ဧပြီ ၂၃ရက် ထိပ်တန်းရောက်သတင်းစုစည်းချက် - မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို အိန္ဒိယမှာကျင်းပဖို့ရှိ

ရေးသားခဲ့သည်။

သရက်ချောင်း၊ ရငဲရွာက ရွာခံဆယ်နဲ့ချီ ဖမ်းဆီးစစ်ဆေးခံရ

ထားဝယ်၊ ဘုရားမဲစစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ

ဒီကနေ့ ဧပြီ ၂၃ရက် မနက် ၇နာရီဝန်းကျင်တုန်းက ထားဝယ် - မြိတ်ကားလမ်းမကြီးဘေးမှာရှိတဲ့ ရငဲရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာခဲ့ပြီးနောက် ရွာခံဆယ်နဲ့ချီကို ဘုန်းကြီးကျောင်းထဲ စုဝေးဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

"အခုညနေပိုင်းတော့ တချို့ပြန်လွှတ်ပြီး၊ တချို့ကို ဖမ်းထားတုန်းလို့ ပြောနေကြပေမဲ့ တိတိကျကျ မသိရသေးဘူး။ သေချာတာက အဲ့ဒီရွာနား အခုတလောဘာတိုက်ပွဲမှ မရှိဘူးဗျ" လို့ သရက်ချောင်းဒေသခံတဦးက ပြောပါတယ်။

တခါ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အပိုင်‌ မောင်မယ်ရှောင်ရွာအနီးက စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဒီကနေ့မနက် ၇နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က လာရောက်ပစ်ခတ်တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"စစ်ဆေးရေးဂိတ်က ခဏခဏအပစ်ခံရလေ့ရှိပါတယ်။ ဒီတခေါက်က အရင်ထက်တော့ ပစ်ခတ်သံပိုကျယ်တယ်။ ကျွန်တော်တို့ ဘယ်သူမှလည်း ထွက်မကြည့်ရဲဘူး"လို့ ရွာခံတဦးက ‌ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မောင်မယ်ရှောင်ရွာထဲဝင်ရောက်ကာ နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးတာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဘုရားမဲစစ်ဆေးရေးဂိတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က တရားဝင်ထုတ်ပြန်တာမရှိသေးသလို တနင်္သာရီတိုင်းက ဒီကနေ့ ဖမ်းဆီးမှု၊ ပစ်ခတ်ခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

ဖားကန့် ၊ မရှီကထောင်ရပ်က KTV တခုအတွင်း ပစ်ခတ်ခံရလို့အနည်းဆုံး၃ဦးသေဆုံး

သေဆုံးသူထဲ စစ်ကောင်စီအရာရှိတစ်ဦးပါဝင်တယ်လို့ဆို

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် မရှီကထောင်ရပ်က ကေတီဗီ - KTV တခုမှာ ဒီကနေ့ ဧပြီလ ၂၃ ရက် ၊ မနက် ၄နာရီကျော်က ပစ်ခတ်မှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၃ဦးသေဆုံးပြီး ၂ဦးက မြစ်ကြီးနားဆေးရုံမှာ ပြင်းထန်ဒဏ်ရာနဲ့ကုသမှုခံနေရတယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့ကပြောပါတယ်။

သေဆုံးသူ ၃ဦးထဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက် က တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၃ က စစ်ကြောင်းမှူး အရာရှိတစ်ဦး နဲ့ အရပ်သားလုပ်ငန်းရှင်တချို့ပါဝင်တယ်လို့သိရပါတယ်။ ဒါ့အပြင် အမျိုးသမီး ၂ဦးလည်း အဆိုပါ သေဆုံးသူတွေနဲ့အတူရှိနေတယ်လို့ ဆိုပါတယ်။

“ KTV မှာ စစ်တပ်ကအရာရှိတစ်ဦးနဲ့ အရပ်သားလုပ်ငန်းရှင်တွေ ရောက်နေချိန် မနက်၄နာရီလောက်မှာ လက်နက်ကိုင်တချို့ကလာပြီး ပစ်ခတ်သွားတာပါ။ စစ်တပ်ကအရာရှိနဲ့နောက်ထပ်လုပ်ငန်းရှင်၂ဦးသေဆုံးသွားတယ်'' လို့ ဖားကန့် ဒေသခံတစ်ယောက်ကပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ KTV မှာ ပစ်သတ်ခံရတဲ့ဖြစ်စဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှော်စီဆာ ကျေးရွာမှာရှိတဲ့ SKY KTV မှာ လည်းအလားတူ ဖြစ်စဉ်မျိုးဖြစ်ခဲ့ဖူးတယ်လို့သိရပါတယ်။

