ပါကစ္စတန်ဘက် ဒုံးကျည်မှားပစ်လို့ အိန္ဒိယလေတပ်အရာရှိတွေ ထုတ်ခံရ

ရေးသားခဲ့သည်။

မတ်လတုန်းက ပါကစ္စတန်ဘက်ကို ဒုံးကျည်တစ်စင်းမှားယွင်းပစ်ခတ်ခဲ့မှုနဲ့ အိန္ဒိယအစိုးရက လေတပ်အရာရှိ သုံးယောက်ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

နျူလက်နက်တွေပိုင်ဆိုင်ထားတဲ့ ဒီနှစ်နိုင်ငံကြား မကြာခဏတင်းမာမှုတွေရှိတတ်ပြီး အခု ဒုံးကျည်နဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမှုကြောင့်လည်း တင်းမာမှုအရှိန်တိုးသွားခဲ့ပါတယ်။ အိန္ဒိယကတော့ ဒီအဖြစ်အပျက်ဟာ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးတွေလုပ်နေတုန်းမှာ “စက်ပိုင်းချွတ်ယွင်းမှုကြောင့်” ဖြစ်သွားရတဲ့ “စိတ်မကောင်းစရာလွဲချော်မှုပါ” လို့ ပြောခဲ့ပါတယ်။

 ပါကစ္စတန်ကတော့ အိန္ဒိယကို အခုလို “ပေါ့ဆမှုတွေကနေ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်ဆိုးတွေကို သတိပြုဖို့” နဲ့ နောင်ဒါမျိုးထပ်မဖြစ်စေဖို့ သတိပေးခဲ့ပါတယ်။

 မတ်လ ၉ ရက်နေ့က ဖြစ်စဉ်မှာ တာဝန်ရှိခဲ့သူ အရာရှိတွေကို ရာထူးကထုတ်ပယ်ခဲ့တယ်လို့ အိန္ဒိယလေတပ်က အင်္ဂါနေ့က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။

တပ်တွင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့အခါ ဒီအရာရှိတွေဟာ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို ဆောင်ရွက်ဖို့ပျက်ကွက်ခဲ့လို့ မရည်ရွယ်ဘဲ BrahMos ဒုံးကျည်ကို ပစ်လွှတ်ခဲ့မိသွားတာ တွေ့ရတယ်လို့လည်း ဖော်ပြပါတယ်။

BrahMos ဒုံးကျည်ဟာ နျူလက်နက်ထိပ်ဖူးသယ်ဆောင်နိုင်တဲ့ ခရုဇ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး အိန္ဒိယနဲ့ ရုရှား ပူးတွဲထုတ်လုပ်ထားတာပါ။

အဲဒီဒုံးကျည်ဟာ အသံထက်သုံးဆမြန်တဲ့ အရှိန်နဲ့ ပေလေးသောင်း အမြင့်ကနေ ပျံသန်းလာပြီး ပါကစ္စတန်လေပိုင်နက်ထဲ ၇၇ မိုင်ဝင်ရောက်လာပြီးမှ ထိုးကျသွားတယ်လို့ ပါကစ္စတန်လေတပ်က ပြောပါတယ်။

အဲဒီဒုံးကျည်ဟာ ပါကစ္စတန်နဲ့ အိန္ဒိယလေပိုင်နက်ထဲပျံသန်းနေတဲ့ “နိုင်ငံတကာလေကြောင်းက လေယာဉ်တွေပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေကိုရော မြေပြင်ပေါ်က လူတွေရဲ့အသက်နဲ့ အိုးအိမ်တွေကိုရော အန္တရာယ်ကြီးကြီး ခြိမ်းခြောက်ခဲ့တယ်” လို့ ပါကစ္စတန်စစ်ဘက်ကဆိုပါတယ်။

ဒုံးကျည်ပစ်လွှတ်မှုဖြစ်ပွားခဲ့အပြီးမှာ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျနသ်ဆင်းက အိန္ဒိယဟာ သူ့လက်နက်စနစ်တွေရဲ့ လုံခြုံစိတ်ချဘေးကင်းရေးကို အထူးအလေးပေးပြီး၊ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတာနဲ့ ဒီလက်နက်စနစ်မှာ ချွတ်ယွင်းချက်တွေရှိရင် ပြင်ဆင်သွားမယ်လို့ ပြောခဲ့ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နယ်စပ်ချင်းထိစပ်နေပြီး သူတို့တစ်ခြမ်းစီ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသကို သူပိုင် ငါပိုင်အငြင်းပွားနေကြပါတယ်။ နယ်စပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေအကြား ထိတွေ့မှုတွေလည်း မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်။

နယ်မြေလုကြရင်း စစ်ပွဲတွေလည်းဖြစ်ခဲ့ဖူးပါတယ်။ ကက်ရှ်မီးယားက ခွဲထွက်ရေးသူပုန်တွေကို ပါကစ္စတန်က ထောက်ပံ့ပေးနေတယ်လို့ အိန္ဒိယဘက်က စွပ်စွဲလေ့ရှိပြီး ပါကစ္စတန်ကလည်း ဒါကို ငြင်းဆန်ထားပါတယ်။