ရခိုင်ဒုက္ခသည် စခန်းတာဝန်ခံအချို့ စစ်ကောင်စီလိုက်ရှာလို့ ထွက်ပြေးနေ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်စခန်းတွေကို ဖျက်သိမ်းဖို့နဲ့ နေရပ်ပြန်ကြဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက အမိန့်ထုတ်ပြန်ထားပြီး နောက်ပိုင်းမှာ စခန်းတာဝန်ခံတွေကို လိုက်ရှာတာတွေ ဖမ်းဆီးဖို့ကြိုးစားနေတယ်လို့ စခန်းတာဝန်ခံအချို့က ဘီဘီစီကို ပြောပါတယ်။
အခုလို စစ်ကောင်စီရဲ့ လိုက်လံဖမ်းဆီးမှုတွေကြောင့် စခန်းတာဝန်ခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် တချို့စခန်းတွေမှာ ဒုက္ခသည်တွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ အခုလို အခြေနေမျိုးတွေနဲ့ ကြုံနေကြရသလို စစ်ကောင်စီအင်အားအလုံးအရင်းနဲ့ ဒုက္ခသည်စခန်းတွေကို ဝင်ရောက်ရှာဖွေမှုတွေ အကြိမ်ကြိမ်ပြုလုပ်နေတာလို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် သိန်းချီခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဖျက်သိမ်းကြဖို့နဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စခန်းတာဝန်ခံတွေကို အဓိကရှာဖွေမှုတွေ ပြုလုပ်နေတဲ့စခန်းတွေကတော့ မြောက်ဦးမြို့ပေါ်က မြတန်ဆောင်း ဒုက္ခသည်စခန်းနဲ့ တိမ်ညိုကျေးရွာက ဒုက္ခသည်စခန်းတွေဖြစ်ပါတယ်။
အဲဒီစခန်းတွေက တာဝန်ရှိသူတွေဟာ သူတို့ကိုဘာကြောင့် အခုလိုလိုက်ရှာနေတယ်ဆိုတာ မသိကြပေမယ့် ဖမ်းဆီးခံကြရမှာကို စိုးရိမ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အတွေ့မခံရဲဘဲ ထွက်ပြေးနေကြရတယ်လို့ စစ်ရှောင်စခန်းတစ်ခုရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ စခန်းကိုလာပြီးတော့ အိမ်ထောင်စုနဲ့ လူဦးရေစာရင်းတောင်းတယ်။ ပြီးရင် ကျွန်တော်တို့နဲ့ တွေ့ရအောင်ဆိုပြီး အကြောင်းကြားတယ်။ ကျွန်တော်ကလည်း အစည်းအဝေးတစ်ခုရောက်နေတော့ မတွေ့ဖြစ်လိုက်ဘူး။ အဲ့ဒါကြောင့် အဲ့ဒီနေ့ပြန်သွားပြီး နောက်တစ်နေ့ပြန်လာတယ်။ စခန်းမှာလည်း ခင်ဗျားတို့ဘယ်လောက်ပြေးနိုင်မလဲ ပြေးထား ဆိုပြီး ပြောသွားတယ်လို့သိရတယ်။ ဒီလ ၁ ရက်နေ့လောက်ကတည်းက လိုက်ရှာနေတာ လေးကြိမ်ရှိပါပြီ”လို့ စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ပေါ်က မြတန်ဆောင်းစခန်းမှာလည်း အခုလိုဝင်ရောက်ရှာဖွေတာတွေရှိခဲ့တဲ့အတွက် စခန်းတာဝန်ခံ မြတန်ဆောင်ဆရာတော်ဟာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
မြတန်ဆောင်းစခန်းဟာ လူဦးရေ ၁၂၀၀ ဝန်းကျင် ခိုလှုံနေတဲ့စခန်းတစ်ခုဖြစ်ပြီး လတ်တလောမှာ စခန်းတာဝန်ခံမရှိတဲ့ အတွက် ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံနေကြရပြီး အိမ်ထောင်စုအများစုတို့မှာ ထမင်းငတ်တဲ့အထိ ဖြစ်နေကြတယ်လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရခိုင်ပြည်နယ်မှာ အခု နိုဝင်ဘာ ပထမအပတ်အတွင်း စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး သေဆုံးသူ ၇ ဦးနဲ့ ထိခိုက်ဒဏ်ရရှိသူ အနည်းဆုံး ၁၀ ဦးခန့်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသား အမျိုးသမီးနဲ့ သက်ကြီးပိုင်းတွေထိ သေဆုံးခဲ့ကြရတာဖြစ်ပါတယ်။
