လို့ စစ်ကောင်စီပြော
ပို့ကုန် သမားတွေရဲ့ ပို့ကုန်ဝင်ငွေထဲက ၆၅ ရာခိုင်နှုန်း နိုင်ငံခြားငွေ ကို စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာရောင်းချနိုင်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထပ်ပြီးထုတ်ပြန်လာပါတယ်။
အရင်က ပို့ကုန်သမားရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ တရားသေငွေလဲနှုန်းသတ်မှတ်ချက် ၂၁၀၀ နဲ့ နောက်ထပ် ၅၀ ရာခိုင်နှုန်းကို အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက် (Online Trading) စနစ်ကသတ်မှတ်တဲ့ ငွေလဲနှုန်း ၂၉၀၀ ဝန်းကျင်တို့နဲ့ ရောင်းချခဲ့ရတာဖြစ်ပါတယ်။
အခုတော့ အဲဒီလိုတွေရောင်းချရတဲ့ စနစ်ကို ပယ်ဖျက်လိုက်ပြီး ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်စျေးနဲ့လွတ်လပ်စွာရောင်းချနိုင်ပြီး ၃၅ ရာခိုင်နှုန်းကိုသာ ကျပ် ၂၁၀၀ နဲ့ ရောင်းချနိုင်တဲ့ သဘောလို့ စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။
'' ပို့ကုန်ရငွေ ကို ၅၀/၅၀ သတ်မှတ်ထားတယ်။ ၅၀ ကို တစ်ဒေါ်လာလဲနှုန်း ကျပ် ၂၁၀၀နဲ့ နောက် ၅၀ ကို Online Trading စနစ်ကသတ်မှတ်တဲ့ ဈေးနှုန်းနဲ့ ရောင်းဝယ်နေတာကို ဖြေလျှော့ခဲ့တယ်။ အခုနောက်တစ်ရက်မှာ နောက်ထပ် ၁၅ ရာခိုင်နှုန်းထပ်တိုးပေးပြီး ၃၅ ရာခိုင်နှုန်းကိုပဲ သူတို့ သတ်မှတ်ထားတဲ့ ဗဟိုဘဏ်ပေါက်စျေး ၂၁၀၀ နဲ့ လဲရမယ်။ ကျန်တာ ပို့ကုန်သမားသဘောဖြစ်သွားတာ '' လို့ ပြည်တွင်းက နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားခွင့် AD လိုင်စင်ရ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီပို့ကုန်ရငွေအတွက် ငွေလဲရမယ့်ရာခိုင်နှုန်းစနစ်အပြောင်းအလဲက စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူ့ရဲ့နေ့စဥ်ပုံမှန်သတင်းထုတ်ပြန်မှုမှာထည့်ပြောပါတယ်။
'' ပို့ကုန်တင်ပို့နိုင်ဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းများ ကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီးဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခြေအနေမှာတော့ ဘယ်နေရာတွေမှာ အကျိုးသက်ရောက် သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုးသက်ရောက်မှုအနည်းငယ်ရှိပါလိမ့်မယ်'' လို့ သူကပြောပါတယ်။
စစ်ကောင်စီအပြောအရ Import ဆိုတဲ့ သွင်းကုန်မှာ စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိလမ့်မယ်လို့ဆိုပါတယ်။
'' ဒီအကျိုးသက်ရောက်မှုဟာ ခဏတာပဲဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီတင်သွင်းရ မယ့်လိုအပ်တဲ့ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့အတွက် အသင့် ရှိပါတယ်။ တင်သွင်းဖို့အတွက်ရောက်ရှိနေတဲ့ သင်္ဘောများလည်းရှိပြီးဖြစ်ပါတယ်။ သို့သော် ဒီမူဝါဒအပြောင်းအလဲကို ဆောင် ရွက်တဲ့အချိန်မှာတော့ ခုနကပြောတဲ့ Export ပို့တဲ့လူတွေကနေ ပြန်ဝင်လာမယ့် ငွေတွေ၊ ပြီးရင် ပြည်ပထွက်တဲ့အလုပ်သမား တွေဆီကပြန်ဝင်လာမယ့်ငွေတွေ၊ တရားမဝင် ဟွန်ဒီလုပ်ငန်းတွေဆောင်ရွက်ထားတဲ့ငွေများသည် incentive ရှိတဲ့အတွက်ကြောင့် အကျိုးခံစားခွင့်ရှိတဲ့အတွက် ပိုမိုဝင်ရောက်လာမှာဖြစ်ပါ တယ်'' လို့ စစ်ကောင်စီပြောခွင့်ရကပြောပါတယ်။
စီးပွားရေးအကဲခတ်တွေကတော့ စစ်ကောင်စီက သူ့မှာ ဒေါ်လာငွေမရှိတဲ့ အခြေအနေကိုဝန်ခံလိုက်တဲ့သဘောလို့ သုံးသပ်နေကြပါတယ်။ စက်သုံးဆီအတွက် လိုအပ်တဲ့ဒေါ်လာရာခိုင်နှုန်းကို ဗဟိုဘဏ်ကရောင်းပေးနေရာကနေ အခုတော့ တင်သွင်းမယ့်လုပ်ငန်းရှင်တွေ ကိုယ်တိုင် ဒေါ်လာရှာရမယ်ဆိုတဲ့နောက်မှာတော့ စက်သုံးဆီတင်သွင်းမှု မှာ အခက်အခဲဖြစ်လာတာလို့ စီးပွားရေးအကဲခတ်တချို့ကထောက်ပြပါတယ်။
'' စစ်ကောင်စီက သူ့မှာ ဒေါ်လာမရှိတာကိုဝန်ခံလိုက်တဲ့သဘောဖြစ်ပြီး၊ စျေးကွက်ထဲမှာအောင်းနေတဲ့ဒေါ်လာတွေ ကိုယ့်နည်းကိုယ်ဟန်နဲ့ရှာကြတော့ သူ့( စစ်ကောင်စီ) မှာတော့ဒေါ်လာမရှိတော့ဘူးဆိုတာကို ပြတဲ့သဘောဖြစ်သွားပြီ'' လို့ ထိုင်းနိုင်ငံအခြေစိုက်၊မြန်မာ စီးပွားရေးပညာရှင် ကိုမျိုးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီတင်သွင်းသူတွေကို ရာခိုင်နှုန်းအလိုက် ဒေါ်လာရောင်းပေးနေရာကနေ တင်သွင်းသူကိုယ်တိုင်ဒေါ်လာရှာပြီး တင်သွင်းရတဲ့စနစ်ကိုပြောင်းလိုက်တဲ့နောက် စက်သုံးဆီတင်သွင်းမှု ကဏ္ဍ မှာ အကျပ်အတည်းဖြစ်လာတဲ့အခြေအနေလို့ စီးပွားရေးအကဲခတ်တချို့ကထောက်ပြထားကြပါတယ်။