ဆီးရီးယား ငလျင်ကယ်ဆယ်ရေး ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်အပေါ် ဝေဖန်မှုတွေရှိ- ဖေဖော်ဝါရီလ ၁၀ ရက် ညနေခင်း ထိပ်တန်းသတင်းများ

ငလျင်ကနေ အသက်ရှင်လွတ်မြောက်လာသူတွေ နားခိုစရာမဲ့နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ငလျင်ကနေ အသက်ရှင်လွတ်မြောက်လာသူတွေ နားခိုစရာမဲ့နေ
ရေးသားခဲ့သည်။

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တွေ့ကြုံခဲ့ရတဲ့ ငလျင်ဒဏ် တုံ့ပြန် ကယ်ဆယ်ရေးတွေမှာ ကုလသမဂ္ဂအဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ ဆိုးရွားညံ့ဖျင်းတယ်လို့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားရာ ဒေသတွေမှာ လှုပ်ရှားနေတဲ့ ဦးထုပ်ဖြူ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲက စွပ်စွဲပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့က ကုလသမဂ္ဂရဲ့ ပထမဆုံး ကယ်ဆယ်ရေးအထောက်အပံ့ပါ ကားတန်းကြီး တူရကီနိုင်ငံကနေ နယ်စပ်ကို ဖြတ်ပြီး အဲဒီဒေသကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီကားတန်းကြီးက အရင်ကတည်းက လာဖို့ ကြိုတင် စီစဉ်ထားခဲ့တာ ဖြစ်ပြီး ငလျင် ကယ်ဆယ်ရေးနဲ့ဆိုင်တဲ့ အထောက်အပံ့ပစ္စည်းတွေ ပါမလာဘူးလို့ ဦးထုပ်ဖြူအဖွဲ့က ပြောနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အစိုးရထိန်းချုပ်တဲ့ အလက်ပို ဒေသမှာတော့ ငလျင်ဒဏ်ကြောင့် ဆေးရုံတက် ကုသနေရသူတွေကို ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆာ့ဒ်က ပထမဆုံးအကြိမ် လာရောက် ကြည့်ရှုခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ တနင်္လာနေ့က ငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့ရာ တူရကီနိုင်ငံ တောင်ပိုင်းမှာ အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေဆဲ အသက်ရှင်နိုင်ဖွယ်ရှိသူတွေကို ရှာတွေ့နိုင်ဖို့ အခွင့်အလမ်း တဖြည်းဖြည်း နည်းလာနေပြီလို့ အဲဒီက ကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောပါတယ်။

ကယ်ဆယ်ရေးကြိုးပမ်းမှုတွေ တဖြည်းဖြည်း အဆုံးသတ်ခါနီး နေချိန်မှာပဲ အရင်ရက်တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာကြီး တိတ်ဆိတ်လာနေတယ်လို့ အဲဒီဒေသမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

တချို့နေရာတွေမှာ ညဘက်ပိုင်း အပူချိန်က ရေခဲအမှတ်အောက်ရောက်နေပြီး အနုတ် ၅ ဒီဂရီဆဲလ်စ်ဆီယပ်စ်လောက်အထိ ကျဆင်းနေပါတယ်။

အစောပိုင်းတုန်းကတော့ ဟက်တေပြည်နယ်မှာ အသက် ၁၀ နှစ်အရွယ် ကောင်လေးတစ်ဦးကို သူ့မိခင်နဲ့အတူ ကယ်ဆယ်နိုင်ခဲ့သလို အဲဒီအနားမှာပဲ ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အန်တာကီယာနဲ့ ဒီယာဘာကီယာ ပြည်နယ်တွေမှာလည်း အလားတူ ကယ်ဆယ်နိုင်မှုတွေ ရှိခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက်ဟာ အခုအခါ နှစ်သောင်းကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း အတည်ပြု သိထားရပြီး နောက်ထပ်လည်း ပိုတိုးလာမယ်လို့ မျှော်လင့်ရပါတယ်။

ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရုရှားက ထပ်မံတိုက်ခိုက်

ဗုံးခိုစခန်းမှာ ခိုလှုံနေရတဲ့ ကိယက်ဗ်မြို့သူမြို့သားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗုံးခိုစခန်းမှာ ခိုလှုံနေရတဲ့ ကိယက်ဗ်မြို့သူမြို့သားများ

ယူကရိန်းနိုင်ငံတဝန်းက စွမ်းအင် အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရုရှားက မစ်ဆိုင်းဒုံးတွေ၊ ဒရုန်းတွေနဲ့ ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံ အရှေ့ပိုင်း၊ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရှိတဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံ စက်ရုံနေရာတွေကို ထိမှန်ခဲ့ပါတယ်။ အဲဒီထဲမှာ ခါကိဗ်မြို့လည်း အပါအဝင် ဖြစ်ပြီး အဲဒီမှာ လူ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကိယက်ဗ်မြို့မှာ လျှပ်စစ်ဓာတ်အားပေးကွန်ရက် ထိခိုက်ခဲ့ပါတယ်။

