ဇွန်လ ၅ ရက်၊ ထိပ်တန်းသတင်းများ - ရန်ကုန်မြို့လယ်က ပန်းဆိုးတန်း အခွန်ရုံး ဗုံးပေါက်ကွဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းက အခွန်ထမ်းများဆိုင်ရာအခွန်ဦးစီးမှူးရုံးမှာ ဒီကနေ့ ဇွန်လ ၅ ရက် နေ့လည်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဗုံးပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။
အခွန်ရုံးအတွင်းက ပေါက်ကွဲမှုကြောင့် အခွန်ဝန်ထမ်း သုံးဦး နဲ့ ရုံးလာသူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနာတင်ယာဉ်နဲ့ လာခေါ်သွားတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့အချိန်မှာ နာရီနဲ့ချီကြာအောင် ပန်းဆိုးတန်းလမ်းကို ပိတ်ထားခဲ့ပြီး လက်ရှိအချိန်မှာတော့ ပုံမှန်အတိုင်း လမ်းကို ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
ပန်းဆိုးတန်းအခွန်ရုံးအနီးမှာ ယခင်ကလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့ဖူးပေမယ့် ဒီတချိန်ကတော့ ထိခိုက်ဒဏ်ရာရမှု အများဆုံးလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဇာမဏီ
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဇာမဏီအဖွဲ့ရဲ့ စခန်းကို ဇွန်လ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုး စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့ရဲ့ တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်း ၃ ခုခွဲပြီး ဇာမဏီအဖွဲ့ရဲ့ စခန်းကို တိုက်ခိုက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ခုခံပစ်ခတ်ပြီးနောက် တိမ်းရှောင်ခဲ့ရတယ်လို့ စခန်းတာဝန်ရှိသူကပြောပါတယ်။
“လက်နက်အင်အားလူအင်အားမမျှလို့ ဆုတ်ခွာပေးခဲ့ရပါတယ်။ ရဲဘော် ၃ ဦးဖမ်းခံရပြီး သတ်ခံလိုက်ရ တယ်။ လက်နက်၊ ခဲယမ်း၊ ရိက္ခာပစ္စည်းတွေ၊ ထုတ်လုပ်ရေးပစ္စည်း တွေဆုံးရှုံးသွားတယ်” လို့ ဇာမဏီအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
စခန်းမှာရှိတဲ့ ငွေသား၊ ရိက္ခာအပါအဝင် ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားသလို၊ စခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဇာမဏီအဖွဲ့ထံကသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CNO Upper Chindwin Region - UCR
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရှုခင်းသာကျေးရွာ စာသင်ကျောင်းမှာ အစည်းအဝေးလုပ်နေတဲ့အချိန် ဇွန်လ ၅ ရက်၊ မနက် ၁၀ နာရီကျော်မှာ စစ်တပ်ဘက်က ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ CNO Upper Chindwin Region – UCR ကဘီဘီစီကိုပြောပါတယ်။
ကလေးမြို့ဟာ ဒေသကာကွယ်ရေးအဖွဲ့တွေအားကောင်းတဲ့ မြို့ဖြစ်ပြီး အခုလို ရပ်ရွာအခြေပြုလူကြီးတွေ အစည်းအဝေးလုပ်နေတာသတင်းပေါက်ကြားပြီး အခုလိုပစ်ခတ်ခံရတာလို့ CNO Upper Chindwin Region – UCR နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။
“အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရတယ်။ ရဟတ်ယာဉ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းဆောင်အနည်း ငယ်ပျက်စီးသွားတယ်။ အဓိကတော့ ကျောင်းပြန်ဖွင့်ဖို့ပါ” လို့ CNO Upper Chindwin Region – UCR အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲဒီရဟတ်ယာဥ်ဟာ အချိန် ၅ မိနစ်ကြာ ပျံသန်းကာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေလုပ် ခဲ့တာကြောင့် လူထိခိုက်မှုရှိခဲ့သလို၊ အခြားမီးလောင်ပျက်စီးမှုနဲ့ ထပ်မံဒဏ်ရာရသူ ရှိမရှိ တိတိပပကိုတော့ မသိရသေးဘူးလို့ CNO Upper Chindwin Region – UCR က ထုတ်ပြန်ထားပါတယ်။
