ဇန်နဝါရီ ၅ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ်- စစ်တပ်ကနေ CDM လုပ်လာသူ ၁ သောင်းကျော်ပြီး တိုက်ပွဲပြန်ဝင်သူ ရာချီရှိတယ်လို့ NUG ပြော

စစ်ရေးလေ့ကျင့်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, စစ်ရေးလေ့ကျင့်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

အာဏာသိမ်း ၄ နှစ်အတွင်း စစ်တပ်ကနေ CDM လုပ်လာသူ လူ ၁၅,၀၀၀ ခွဲနီးပါးရှိပြီး အဲဒီအထဲက လူ ၄၈၀ ကျော်ဟာ တော်လှန်ရေးတာဝန်တွေကို ပြန်ထမ်းဆောင်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ပြောပါတယ်။

တော်လှန်ရေးတာဝန်တွေပြန်ထမ်းဆောင်နေကြသူတွေဟာ NUG က ဖွဲ့စည်းထားတဲ့ စစ်ရုံးချုပ်၊ စစ်နည်းဗျူဟာလေ့လာရေးရုံးတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တွေအဖြင့် တပ်သားအဆင့် ကနေ တပ်ရင်းမှူးအဆင့်တွေ ပါဝင်နေတယ်လို့လည်း NUG က ဒီဇင်ဘာ ၄ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်း ၄ နှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ်နဲ့ စစ်တပ်ဖွဲ့ဝင် ၃၈၇၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀၈၈၈ ဦး စုစုပေါင်း ၁၄၇၆၀ ဦး ဘက်ပြောင်းခိုလှုံခဲ့ကြတာလို့လည်း NUG ရဲ့ ၂၀၂၄ စစ်ရေးတိုးတက်မှု အစီအရင်ခံစာ မှာ ဖော်ပြပါတယ်။

အဲဒီအထဲမှာ ဒုဗိုလ်မှူးကြီး (၅) ဦး၊ ဗိုလ်မှူး (၄၂) ဦး၊ ဗိုလ်ကြီး (၃၂၃) နဲ့ ဗိုလ် (၁၀၂) ဦး အရာရှိအဆင့်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

လာမယ့်ကာလမှာ NUG အနေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်လိုက်နာမှုနဲ့ အမိန့်ပေးစနစ် အားကောင်းအောင်လုပ်မဲ့အပြင် တိုက်ခိုက်ရေးစွမ်းရည်မြင့်သွားမယ်လို့လည်း NUG က ပြောပါတယ်။

PDF တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့(ပကဖ) တွေသိမ်းထားတဲ့ မြို့ ၈ မြို့ ရှိတယ်လို့လည်း NUG က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ NUG လက်အောက်ခံ တပ်ဖွဲ့တွေ ရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်အင်အား ၂ သောင်းကျော်ပြုန်းတီးခဲ့တယ်လို့လည်း NUG က ပြောပါတယ်။

ဟီလာရီကလင်တန်၊ ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်၊ မက်ဆီ၊ U2 အဖွဲ့က ဘိုနိုတို့ အမေရိကန်ရဲ့ အမြင့်ဆုံးဆုရ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး‌ဟောင်း ဟီလာရီကလင်တန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်နိုင်ငံခြားရေးဝန်ကြီး‌ဟောင်း ဟီလာရီကလင်တန်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး‌ဟောင်း ဟီလာရီကလင်တန်နဲ့ Open Society ဖောင်ဒေးရှင်းထူထောင်သူ ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ် တို့အပါအဝင် ဖက်ရှင်၊ ဂီတ၊ ရုပ်ရှင်နဲ့ နယ်ပယ်အသီးအသီးက ကမ္ဘာကျော် လူပုဂ္ဂိုလ် ၁၉ ဦးကို သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ရဲ့ အမြင့်ဆုံး အရပ်သားဂုဏ်ပြုဆုတံဆိပ် ချီးမြှင့် လိုက်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Presidential Medal of Freedom လိုခေါ်တဲ့ အဲဒီဆုဟာ နိုင်ငံရေး၊ ယဥ်ကျေးမှု၊ ပရဟိတနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပေးအပ်တာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ ဇန်နဝါရီ ၄ ရက်နေ့က အိမ်ဖြူတော်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဂျော့ဆိုးရော့စ်ဟာ သူ ထူထောင်ထားတဲ့ Open Society Foundation ကနေ ပရဟိတလုပ်ငန်းတွေကို ဆယ်စုနှစ်နဲ့ချီ လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဂျော့ဆိုးရော့စ်ရဲ့ Open Society မြန်မာနိုင်ငံရုံးခွဲဟာ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။ ဒါအပြင် ဘဏ္ဍာရေးမန်နေဂျာတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ဝန်ထမ်း ၁၀ ဦးထက်မနည်းကို မြန်မာစစ်တပ်က စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။