ဒေသတွင်းသတင်းတချို့မှာတော့ သေဆုံးသူ စစ်ကောင်စီအရာရှိနဲ့ လုပ်ငန်းရှင်အချို့ KTV မှာ ကျောက်စိမ်းလုပ်ကွက်တွေမှာ သိမ်းယူခံရတဲ့ ဘက်ဟိုးတွေကိစ္စ ပြန်လည်ရရှိရေးဆွေးနွေးကြချိန် ပစ်ခတ်ခံရတာလို့ဖော်ပြကြပါတယ်။

သေဆုံးသူတွေထဲ စစ်ကောင်စီတပ်က အရာရှိပါဝင်တယ်ဆိုတာနဲ့ ကေတီဗီအတွင်း ဘက်ဟိုးတွေသိမ်းယူခံရတဲ့ကိစ္စ ‌ဆွေးနွေးကြတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးလို့ ဒေသအာဏာပိုင်တွေနဲ့ ဆက်လက်မေးမြန်းဖို့ကြိုးစားနေပါတယ်။

ဝက်လက်၊ အောင်ချမ်းသာရွာမီးရှို့ခံရတယ်လို့ ဒေသခံတွေပြော

ဒီကနေ့ ဧပြီ ၂၃ရက် မနက် ၈နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက အောင်ချမ်းသာရွာအနီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အကြား ထိတွေ့တိုက်ခိုက်တာရှိခဲ့ပြီးနောက် အောင်ချမ်းသာရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

"ထိတွေ့မှုဖြစ်ပြီး‌တော့ ရွာထဲကို ဝင်သွားတယ်၊ စစချင်းက နေရာသုံးနေရာကနေ မီးခိုးတွေခွဲပြီးတက်လာတာ အခုတော့ မီးခိုးလုံးတွေ တော်တော်များတယ်" လို့ ဝက်လက်ရွာခံတဦးက ပြောပါတယ်။

ဒါကြောင့်‌ အောင်ချမ်းသာရွာအပါအဝင် သုံးရွာထက်မနည်းက ဒေသခံတွေ စစ်တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အောင်ချမ်းသာရွာဟာ ပြီးခဲ့တဲ့ မတ်လထဲ ဝက်လက်တကြော စစ်ကောင်စီစစ်ကြောင်းထိုးချိန်အတွင်း ‌ရွာထဲက နေအိမ်ရာနဲ့ချီ မီးရှို့ခံခဲ့ရတယ်လို့ ‌ဒေသခံတွေကပြောကြပါတယ်။ မီးလောင်ခဲ့တဲ့ နေအိမ်တွေနေရာမှာ ပြန်လည်ဆောက်လုပ်ထားတဲ့ အိမ်တချို့လည်း မီးထဲထပ်ပါမှာ စိုးရိမ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို အိန္ဒိယမှာကျင်းပဖို့ရှိ

စစ်တပ်က ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာအပြင် မြန်မာပြည်တွင်း ဖြစ်ပေါ် နေတဲ့ အခြေအနေတွေကို အစိုးရအရာရှိတွေရော၊ အစိုးရမဟုတ်တဲ့တတ်သိပညာရှင်တွေပါ ပါဝင်မယ့် Track 1.5 ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့်တစ်ပတ်မှာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပသွားဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ အလားတူ ပထမဆုံးဆွေးနွေးပွဲဟာ တိုးတက်မှုရှိခဲ့တာကြောင့် အခုလိုဒုတိယအကြိမ်ပေါ်ပေါက်လာတာလို့ ဒီဆွေးနွေးပွဲ အကြောင်းသိရှိတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းဌာန PBS က သတင်း ဖော်ပြပါတယ်။

အခုတစ်ကြိမ်ဆွေးနွေးပွဲမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အကြီးတန်းအရာရှိတွေ၊ တတ်သိပညာရှင်ကိုယ်စားလှယ်တွေအပြင် မြန်မာနဲ့နယ်စပ်ထိစပ်နေတဲ့ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့တရုတ်နိုင်ငံလို အာဆီယံမိတ်ဖက် ဆွေးနွေးဖက်နိုင်ငံတွေ ပါဝင်မယ်လို့ သတင်းကဆိုပါတယ်။