နိုဝင်ဘာ ၅ ရက် နေ့ကလည်း ဘူးသီးတောင်မြို့နယ်အတွင်းက သရက်ကင်းမနူး မွတ်ဆလင်ကျေးရွာကို စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် စစ်ဗျူဟာတပ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မွတ်ဆလင် ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၄ ရက် မနေ့မ မနက်ပိုင်း ၁၀ နာရီလောက်မှာလည်း ကျောက်တော်မြို့နယ်အတွင်းက ရွှေပြည်ရွာသစ် ကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခံလိုက်ရတဲ့အတွက် အသက် ၈ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးနဲ့ အသက် ၈၆ နှစ်အရွယ် အဘိုးတစ်ဦးသေဆုံးခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ ညသန်းခေါင်းကျော်အချိန် ကျောက်တော်တပ်မကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျောက်တော်မြို့နယ် ပီစိကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး တစ်အိမ်တည်းအတူအိပ်နေကြတဲ့ မိသားစုဝင် သုံးဦးသေဆုံးခဲ့ပါတယ်။
ဒီပတ်ခတ်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
လက်ရှိဖြစ်ပွားနေတဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်အတွင်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေသလို ဒရုန်းတွေနဲ့လည်း လာရောက်ဗုံးချတာတွေရှိနေတာကြောင့် ဒေသခံကျေးရွာသားတွေအတွက် စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့နေထိုင်နေကြရသလို အများစုကတော့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်က ဒုက္ခသည်စခန်းတွေကို အောက်တိုဘာ ၃၁ ရက်နေ့နောက်ဆုံးထားပြီး ဖျက်သိမ်းပေးရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့တဲ့နောက် စစ်ရှောင်အိမ်ထောင်စု ငါးဆယ်ကျော် စစ်ရှောင်နေရာတွေကနေ ဖျက်သိမ်းပြီး နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
ကျန်တဲ့ဒုက္ခသည်တွေမှာတော့ နေရပ်ပြန်ရေး အခက်အခဲကြောင့် စစ်ရှောင်စခန်းတွေမှာပဲ ဆက်နေသူတွေလည်းရှိနေပါတယ်။
ဘူးသီးတောင်က ဒုက္ခသည်တွေကတော့ သူတို့ရဲ့ နေရပ်ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာလာခဲ့ကြတဲ့ ၂၀၁၉ ခုနှစ်ကတည်းက အဲ့ဒီနေရာတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း နေရာဖယ်မပေးလို့ရှိရင် ကျူးကျော် နေထိုင်သူတွေအဖြစ်သတ်မှတ်ပြီး တရားစွဲဆိုသွားမယ်လို့ ပြောဆိုတဲ့အတွက် ဖယ်ပေးလိုက်ရတာဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောဆိုပါတယ်။
အခုလို ဒုက္ခသည်တွေက စခန်းတွေကနေ ဖယ်ခိုင်းပြီး စခန်းတာဝန်ခံတွေကို စစ်ကောင်စီက ဖမ်းဆီးဖို့လိုက်ရှာနေတာတွေနဲ့ပတ်သက်လို့ သိရှိနိုင်ဖို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
တစ်ကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်မှာ စစ်ရှောင် တစ်သိန်းလောက်အထိ မြင့်တက်လာနေပြီး အဲ့ဒီလူတွေဟာ ဒုက္ခသည်စခန်းပေါင်း ၁၀၀ ကျော်လောက်မှာ ခိုလှုံနေကြသလို စခန်းအများစုကတော့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားကြတာဖြစ်ပါတယ်။