ဂျော့ဆိုးရော့စ်နဲ့ သားဖြစ်သူ အလက်ဇန္ဒားဆိုးရော့စ်တို့ဟာဒေါ်အောင်ဆန်းစုကြည် နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပြီးနောက် Open Society Myanmar ရုံး မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခဲ့ တာလို့ စစ်ကောင်စီထိန်းချုပ် ရုပ်မြင်သံကြားသတင်းက ဇောင်းပေးကြေညာသွားခဲ့ တာမျိုးလည်း ရှိခဲ့ပါတယ်။

သမ္မတ ဘိုင်ဒန်ချီးမြှင့်တဲ့ဒီဆုကို ဂျော့ဆိုးရော့စ် ကိုယ်စား သားဖြစ်သူက တက်ယူခဲ့ပါတယ်။

တချိန်တည်းမှာပဲ အကျဥ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စဟီလာရီကလင်တန်လည်း ဒီဆုကိုရရှိပါတယ်။

ဒါအပြင် ဟောလီးဝုစ် ဝါရင့် သရုပ်ဆောင် မင်းသားကြီး ဒန်ဇယ် ဝါရှင်တန်နဲ့ ကမ္ဘာကျော် အာဂျစ်တီးနား ဘောလုံး ကစားသမား လိုင်နယ် မက်ဆီတို့လည်း ဆုရရှိခဲ့ပါတယ်။

မက်ဆီကိုတော့ ကုလမသဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNIFCF) ရဲ့ သံတမန်တစ်ဦးအနေနဲ့ ပရိဟိတလုပ်ငန်းတွေလုပ်တဲ့အတွက် သမ္မတ ဘိုင်ဒန်က ဒီဆုကို ချီးမြှင့်တာဖြစ်ပါတယ်။

မိခင်လွတ်မြောက်ရေး ဆုတောင်း မျှော်လင့်ကြသူတွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သားငယ်ပြော

ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားနောက်ခံနဲ့ အတူ မြင်တွေ့ရတဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း

ဓာတ်ပုံ ရင်းမြစ်, ကင်အဲရစ်ဖေ့ဘွတ်ခ်

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မျှော်လင့်ဆုတောင်းကြသူတွေကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်သူ ကင်အဲရစ် ခေါ် ကိုထိန်လင်းက ထုတ်ပြောလာပါတယ်။

စစ်ကောင်စီက မနေ့က ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါ် အောင်ဆန်းစုကြည် မပါဝင်တဲ့အပေါ် သားဖြစ်သူက အခုလို သတင်းစကားပါးတာဖြစ်ပါတယ်။

''မေမေ့အတွက် ဆုတောင်းပေးကြလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော်လည်း မျှော်လင့်မိပါတယ်၊ လက်မလျှော့ပါနဲ့၊ ဆက်ပြီးမျှော်လင့်ကြတာပေါ့'' လို့ ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရုပ်သံနဲ့ ထုတ်ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းခံရပြီး အဂတိမှုတွေနဲ့ စွပ်စွဲခံရကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

အဂတိမှုစွပ်စွဲချက်အပါအဝင် အမှုပေါင်း ၁၉ မှုကို ရင်ဆိုင်ခဲ့ရအပြီးမှာ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတာဖြစ်ပြီး အမှုတွေကို စစ်ကောင်စီ တရားရုံးက ဆုံးဖြတ်ချက် ချပြီးကတည်းက ရှေ့နေတွေအပါအဝင် မိသားစုဝင်တွေနဲ့ ပြင်ပဧည့်သည် တွေ့ဆုံခွင့် မရသေးပါဘူး။

တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ အမွေဆိုင် လေလံအမှုကို ရင်ဆိုင်နေရပေမဲ့ ရှေ့နေဖြစ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်မရပါဘူး။ ဒါကြောင့် အမှုအရေးဆွေးနွေးဖို့ အမှုသည်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေက တောင်းဆိုနေပါတယ်။

စစ်ကောင်စီက ပြည်တွင်းထုတ်ဆိုပြီး RON-68 ဓာတ်ဆီတွေ ထုတ်ရောင်း

၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ပေါ်က နိုင်ငံပိုင် ဓာတ်ဆီဆိုင်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၇ ခုနှစ်က ရန်ကုန်မြို့ပေါ်က နိုင်ငံပိုင် ဓာတ်ဆီဆိုင်မြင်ကွင်း

နေပြည်တော်နဲ့ မန္တလေးတိုင်းထဲက နိုင်ငံပိုင်စက်သုံးဆီဆိုင်အချို့မှာ ပြည်တွင်းထုတ် RON-68 ဓာတ်ဆီတွေကို ဇန်နဝါရီ ၄ ရက် ကနေစပြီး ထုတ်ရောင်းနေပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

နေပြည်တော်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးက ဓာတ်ဆီအရောင်းဆိုင် တစ်ဆိုင်နဲ့ မန္တလေးတိုင်းထဲက ဓာတ်ဆီအရောင်းဆိုင် ၂ ဆိုင်မှာ RON-68 ဓာတ်ဆီ တစ်လီတာကို ၂၂၀၀ စျေးနဲ့ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းထုတ် ဓာတ်ဆီရောင်းချမယ်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက ပြောပြီး ရက်ပိုင်းအကြာမှာပဲ အခုလိုရောင်းချလာတာဖြစ်သလို၊ တောင်ငူနဲ့ လွိုင်လင်မှာလည်း ဆက်ပြီးရောင်းသွားမယ်လို့ ဆိုပါတယ်။

စွမ်းအင်ဝန်ကြီးဌာနက ရောင်းချတဲ့ ပြည်တွင်းထုတ် RON-68 အမျိုးအစားဓာတ်ဆီကို မော်တော်ယာဥ်တွေထဲမှာ ထည့်သွင်းသုံးရင် စက်အင်ဂျင်ထိခိုက်နိုင်တယ်လို့ ထောက်ပြ ကြတဲ့ စက်မှုအင်ဂျင်နီယာတွေလည်း ရှိပါတယ်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူးကတော့ အခုဓာတ်ဆီဟာ ပြည်ပက တင်သွင်းတဲ့ စျေးထက် သက်သာတယ်လို့ပြောပြီး မော်တော်ဆိုင်ကယ်နဲ့ သုံးဘီး၊ မီးစက်တွေ၊ စက်လှေတွေမှာ အသုံးပြုနိုင်တယ်လို့ ပြောထားပါတယ်။

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာရှိတဲ့ မော်တော်ယာဥ်တွေမှာ အသုံးပြုနေတဲ့ ဓာတ်ဆီဟာ RON-92 နဲ့ RON-95 အမျိုးစားတွေဖြစ်ပါတယ်။

အခု ထုတ်ရောင်းတဲ့ဓာတ်ဆီတွေကို ရန်ကုန် သံလျင်ရေနံချက်စက်ရုံ နဲ့ မကွေးတိုင်း ချောက်မြို့နယ်ထဲက မန်းသံပရာကန် ရေနံချက်စက်ရုံတွေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က ရပ်နားထားရတဲ့ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ကို ပြန်လည်ပတ်နိုင်ဖို့ ပြင်ဆင်တာတွေလုပ်နေတယ်လို့လည်း စွမ်းအင်ဝန်ကြီးက ထုတ်ပြန် ထားပါတယ်။

အဲဒီကနေ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅ သိန်းထုတ်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေ အပါအဝင် နေရာတော်တော် များများမှာ ၂ လကို တစ်ကြိမ်လောက် လောင်စာဆီ ပြတ်လပ်တာတွေဖြစ်ခဲ့ပါတယ်။