အဲဒါအပြင် ရှုခင်းသာရွာအနီးက လက်ပံချောင်းရွာထဲကိုလည်း မနက် ၁၁ နာရီလောက်က လက်နက်ကြီးနဲ့ တစ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရှိထားတယ်လို့ သိထားရပါတယ်။ ဒါပေမယ့် ဒဏ်ရာ ရရှိမှုအခြေအနေနဲ့ ထိခိုက်မှု အတိအကျကို အတည်ပြုသိရှိရတာမရှိသေးဘူးလို့လည်း သိရပါတယ်။
ရှုခင်းသာရွာဟာ ကလေးမြို့ကနေ မိုင် ၂၀ အကွာမှာတည်ရှိသလို၊ လက်ပံချောင်းကတော့ ကလေးမြို့ကနေ ၁၀ မိုင်အကွာမှာ တည်ရှိတဲ့ ကလေး-ရာဇဂြိုလ်ရွာ သွားတဲ့ကားလမ်းဘေးက ရွာတွေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မုံရွာခရိုင်၊ တပ်ရင်း ၈
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းက လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) ရုံးအနီးကစစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့ ဂိတ် တိုက်ခိုက်ခံရတဲ့နောက် မြို့တွင်းတင်းကျပ် စစ်ဆေးတာတွေရှိနေပါတယ်။
မနေ့ ဇွန်လ ၄ ရက် က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မုံရွာခရိုင်၊ တပ်ရင်း ၈ ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က သေဆုံးမှုတွေရှိခဲ့သလို လက်နက်တွေသိမ်းခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
“အဲဒီနေရာက ငွေတွေကောက်တာမျိုးတွေရှိတယ်။ အဲဒါတွေကိုလုံးဝလက်မခံနိုင်ဘူး။ အဲဒါမို့တိုက်လိုက်တာ၊ သူတို့လက်နက်တွေလည်း သိမ်းဆည်းလိုက်တယ်။ အားလုံး လက်နက် ၄ လက်နဲ့ ကျည် ၄၉ ထောင့်ရတယ်” လို့ တပ်ရင်း ၈ တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးတယ်ဆိုတဲ့ အပေါ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘီဘီစီကသီးခြားအတည်မပြုနိုင်တာမရှိသေးပါဘူး။
လက်ရှိမှာတော့ မနေ့က တိုက်ခိုက်ပြီးနောက်ပိုင်းကစလို့ ဂိတ်က ဖြတ်သန်းသူတွေအပေါ် တင်းတင်းကျပ်ကျပ် စစ်ဆေးတာ တွေလုပ်နေတယ်လို့ ချောင်းဦးဒေသခံတွေထံကသိရပါတယ်။
"နဂါးနီပွဲရုံလမ်းနဲ့ စျေးလမ်းတွေမှာ လူတွေကို စစ်ဆေးတာရော၊ ရမ်းပြီး သေနတ်ပစ်ခတ်တာရော အခုမနက်ပိုင်းမှာ လုပ်နေတာ၊ သေနတ်သံပါကြားရပါတယ်။ ဒီနေ့မှ အစစ်ဆေးတွေလည်းများ၊ အင်အားတွေလည်း တိုးလာတဲ့ ပုံပါဘဲ" လို့ ချောင်းဦးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲဒီဂိတ်တောင်ဘက်ပိုင်းက ကျေးရွာတွေကို သွားလာသူတွေနဲ့ ဂိတ်ကိုဖြတ်သန်းသူတွေအပေါ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို မေးမြန်းတာမျိုးတွေ ဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါပေမယ့် ဖမ်းဆီးတာမျိုးနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းတာမျိုးတွေတော့ မရှိသေးဘူးလို့ ဒေသခံ တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မှာ စစ်တပ်ရှိတဲ့ ရပ်ကွက် (၅) မန်အိုင် နဲ့ က ရပ်ကွက် (၁၂) နယ်မြေရဲစခန်းတို့ ဇွန်လ ၅ ရက် မနက်က တိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ရပ်ကွက် (၁၂) နယ်မြေရဲစခန်းပစ်ခတ်မှုအတွင်းမှာ လက်နက်ငယ်တွေ နဲ့သာမက ရှော့တိုက်ဒုံး ပါ ပါတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
အလားတူ စစ်တပ်ရှိတဲ့ ရပ်ကွက် (၅) မန်အိုင် ဘက်မှာလည်း အပြန်အလှန် ပစ်ခတ်သံတွေကြားရတဲ့အကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
အသေအပျောက်အခြေအနေ နဲ့ ဘယ်အဖွဲ့က လာပစ်သွားတယ် ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီ နဲ့ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ရဲ့ မိုင်းလားဆွေးနွေးပွဲအပြီး ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတာဖြစ်ပါတယ်။
