ထိုင်းရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်ကို စွပ်စွဲတိုင်ကြားချက် ဖွဲ့စည်းပုံခုံရုံးလက်ခံ - ဇူလိုင် ၁၂ရက် ညနေခင်းနိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အများစု အနိုင်ရပြီး ဝန်ကြီးချုပ်အဖြစ်တစ်ပြေးနေတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ လင်မ်ဂျာရွန်ရက်ကို ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဖို့ လုပ်နေတယ်လို့ စွပ်စွဲတိုင်ကြားချက်ကို ဖွဲ့စည်းပုံတရားရုံးက လက်ခံလိုက်ပါတယ်။

သူဟာ ထိုင်းဒီမိုကရေစီကို ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ စွပ်စွဲ ခံထားရပါတယ်။

ပြုပြင်ပြောင်းလဲရေးသမားလို့ လူသိများတဲ့ ပီတာဟာ ရှေးရိုးစွဲဝါဒီ အများစုကို ကျော်လွန်ပြီး သူ့ပါတီက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရထားတာပါ။

မနက်ဖြန် ကြာသပတေးနေ့မှာ မစ္စတာ လင်မ်ဂျာရွန်ရက်ကို ဝန်ကြီးချုပ် အဖြစ် တင်မြှောက်မလား ဆိုတာကို မဲပေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

သူဟာ ရွေးကောက်ပွဲ စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲ ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တိုင်ကြားချက်ကို တရားရုံးက လက်ခံထားပါတယ်။

သူကတော့ သူ့အပေါ် စွဲဆိုချက်တွေကို ငြင်းဆိုထားပါတယ်။

တကယ်လို့ သူ့မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ထောင်ကျနိုင်ပြီး နိုင်ငံရေးလုပ်ခွင့် တားမြစ်ခံရမှာ ဖြစ်ပါတယ်။

ရုရှားတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကုလထုတ်ဖော်

ယူကရိန်းမှာ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တာတွေဟာ တုန်လှုပ်ခြောက်ခြားဖွယ်ပဲလို့ ကုလလူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

ဂျီနီဗာမှာ ကျင်းပတဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ ကုလရဲ့ စုံစမ်းစစ်ဆေးမှု နှစ်ခုနဲ့ ပတ်သက်လို့ မစ္စတာ ဗိုလ်ခါ တွတ်ခ်က အခုလို ပြောလိုက်တာပါ။

ရုရှားက ထိန်းသိမ်းထားတဲ့ အရပ်သား ရှစ်ရာကျော်ထဲမှာ ဆရာ ဆရာမတွေ အစိုးရ အရာရှိတွေနဲ့ ဘာသာရေး ဘုန်းကြီးတွေလဲ ပါတယ်လို့ ကုလ အဖွဲ့က တွေ့ရှိထားတာ ဖြစ်ပါတယ်။

ရုရှားတပ်တွေလက်ထဲ အရင် ဖမ်းဆီး ထိန်းသိမ်း ခံရသူတွေထဲက ၉၀ ရာနှုန်းကို မေးမြန်းထားရာမှာ သူတို့နှိပ်စက်ခံရတယ်လို့ ဖြေကြားထားပါတယ်။

ရုရှားထိန်းသိမ်းရေးစင်တာမှာ တရားစီရင်မှု မရှိဘဲ သတ်ဖြတ်ခံရမှု ၈ဝ ကိုလည်း ကုလကဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ရုရှားလက်ထဲ ကျရောက်ခဲ့တဲ့ ခရိုင်းမီးယားမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ထပ်တလဲလဲ လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက်ခံရမှုတွေ၊ အကြောင်းမဲ့ ဖမ်းဆီး ထောင်ချခဲရတာတွေနဲ့ နှိပ်စက်ခံရတာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက တွေ့ရှိထားပါတယ်။

ဘာသာရေးအမုန်းပွားအောင် လှုံ့ဆော်သွေးထိုးမှုတွေကို တားမြစ်အရေးယူနိုင်တဲ့ အဆိုပြုချက်ကို ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု

ဆွီဒင်က ဗလီတခုရှေ့မှာ ကုရ်အာန်ကျမ်းစာအုပ်မီးရှို့ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် ဘာသာရေးအမုန်းပွားမှုနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တရပ်ကို ကုလလူ့အခွင့်အရေးကောင်စီက အတည်ပြုလိုက်ပါတယ်။

မွတ်ဆလင်တွေရဲ့ မြင့်မြတ်တဲ့ကျမ်းစာတွေကို ရည်ရွယ်ချက်ရှိရှိ မလျော်မကန် လုပ်မှုတွေကို အစိုးရတွေက ခွင့်ပြုထားတယ်ဆိုပြီး ပါကစ္စတန် အစိုးရက အဆိုတင်သွင်းခဲ့တာပါ။

အုပ်ချုပ်သူအစိုးရတွေ အနေနဲ့ ဘာသာရေးအမုန်းပွားစေတဲ့ လှုံ့ဆော်သွေးထိုးမှုတွေကို ဥပဒေစည်းမျဉ်းတွေချမှတ် တားမြစ်ဖို့ ပါကစ္စတန်က တိုက်တွန်းထားပါတယ်။

ကုလရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ၊ ဗြိတိန်နဲ့ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ အပါအဝင် အနောက်နိုင်ငံတွေက ဆန့်ကျင်ပြီး ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုပါတယ်။

တာဝေးပစ် ဒုံးကျည်တွေ မြောက်ကိုရီးယား ထပ်မံပစ်လွှတ်

မြောက်ကိုရီးယားက ဂျပန်ပင်လယ်ထဲကို တာဝေးပစ် ဒုံးကျည်တွေနဲ့ ထပ်မံ ပစ်ခတ်ခဲ့တာကြောင့် ဂျပန်နဲ့တောင်ကိုရီးယားတို့က ချက်ချင်း ရှုတ်ချလိုက်ပါတယ်။

အချိန် ၇၄ မိနစ် ကြာမြင့်ပြီး ဒါဟာ မြောက်ကိုရီးယားရဲ့ အကြာဆုံး ပစ်ခတ်မှုလည်း ဖြစ်သလို အကွာအဝေးကလည်း ကီလိုမီတာ တထောင်အထိ ရောက်နိုင်စွမ်း ရှိခဲ့တာပါ။

အမေရိကန် သူလျှိုလေယာဉ်တွေ ထပ်တလဲလဲ ဝဲနေလို့ ဒေါသထွက်မိတယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကတော့ မြောက်ကိုရီးယားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမေရိကန် အစိုးရကတော့ ဒီပြောဆိုချက်ကို ငြင်းပယ်ထားပါတယ်။

တချိန်တည်းမှာ တောင်ကိုရီးယား နဲ့ ဂျပန် ခေါင်းဆောင်တွေဟာ လစ်သူယေးနီးယားမှာ ကျင်းပနေတဲ့ နေတိုး အစည်းအဝေးကို တက်ရောက်နေပြီး ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သူတို့နှစ်နိုင်ငံ ခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံဖို့ ရှိပါတယ်။