တဖက်မှာလည်း ပိတ်ပင်ထားတဲ့ ဒေသတွေကို စက်သုံးဆီတင်ပို့ရောင်းချခဲ့လို့ လူ ၁၇ ကို ဇန်နဝါရီ ၃ က ဖမ်းဆီးခံထားရပါတယ်။

တအာင်းတပ် TNLA၊ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ သယံဇာတလုပ်ကွက်တွေ အတွက်အသုံးပြု မယ့် စက်သုံးဆီတွေကို ရောင်းချတာကြောင့်လို့ စစ်ကောင်စီ က ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ လုပ်ငန်းရှင် ၁၇ ဦးကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ လည်းဆိုထားပါတယ်။

အဆိုတော်ယုန်လေးအိမ်အနီးက ပေါက်ကွဲမှုနဲ့ အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရမှုမှာ ဆက်စပ်သူဆိုပြီး လူ ၈ ဦးကို စစ်ကောင်စီဖမ်း

ဒီဇင်ဘာ ၃၀ ရက်နေ့က စမ်းချောင်းမြို့နယ်အတွင်း ပေါက်ကွဲမှု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အဆိုတော်ယုန်လေးအိမ်အနီးက ပေါက်ကွဲမှု

ရန်ကုန်တိုင်းထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပစ်ခတ်ခံရမှုတွေ၊ ပေါက်ကွဲမှုတွေနဲ့ ဆက်စပ်သူ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ဇန်နဝါရီ ၅ ရက် နိုင်ငံပိုင် သတင်းစာမှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းထဲက ဆေးခန်းတစ်ခုရှေ့မှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ပေါက်ကွဲမှုနဲ့ လှိုင်သာယာမြိုနယ်၊ အမှတ် ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးနဲ့ဇနီး တို့ ဒီဇင်ဘာ ၅ ရက်နေ့က ပစ်ခတ်ခံရမှုတွေနဲ့ ပတ်သက်သူတွေလို့ စစ်ကောင်စီ ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။

စမ်းချောင်းမြို့နယ်အတွင်း ပေါက်ကွဲမှုဟာ အဆိုတော်ယုန်လေးရဲ့ အိမ်နားမှာ ပေါက်ကွဲခဲ့တာဖြစ်တယ် လို့ ဒေသခံတချို့ကလည်းပြောသလို စစ်ကောင်စီထောက်ခံသူတချို့ရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားကြပါတယ်။

ဦးတ‌င်ဇော်ဦးဟာ ဇနီးဖြစ်သူကို ဆိုင်ကယ်နဲ့ စက်ရုံလိုက်ပို့နေချိန် လမ်းမှာ ပစ်ခတ်ခံရတာဖြစ်ပြီး ပေါင်နဲ့ဗိုက်ကို ထိမှန်ခဲ့လို့ မင်္ဂလာဒုံ စစ်ဆေးရုံကို တင်ထားရတယ်လို့ အဲဒီတုန်းက အဆက်အသွယ်ရ တဲ့ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဦးတ‌င်ဇော်ဦးဟာ ပြည်လုံးကျွတ်သန်ခေါင်းစရင်းကောက်ယူတာနဲ့ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP)အဖွဲ့ ရဲ့ ဆန်ဝေတဲ့လုပ်ငန်းတွေမှာ ပါဝင်ခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ဒါအပြင် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးဇော်မင်းထွန်း ပစ်ခတ်ခံရမှုမှာ ပါဝင်သူတွေကိုလည်း ဖမ်းဆီးထားတယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးထားတဲ့ လူ ၈ ဦးစီကနေ သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေကိုပါ သိမ်းဆည်း ရမိထားတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

လွတ်ငြိမ်းမှာပါတဲ့ ထိုင်း ၁၅၀ ကျော်ကို စစ်ကောင်စီရဲတပ်ဖွဲ့က ထိုင်းကို ပြန်လွှဲ

ကျားဖြန့် လုပ်လို့ ဖမ်းထားတဲ့ ထိုင်းနိုင်ငံသား ၁၅၀ ကျော်ကို စစ်ကောင်စီ ရဲတပ်ဖွဲ့က ပြန်လွတ်ပေး

