အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတောင်နဲ့မြောက်မှာ အရပ်သား အများအပြား သေဆုံး - ဒီဇင်ဘာ ၁၉ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ကုလလုံခြုံရေးကောင်စီမှာ ဂါဇာအပစ်ရပ်ရေး မဲပေးဖို့ ပြင်ဆင်နေစဉ် ဂါဇာတောင်ပိုင်းနဲ့မြောက်ပိုင်းကို အစ္စရေးတို့ရဲ့ အခုနောက်ဆုံး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မြောက်ပိုင်းက ဂျဘလီယာ ဒုက္ခသည်စခန်းအပေါ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ၁၃ ယောက်သေပြီး ၇၅ ယောက် ဒဏ်ရာရတယ်လို့ ဂါဇာ ကျန်းမာရေး ဌာနက ပြောသလို တောင်ပိုင်းက ရာဖာမှာလည်း အနည်းဆုံး လူအယောက် ၂၀ သေဆုံးတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ ဟားမတ်စ်တို့က အစ္စရေးဘက်ဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် တယ်လ်ဗီးဗ်မြို့တဝိုက်မှာ အချက်ပေး ဥသြသံတွေ ညံနေပါတယ်။

လူမှုကယ်ဆယ်ရေး အဖွဲ့တွေကတော့ လုံခြုံရေးကောင်စီ မဲမခွဲခင် ဂါဇာမှာ အရပ်သားတွေ အုံလိုက်ကျင်းလိုက် အထူးသဖြင့် ကလေးငယ်တွေ ဆက်လက် သေဆုံးနေရတဲ့အပေါ် ဒေါသထွက်နေကြပါတယ်။

အိန္ဒိယတောင်ပိုင်းမှာ ရေကြီးပြီး လူအများအပြားပိတ်မိ

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး လူအများအပြား ပိတ်မိနေပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် အမ်ကေဆလင်းန် ဟာ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီနဲ့ တွေ့ဆုံဖို့ ရှိပြီး ကူညီထောက်ပံ့ရေးတွေ ပိုတိုးပေးဖို့ တောင်းခံနေပါတယ်။

ရှရီဗိုင်ခွန်တမ် မှာ နှစ်ရက်ကြာ ပိတ်မိနေလို့ ရပ်ထားရတဲ့ ရထားပေါ်က ရာနဲ့ချီသူတွေကို ကယ်ဆယ်ရေး အဖွဲ့တွေက ကယ်ထုတ်ဖို့ ကြိုးစားနေပါတယ်။

ရထားလမ်း ရေနဲ့မျောသွားတာကို အင်ဂျင်နီယာတွေက သိရှိခဲ့ပြီးနောက် ရေကြီးမှုဒဏ်ကနေ သီသီလေး လွတ်မြောက်ခဲ့တာပါ။

အိန္ဒိယက ရာသီဥတုဒဏ် အဆိုးဆုံးခံရတဲ့ ပြည်နယ် တော်တော်များများမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်လျက် ရှိပြီး ထောင်သောင်းချီသူတွေကို ကယ်ထုတ်ကာ ကယ်ဆယ်ရေး စခန်းတွေမှာ နေရာချထားလျက် ရှိပါတယ်။

အိုက်စလန်မှာ မီးတောင်ပေါက်ကွဲမှု ပြင်းထန်

အိုက်စလန်နိုင်ငံ အနောက်တောင်ပိုင်းက မီးတောင်တခုဟာ တညလုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် ချော်ရည်တွေ ကီလိုမီတာ အတော်အကွာအထိ ဆက်လက် ပန်းထွက်နေပါတယ်။

ပညာရှင်တွေကတော့ မြေပြင်နဲ့ လေထုထဲက ပေါက်ကွဲမှုတွေကို လေ့လာနေပါတယ်။

မီးတောင်ဝက ချော်ရည်ကန်ကြီးကတော့ လက်ရှိမှာ အနားက ရေကရာဗစ် ကျွန်းပေါ်က ဂရင်ဒါဗစ်ခ် ငါးဖမ်းမြို့တဝိုက်ကို ခြိမ်းခြောက်နိုင်မယ့် အနေအထား မရှိသေးပါဘူး။

