ဖေဖော်ဝါရီ ၉ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မဲပလီစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးကို PDF တွေ ထပ်ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
မွန်ပြည်နယ်၊ ဘီးလင်းမြို့ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးကို ထပ်ဖမ်းမိထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စခန်းသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ဗိုလ်ကြီးအဆင့်ရာထူးရှိတဲ့သူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးဖမ်းဆီးရမိထားတာကြောင့် စုစုပေါင်း ၅၃ ဦး ဖမ်းမိထားတယ်လို့ တောင်ပိုင်းစစ်ဒေသမှူးက ဘီဘီစီကိုပြောပါတယ်။

အခုဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘယ်နေရာတွေမှာ ဖမ်းမိခဲ့တယ်ဆိုတာကိုတော့ သူက လုံခြုံရေးအကြောင်းပြချက်ကြောင့် မပြောပြထားပါဘူး။
ထပ်ဖမ်းမိတဲ့အထဲ "မဲပလီစခန်း ဗျူဟာမှူးနဲ့ တပ်ရင်းမှူးအဆင့်ရှိသူတွေ မပါသေးဘူး"လို့ သူကဆိုပါတယ်။
တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့သူတွေထဲ ဒုတိယဗိုလ်မှူးကြီးအဆင့် ၂ ဦးပါဝင်ပြီး တစ်ဦးကတော့ အမှတ် ၄၀၅ ခြေမြန်တပ်ရင်းမှူးဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မဲပလီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ ပေါင်းတိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
တစ်လကြာခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ဝန်းကျင်ကျဆုံးပြီး တော်လှန်ရေးတပ်ဘက်က ၁ ဦးကျဆုံးတယ်လို့ အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲကနေ ထုတ်ပြန်ထားပါတယ်။
NCA အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲကို ဗိုလ်ချုပ်ကြီးယွက်ဆစ်တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, Tai Freedom
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် တက်ရောက်ခဲ့တဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
ကျောက်တိုင်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၆ ရက်က နားဆာလေးကျေးရွာမှာကျင်းပခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်မှာကျရောက်တဲ့ ၇၈ ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကိုလည်း ဗိုလ်ချုပ်ကြီးယွက်ဆစ် ထပ်ပြီးတက်ရောက်ခဲ့ပါတယ်။
NCA ကျောက်တိုင်ရှေ့မှာ NCA လက်မှတ်ရေးထိုးခဲ့တုန်းက အသိသက်သေအဖြစ်ပါဝင်ခဲ့ကြတဲ့ ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU)၊ တရုတ်၊ ထိုင်း၊ ဂျပန်နဲ့ အိန္ဒိယအလံတွေ လွှင့်ထူထားတာတွေ့ရပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါတဲ့ 7 EAO Alliance ကို ၂၀၂၄ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး အဲဒီအဖွဲ့ထဲမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ခေါင်းဆောင်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
စစ်တွေမှာ အေအေနဲ့ စစ်တပ် တို့ လက်နက်ကြီးနဲ့ ပစ်ခတ်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ အပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(အေအေ) ကြား လက်နက်ကြီးနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်အထိ အပြန်အလှန်ပစ်ခတ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။
"စစ်တွေမြို့ကနေ ၁၀ မိုင်လောက်ဝေးတဲ့နေရာတွေမှာ ပစ်ခတ်မှုတွေဖြစ်နေတာ" လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။
အေအေက စစ်တွေမြို့မြောက်ဘက်က စစ်တပ်စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်နေတာလို့ သူက ရှင်းပြပါတယ်။
ဖေဖော်ဝါရီ ၇ ရက်လောက်ကစပြီး ပစ်ခတ်မှုတွေက ပိုစိပ်လာတယ်လို့ သူကဆိုပါတယ်။
လက်ရှိ စစ်တွေမြို့မှာ စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး ဒေသခံတွေကိုလည်း မြို့ပြင်ထွက်ခွင့် ပိတ်ထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့တော် စစ်တွေဟာ ကုန်းလမ်းအပြင် ပင်လယ်ရေကြောင်းထွက်ပေါက်ရှိတဲ့ မြို့ဖြစ်တာကြောင့် စစ်ကောင်စီတပ်ရဲ့ ရေတပ်တွေက အခိုင်အမာအင်အားချပြီး ထိန်းချုပ်ထားနိုင်လို့ ထိုးစစ်ဆင်ဖို့ မလွယ်ကူတဲ့အကြောင်း စစ်ရေးကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