ဓာတ်ပုံ ရင်းမြစ်, Chiangrai public relation office

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ လွတ်ငြိမ်းထဲ ထိုင်းနိုင်ငံသား ၁၅၁ ယောက်ပါဝင်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ပြုလုပ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နှိမ်နင်းရေးတွေမှာ ဖမ်းမိပြီး လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင်တဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦးကို စစ်ကောင်စီက ထိုင်းအာဏာပိုင်တွေဆီကို ဇန်နဝါရီ ၄ ရက်မှာ ပြန်လွဲလိုက်ပါတယ်။

အမျိုးသား ၇၄ ဦးနဲ့ အမျိုးသမီး ၇၇ ဦးတို့ပါဝင်တဲ့ ဒီထိုင်းနိုင်ငံသားတွေဟာ ၂၀၂၄ ခုနှစ်အစောပိုင်းတုန်းက တာချီလိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကျားဖြန့်နှိမ်နင်းရေး စီးနင်းမှုတွေအတွင်း ဖမ်းဆီးခံရပြီး ရှမ်းပြည်နယ်ထဲက အကျဥ်းထောင်တွေမှာ ထောင်ဒဏ်ကျခံနေရသူတွေဖြစ်ပါတယ်။

အခုတော့ သူတို့ဟာ စစ်ကောင်စီက ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းမှာ အကျုံးဝင်တာကြောင့် ကျိုင်းတုံရဲတပ်ဖွဲ့က ထိုင်းဆိုက်ဘာနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။

ဒီလွှဲပြောင်းတာကို ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ချိတ်ဆက်ထားတဲ့ အမှတ် ၂ ချစ်ကြည်ရေး တံတားကနေ မနေ့က ပြန်လွဲပေးခဲ့တာဖြစ်ပါတယ်။

မြန်မာဘက်ကပြန်လွဲပေးလိုက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဆက်စပ်နေတဲ့ ကွန်ရက်တွေကို အသေးစိတ်မှတ်တမ်းတင်ထားမယ်လို့လည်း ချင်းရိုင်ခရိုင် ရဲအရာရှိတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီလ ၄ ရက် လွှတ်ငြိမ်း ပေးတဲ့အထဲမှာ ပြီးခဲ့တဲ့လက ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပါဝင်လာခြင်း ရှိမရှိတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမဲ့ ရေလုပ်သားတွေကို ပြန်လွှတ်ပေးဖို့ ထိုင်းအစိုးရက စစ်ကောင်စီ ကို တောင်းဆိုထားတာဖြစ်ပါတယ်။

မနေ့က ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား ၅၈၆၄ ဦးကို ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ အထဲမှာ နိုင်ငံခြားသား အယောက် ၁၈၀ ပါဝင်ပါတယ်။

အနန်းကွင်းဗျူဟာကို လာတဲ့စစ်ကောင်စီ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သံဖြူဇရပ် - ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းဗြူဟာစခန်းကို စစ်ကူပို့တဲ့ စစ်ကောင်စီတပ်သားနဲ့ ၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လူဆယ်ချီသေဆုံးတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့အဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။

ဒီစခန်းဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ တောင်ဘက်ခြမ်း၊ သံဖြူဇရပ် - ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းကျေးရွာမှာ အခြေချထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီလ ၂ ရက်အတွင်း တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး အနန်းကွင်းဗျူဟာ စခန်းကို စစ်ကူပို့တာနဲ့ လူနာသယ်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)၊ အထူးစစ်ဆင်ရေးအဖွဲ့(SOF)နဲ့ ပူးပေါင်းအဖွဲ့တွေ၊ ဒရုန်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဥ်၊ Y12 ဗုံးကြဲလေယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ SOF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သံဖြူဇရပ် - ဘုရားသုံးဆူလမ်းပေါ်က အနန်းကွင်းဗျူဟာကို ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဒီစခန်းမကျရေး ခုခံနေပါတယ်။

အနန်းကွင်းဗျူဟာမကျရေး စစ်ကောင်စီတပ်က ဘယ်လို ခုခံနေပါသလဲ။ ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။