မစ်ဆိုင်းဒုံးတွေက မိုလ်ဒိုဗာ သမ္မတနိုင်ငံ ဝေဟင်ပိုင်နက်ကိုဖြတ်ပြီး ယူကရိန်းနိုင်ငံ အနောက်ပိုင်းကို ကျရောက်ခဲ့တာပါ။ မိုလ်ဒိုဗာအစိုးရက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ဒါဟာ လက်မခံနိုင်စရာ ပိုင်နက်ချိုးဖောက်မှု ဖြစ်တယ်လို့ ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

လျှပ်စစ်ကား ထုတ်ရာမှာ အရေးပါတဲ့ ရှားပါးသတ္တုသိုက်တွေ အိန္ဒိယမှာ ပထမဆုံးအကြိမ် ရှာတွေ့

လစ်သီယမ်သတ္တုကို သြစတြေးလျနဲ့ အာဂျင်တီးနားကနေ အိန္ဒိယ မှာယူတင်သွင်းနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လစ်သီယမ်သတ္တုကို သြစတြေးလျနဲ့ အာဂျင်တီးနားကနေ အိန္ဒိယ မှာယူတင်သွင်းနေရ

လျှပ်စစ်ကားတွေ ထုတ်လုပ်ရာမှာ အရေးပါတဲ့ ရှားပါး သတ္တုတမျိုးဖြစ်တဲ့ လစ်သီယမ်သတ္တုသိုက်ကြီးတွေကို အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ် ရှာဖွေတွေ့ခဲ့တယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။

လစ်သီယမ် သတ္တု တန်ပေါင်း ၆ သန်းနီးပါးလောက်ကို ဂျမ်မူးပြည်နယ်နဲ့ ကက်ရှ်မီးယား ပြည်နယ်တွေမှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ လောလောဆယ်အထိ လစ်သီယမ်သတ္တုကို သြစတြေးလျနဲ့ အာဂျင်တီးနားနိုင်ငံတွေကနေ မှာယူတင်သွင်းနေရတာပါ။

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကြိုးပမ်းမှုတစိတ်တပိုင်းအဖြစ် လျှပ်စစ်ကားတွေ ပိုတိုးထုတ်ဖို့ အိန္ဒိယအစိုးရရဲ့ တွန်းအားကို အခုတွေ့ရှိမှုကြောင့် ပိုအားကောင်းလာစေမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လစ်သီယမ်ဟာ စမာ့တ်ဖုန်းလို ပစ္စည်းမျိုးတွေကို အားသွင်းပေးတဲ့ အားဖြည့်ဘက်ထရီတွေအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲလာနေမှုကို နှေးကွေးစေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ နည်းလမ်းတွေကို ကမ္ဘ့ာနိုင်ငံတွေက ကျင့်သုံးလာနေကြရာမှာ ကမ္ဘာတဝန်း ရှားပါးသတ္တုတွေ လိုအပ်မှု တစ်ဟုန်ထိုး တိုးလာနေပါတယ်။

အမ်စတာဒမ်မြို့က လမ်းတွေမှာ ဆေးခြောက်ရှူရင် အရေးယူမယ်

အမ်စတာမြို့မှာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့် မြို့ခံတွေ စိတ်အနှောင့်အယှက်ဖြစ်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမ်စတာမြို့မှာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စည်းကမ်းမဲ့မှုတွေကြောင့် မြို့ခံတွေ စိတ်အနှောင့်အယှက်ဖြစ်ရ

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ပြည့်တန်ဆာတွေ ကျက်စားရာ ရပ်ကွက်က လမ်းမတွေပေါ်မှာ ဆေးခြောက်ရှူတာကို ဥပဒေမဲ့လုပ်ရပ်အဖြစ် မကြာခင် သတ်မှတ်ပြဋ္ဌာန်းမယ်လို့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေကြောင့် အနှောင့်အယှက်ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကာလတာရှည် မကျေမနပ် ပြောဆိုနေကြတဲ့ မြို့ခံတွေရဲ့ နေထိုင်မှုဘဝ ပိုကောင်းမွန်လာစေရေးကို ရည်ရွယ်လုပ်တာ ဖြစ်ပါတယ်။

အမ်စတာဒမ်မြို့မှာ လူအများ သွားလာတဲ့ နေရာအများစုမှာ အရက်သောက်တာကို ဥပဒေမဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် အရက်ဘားတွေနဲ့ စားသောက်ဆိုင်တွေကို မနက် ၂ နာရီမထိုးခင် ပိတ်ဖို့နဲ့ ခရီးသွားသစ်တွေကို မြို့ဟောင်းရပ်ကွက်ထဲ မနက် ၁ နာရီနောက်ပိုင်း သွားခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း မြို့တော်ကောင်စီအဖွဲ့က ထုတ်ဖော်ကြေညာခဲ့ပါတယ်။