‌နောက် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံ အင်ဒိုနီးရှား၊ မနှစ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့တဲ့ ကမ္ဘောဒီးယားအပြင် ဂျပန်လို အဓိကအလှူရှင်နိုင်ငံတွေက ကိုယ်စားလှယ်တွေကိုလည်း ဒီပွဲ အတွက် ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၃ ရက်ကြာမယ့် ဒီဆွေးနွေးပွဲကို ဒေသတွင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေက ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Track 1 ဟာ အစိုးရအချင်းချင်း နှစ်ဘက် စကားပြောတာ၊ Track 2 ဟာ အစိုးရမဟုတ်တဲ့အဖွဲ့အချင်းချင်းစကားပြောတာဖြစ်လို့ Track 1.5 ဟာ အစိုးရအကြီးတန်းအရာရှိတွေရော၊ အစိုးရမဟုတ်တဲ့ တတ်သိပညာရှင်တွေပါ ပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။

အခုဆွေးနွေးပွဲကို မြန်မာ့အကျပ်အတည်းကြောင့် သက်ရောက်မှုဒဏ်ခံနေရတဲ့ ပါဝင်ပတ်သတ်သူတွေအားလုံးကြားမှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတစ်ခုပွင့်အောင် ထိုင်းနိုင်ငံက စတင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရှေ့တစ်ဆင့်တက်လာအောင် ရည်ရွယ်ပြီး မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဆိုင်ရာ ကိစ္စတွေကို အဓိက ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပဇီကြီးရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ် ၊ လေးတွင်းစင်ရွာသားတချို့ဖမ်းဆီးခံရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရဲ့ အနောက်တည့်တည့်မှာရှိတဲ့ ချောင်းသာရွာနဲ့ ချောင်းရှည်ရွာကြားမှာ မနေ့ညနေပိုင်းက နှစ်ဖက်တိုက်ပွဲရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

"ညနေစောင်းဘက်မှာ တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ဘက်က မစိုးရိမ်ရ တယောက်ဒဏ်ရာရတယ်၊ သူတို့ဘက်ကတော့ အထိအခိုက်သေဆုံးတာရှိနိုင်ပါတယ်။ အခုသူတို့က ပဇီကြီး၊ ချောင်းသာ၊ ချောင်းရှည်၊ လေးတွင်းစင် စတဲ့ ဒီခြောက်ရွာအုပ်စုကြီးကို နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်၊ ရွာ‌အစပ်တွေကအစ ကင်းလှည့်နေတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက် လေးတွင်းစင်ရွာထဲမှာ တိရစ္ဆာန်အစာကျွေးမွေးဖို့ ရွာထဲကျန်ရစ်ခဲ့ကြတဲ့ ‌ရွာခံတချို့ဖမ်းဆီးခံရတယ်လို့ ဘီဘီစီကိုပြောကြပြီး ဖမ်းဆီးခံရသူအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၁၁ရက်က ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းထိုးစစ်ဆင်ပြီးတဲ့နောက် ‌‌လူဦးရေ ရာနဲ့ချီ သေဆုံးခဲ့ရသလို အဲ့ဒီကျေးရွာအုပ်စုက ဒေသခံထောင်နဲ့ချီလည်း နေရပ်စွန့်ခွာစစ်တိမ်းရှောင်နေကြရပြီး နေရာထိုင်ခင်း၊စားသောက်ရေးအတွက်ပါ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ပဇီကြီးရွာကို မြေပြင်ရှင်းလင်းရေးလုပ်ဆောင်မယ်လို့ဆိုကာ ရွာအတွင်းကို မြေပြင်စစ်ကြောင်းထိုးနေခဲ့ပြီး အခုတိုက်ပွဲအကြောင်းနဲ့ပတ်သက်လို့တော့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က အီတလီလက်ဝှေ့မယ်ကို ရောမမှာ အနိုင်ရ

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ သူရဲ့ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်တဲ့ အီတလီနိုင်ငံ၊ ရောမမြို့ က ထိုင်းရိုးရာလက်ဝှေ့(မွေထိုင်း)ယှဥ်ပြိုင်ထိုးသတ်မှုမှာ ပြိုင်ဘက် အီတလီ လက်ဝှေ့မယ် Ester Viola ကို အနိုင်ရရှိသွားတယ်လို့ Thai Fight ကသိရပါတယ်။