ကိုးကန့်တပ်(MNDAA) ရဲ့ စစ်စခန်းတချို့ ဇွန်လ ၄ ရက်မှာ တိုက်ခိုက်ခံခဲ့ရပြီး တိုက်ပွဲတွေဟာ သိန္နီ မြို့နယ်ထဲမှာဖြစ်ခဲ့ရာကနေ လောက်ကိုင်မြို့နယ် အနားထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၅ ရက် မနက်ပိုင်းမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ လားရှိုးမြို့ပေါ်ရပ်ကွက်တွေအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ထဲက ကိုးကန့်တပ်နဲ့ တအာင်းတပ်ဖွဲ့(TNLA) တို့ဟာ လားရှိုးမြို့နယ် နဲ့ သိန္နီမြို့နယ် အနီတဝိုက်မှာ လှုပ်ရှားနေပြီး ဒီမနက်လားရှိုးတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့တိုက်ခိုက်မှုလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, The Kokang
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ ပြင်းတောင်ရွာအနီးက မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)- ကိုးကန့် တပ်ဖွဲ့ရဲ့ စခန်းကို ဇွန်လ ၄ ရက်နေ့၊ မနေ့က ည ၈နာရီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်လာတယ်လို့ တိုက်ပွဲတွေကိုသိရှိထားသူ ကိုးကန့်ဒေသခံက ဘီဘီစီကိုပြောပါတယ်။
ဇွန်လ ၂ရက်နေ့ကတည်းက ကိုးကန့်တပ်ဖွဲ့ရဲ့ စခန်းတွေရှိရာ ကိုးကန့်ဒေသတွေအတွင်း တိုက်ပွဲတွေဖြစ်ပွား တာကို သိရှိရပေမယ့် ဘာကြောင့် ဖြစ်ပွားနေတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ကိုးကန့်အဖွဲ့ဘက်က နယ်မြေကျော်လွန်လာမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားတာလို့ ပြောဆိုမှုတွေရှိနေတဲ့ အပေါ် ကိုးကန့်တပ်ဖွဲ့နဲ့ နီးစပ်သူတွေ ပြောပြတာက “ဒီကိစ္စနဲ့ ပတ်သက်လို့ အချက်အလက်တွေကို ထုတ်ဖော်ဖို့ အဆင်မပြေပါဘူး။ ဗမာစစ်တပ်က အရင်တိုက်ခိုက်တာလို့ ပြောလို့ရတာပါ” လို့ ဘီဘီစီကို ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကတော့ သိန္နီခရိုင်၊ ကွတ်ခိုင်ခရိုင် စတဲ့နေရာတွေကို လွန်ခဲ့တဲ့ ၃ နှစ်ထဲကစလို့ ကိုးကန့်နယ်မြေတွေအဖြစ် ပြန်လည်ထူထောင်နေတာဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။
ဇွန်လ ၂ ရက်နေ့ကလည်း သိန္နီ မြို့နယ်အတွင်းက ဒေသအခေါ် အထူးဒေသ(၁) မူပန်ခရိုင် အဲဒီ ပြင်းတောင်ရွာ အနီးမှာဘဲ ၁ နာရီကြာတိုက်ပွဲတွေ ဖြစ်ခဲ့သေးတယ်လို့ တိုက်ပွဲဖြစ်စဥ်တွေကို သိရှိထားတဲ့ ကိုးကန့်ဒေသခံက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ သူနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွေမှာ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ လေဖိအားနည်းရပ်ဝန်းလျော့နည်းသွားတာဖြစ်လို့ မုန်တိုင်းဖြစ်နိုင်ခြေ နည်းသွားတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မနေ့ဇွန် ၄ရက်က ထုတ်ပြန် ထားပါတယ်။
မိုးလေဝသသတင်းတွေကို ခန့်မှန်းကာ တင်ပြနေတဲ့ Su Su San လှုမှုကွန်ယက် စာမျက်နာ ကတော့ “မုန်တိုင်းဖြစ်နိုင်ချေမရှိပါဘူး။ လုံးဝမဖြစ် နိုင်ပါဘူး” လို့ ဘီဘီစီကို ဖြေကြားပါတယ်။
လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေနည်းပါးသွားပေမယ့်၊ မြန်မာနိုင်ငံအတွက် မုတ်သုံလေ အားကောင်းတဲ့ အခြေအနေကို ရှိလာတယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကခန့်မှန်းထုတ်ပြန်ပါတယ်။
မုတ်သုံမိုး ကြောင့် ဇွန် ၈ ရက်ကနေ ၁၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်တို့မှာ မိုးကြီးတာ၊ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်နိုင် တယ်လို့ သတိပေးထုတ်ပြန်ပါတယ်။
မြန်မာပင်လယ်ပြင်မှာလည်း မိုးကြီးလေပြင်းတိုက်ခိုက်တာ၊ လှိုင်းကြီးတာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။ အဲဒီအတွက် ဒေသခံတွေအနေနဲ့ ပင်လယ်ပြင်ငါးဖမ်းခြင်းအပါအဝင် မိုးကြီး၊ လေပြင်းတဲ့အခြေအနေတွေကို သတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။