ဒီမီးတောင်ရဲ့ လှုပ်ရှားမှုတွေအရ အချိန်မရွေး ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် လတ်တလောမှာ ဒေသခံတွေကိုတော့ ရွှေ့ပြောင်းကယ်ထုတ်ထားပါတယ်။

အိုက်စလန် ဝန်ကြီးချုပ် ကာထရင် ရာခိုစဒိုတာ ကတော့ မီးတောင်ပေါက်ကွဲမှု ပြင်းအားကြီးတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ရထားမီးလောင်မှု လူ ၄ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လူပြည့်ကြပ်နေတဲ့ ရထားမီးရှို့ခံရလို့ အနည်းဆုံး လူ ၄ ယောက် သေဆုံးသွားပါတယ်။

အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံဆန္ဒပြသူတွေရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတဲ့ လုပ်ရပ်လို့ ရဲက ပြစ်တင် ပြောကြားထားပါတယ်။

နိုင်ငံမြောက်ပိုင်းကနေ ဒက္ကားမြို့ကို ရောက်လာတဲ့ အမြန်ရထားပေါ် မီးလောင်မှုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး တယောက်နဲ့ သူ့သားတို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက အတိုက်အခံ ဆန္ဒပြပွဲ အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာ တိုက်ခိုက်မှုတွေ တိုးလာတာ ဖြစ်ပါတယ်။

လာမယ့် ဇန္နဝါရီ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ ကတော့ အစိုးရဟာ သူတို့အပေါ် အများအထင်မှားအောင် အကွက်ဆင် ပုံချတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်ခြားမျဉ်းနားမှာ မြောက်ကိုရီးယားဘက်က လက်နက်စကိုင်လို့ တောင်ကိုရီးယားမှာလည်း လက်နက်ကိုင်တော့မယ်လို့ ကုလပြော

တောင်မြောက်ကိုရီးယား နှစ်နိုင်ငံကြားနေရာက ကုလအုပ်ချုပ်ရေးအဖွဲ့ဟာ တောင်ကိုရီးယား စစ်သားတွေကို ငါးနှစ်အတွင်း ပထမဆုံးအကြိမ် လက်နက်ကိုင်ခွင့်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက မြောက်ကိုရီးယား နယ်စပ်မှာ သူတို့ စစ်သားတွေ စတင် လက်နက်ကိုင်ဆောင်ခဲ့ပြီးနောက်မှာ အခုလို အပြောင်းအလဲတွေ ဖြစ်လာတာလို့ ကုလအုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

ဒါဟာ ၂၀၁၈ တုန်းက ငြိမ်းချမ်းရေး သဘောတူညီချက်ကို တစိတ်တပိုင်း ချိုးဖောက်မှု ဖြစ်ပြီး ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှု ပိုတိုးလာတဲ့ အခြေအနေပါ။

တချိန်တည်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းကလဲ မြောက်ကိုရီးယားက သူလျှိုဂြိုဟ်တု တလုံးကို လွှတ်တင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ တောင်ကိုရီးယား ဘက်ကလည်း နှစ်နိုင်ငံကြား စစ်မဲ့ဇုန် နယ်စပ်တလျှောက်မှာ ကင်းထောက် ဒရုန်းတွေ စတင်ချထားခဲ့ပါတယ်။

ဒါ့အပြင် မနေ့ တနင်္လာနေ့တုန်းကလည်း မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးတစင်း စမ်းသပ် ပစ်လွှတ်ခဲ့ပြီး ဒီဒုံးကျည်ဟာ အမေရိကန်ရဲ့ ဘယ်နေရာကိုဘဲ ဖြစ်ဖြစ် ပစ်ခတ်နိုင်သလို အခုနှစ်အတွင်း ငါးကြိမ်မြောက် တာဝေးပစ် ဒုံးကျည် စမ်းသပ်မှု ဖြစ်ပါတယ်။