စစ်ကောင်စီနဲ့ အေအေ နှစ်ဖက်စလုံးကတော့ စစ်တွေမြို့က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
သီပေါမြို့အဝင် မုခ်ဦးက ရှမ်းစာနဲ့ ရှမ်းအလံကို TNLA ဖယ်ရှားမှုကို သျှမ်းကျောင်းသားသမဂ္ဂ ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီးမြေ
ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့အဝင် မုခ်ဦး ဆိုင်းဘုတ်ပေါ်က ရှမ်းအလံနဲ့ ရှမ်းစာကို တအာင်းတပ်(TNLA) က ဒေသခံ လူထုဆန္ဒမပါဘဲ ဖြုတ်ချခဲ့တာကြောင့် လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့(TSU) ကနေ ထုတ်ပြန်လာပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့မှာ TNLA ဘက်က ပြုပြင်ပြောင်းလဲပစ်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြို့အဝင် မုခ်ဝဆိုင်းဘုတ်မှာ "တအာင်းနဲ့ ရှမ်းစာ တစ်ဖက်တစ်ချက် ရေးရင် တော်သေးတယ်။ အခုက ရှမ်းစာကို ဖြုတ်လိုက်တော့ ရှမ်းလူမျိုးဒေသခံတွေက မကျေနပ်ဘူး" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
TNLA ဘက်ကတော့ မုခ်ဦးပြုပြင်လိုက်တာကို ပြန်လည်ပြင်ဆင်ပေးမယ်လို့ ပြောတဲ့အကြောင်း TNLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီးမြေ
သီပေါမြို့ကို ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (မဆလ)မတိုင်မီအထိ ရှမ်းစော်ဘွားတွေက ခေတ်အဆက်ဆက်အုပ်ချုပ်လာခဲ့ကြတာလို့လည်း ကျောင်းသားသမဂ္ဂက သူတို့ ထုတ်ပြန်ချက်ထဲ ထည့်ပြောပါတယ်။
၂၀၂၁ စစ်အာဏာမသိမ်းခင်အထိ သီပေါမြို့မှာ ရှမ်းလူမျိုး လူဦးရေဟာ မြို့ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ရှိပြီး ပလောင်လူမျိုးကတော့ ၇ ရာခိုင်နှုန်းရှိတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ၂၀၂၄ နိုဝင်ဘာကစပြီး TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နဲ့ ကျောက်မဲမြို့တို့မှာ တအာင်းတပ်အတွက် စစ်မှုထမ်းဖို့ စစ်သားစုဆောင်းနေသလို ၂၀၂၅ ဇန်နဝါရီ ၅ ရက်ကလည်း သီပေါမြို့၊ စံဖိတ်ကျေးရွာမှာလည်း ဒေသခံတချို့ကို TNLA ဘက်က ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ TSU က ပြောထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူထံ ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမယ့် ပြန်လည်ဖြေကြားခြင်းတော့ မရှိသေးပါဘူး။
မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ် ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Khaosod English
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတယ်ဆိုပြီး ကော့သောင်းဘက်က မြန်မာငါးဖမ်းလှေ တစ်စီးကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအမှတ် ၃ တော်ဝင်ရေတပ်က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတုန်းက ရနောင်းခရိုင်၊ ခန်းခေါင်ကျွန်းအနီးမှာ ရပ်ထားတဲ့ ငါးဖမ်းလှေ ၂ စီးဟာ တရားမဝင် ငါးဖမ်းနေတယ်လို့ ယူဆရတာကြောင့် ထိုင်းတော်ဝင်ရေတပ်က သင်္ဘော ၂ စီးနဲ့ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီ ငါးဖမ်းလှေ ၂ စီးထဲက ၁ စီးပေါ်မှာ မြန်မာလှေ ဦးစီးနဲ့အတူ မြန်မာ ၉ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံသားမှတ်ပုံတင်တွေပဲ ကိုင်ဆောင်ထားသလို ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် စာရွက်စာတမ်း မရှိဘူးလို့ သိရပါတယ်။
နောက်ထပ်လှေတစ်စီးကတော့ ထိုင်း ငါးဖမ်းလှေဖြစ်ပြီး လှေပေါ်မှာ ထိုင်းလှေဦးစီးတစ်ဦးအပါအဝင် မြန်မာငါးဖမ်းလှေလုပ်သား ၄ ဦးကို တွေ့ရှိခဲ့တယ်လို့ ထိုင်းဘက်က ပြောပါတယ်။
အဲဒီနောက် မြန်မာလှေ ဦးစီးနဲ့ ငါးဖမ်းလှေလုပ်သား စုစုပေါင်း ၁၃ ဦးကို ပါနန်းရဲစခန်းကို ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှု၊ ငါးဖမ်းမှတ်ပုံတင်၊ လောင်စာဆီမှောင်ခိုမှု အပါအဝင် အမှု ၅ မှုနဲ့ ကနဦး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကတော့ မြန်မာရေပိုင်နက်ထဲကျူးကျော်လာတဲ့ ထိုင်းငါးဖမ်းစက်လှေ ၂ စီးကို မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီထဲက ထိုင်းနိုင်ငံသား ၄ ဦး အပါအဝင် မြန်မာငါးဖမ်းရေလုပ်သား ၂၇ ဦး ဖမ်းဆီးခံခခဲ့ရပြီး ထိုင်းနိုင်ငံသား ၄ ဦးကိုတော့ ပြစ်ဒဏ်အလိုက် ထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်ခဲ့တာတွေရှိပါတယ်။