၃ ချီယှဥ်ပြိုင်ထိုးသတ်ခဲ့ရပြီး ကနဦးသတင်းတွေအရ အမှတ်နဲ့ အနိုင်ရတယ်လို့ သိရပါတယ်။

အခုပွဲစဥ်ဟာ ဘရော်နီကာ အတွက် ပထမဆုံးလက်အိတ်နဲ့ ယှဥ်ပြိုင်ထိုးသတ်ရတဲ့ပွဲဖြစ်လို့ ပြင်ဆင်မှုတချို့ လုပ်ခဲ့ရတာလည်းရှိခဲ့ပါတယ်။ယှဥ်ပြိုင်ထိုးသတ်မှုကို မနေ့ ဧပြီ ၂၂ရက် အီတလီစံတော်ချိန် ညနေ ၆နာရီမှာပြုလုပ်ခဲ့ပြီး Thai Fight က စီစဥ်တာဖြစ်ပါတယ်။

ဒီကနေ့ ဧပြီ ၂၃ရက် ထိုင်းစံတော်ချိန် ညနေ ၆နာရီခွဲ( မြန်မာစံတော်ချိန် ညနေ ၆နာရီ) မှာတော့ ယှဥ်ပြိုင်ထိုးသတ်မှုပွဲစဥ်ကို Thai Fight ယူကျူ့စာမျက်နှာကနေ ပြန်လည်ပြသမှာဖြစ်ပါတယ်။

ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို မွေထိုင်းပွဲ အများစုမှာ အနိုင်ရယူထားတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ထိုင်းဘုရင့်ဖလား လက်ဝှေ့ပြိုင်ပွဲမှာ ချန်ပီယံဆုရထားသူလည်းဖြစ်ပါတယ်။

သထုံ - ဘားအံကားလမ်းပေါ် မှာ အိမ်စီးကားတစ်စီးပေါက်ကွဲလို့ ယာဥ်မောင်းသေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စု သထုံ - ဘားအံကားလမ်းပေါ် မှာ မနေ့ ဧပြီ ၂၂ရက် က အိမ်စီးကားတစ်စီးပေါက်ကွဲမှုဖြစ်ပြီး ယာဉ်မောင်းသူ အမျိုးသားသေဆုံးခဲ့တယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

လိုင်စင်မဲ့ Nissan Xtrial ကား အမျိုးအစားဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဦးခေါင်းပြတ်ထွက် ခန္ဓာကိုယ်ကြေမွဒဏ်ရာတွေနဲ့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

'' ကားလည်း တစီးလုံးပျက်စီးသွားတယ်။ကားပေါ်မှာ သေနတ်တလက်တွေ့တယ်။ကျည်တွေ့တယ်။ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး'' လို့ မျက်မြင်က ပြောပါတယ်။

စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေရဲ့ အပြောအရ ကားပေါ်ပါလာတဲ့ နောက်ထပ် အမျိုးသား ၁ဦးက ပေါက်ကွဲမှုဖြစ်ချိန်ထွက်ပြေးခဲ့ပေမယ့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်းသတင်းတွေမှာတော့ ဘားအံ-သထုံကားလမ်းပေါ်မှာ ကားဗုံးပေါက်ကွဲလို့ လူသေဆုံးတာဟာ ပထမဆုံးအကြိမ်လို့ ဖော်ပြထားကြပါတယ်။

စစ်ကောင်စီတပ်စခန်း ၄ ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ပြော

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူး(မုန်းမြို့နယ်)မှာရှိတဲ့ စစ်ကောင်စီရဲ့ နောင်ကုန်းနဲ့ ရန်မျိုးအောင်စခန်း၊ လယ်ဒိုမြို့နယ်(ကျောက်ကြီး)ထဲက ညောင်ကုန်းနဲ့ ကျွန်းကုန်းစခန်းတွေကို မနေ့ ဧပြီ ၂၂ရက် မနက် ၄နာရီကျော်မှာ တပြိုင်နက်တိုက်ခိုက်ခဲ့တာလို့ KNU ဘက်က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ စခန်း ‌၄ ခုထဲက မုန်းမြို့နယ်မှာရှိတဲ့ နောင်ကုန်းနဲ့ ရန်မျိုးအောင်စခန်းတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်တာမရှိခဲ့ဘဲ ကျန်တဲ့စခန်း ၂ ခုကိုတော့ ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်တွေသိမ်းဆည်းရမိတယ်လို့ KNU က ပြောပါတယ်။

ဒီလို တိုက်ခိုက်မှုအပြီး မနေ့မနက် ၈နာရီဝန်းကျင်မှာတော့ ကျောက်ကြီးမြို့နယ်ထဲက ညောင်တန်း၊ ညောင်ကုန်းနဲ့ နရွဲပင်ရွာကြားကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးရော ဟယ်လီကော်ပတာ ၂ စီးနဲ့ပါ လေးကြိမ်လာရောက်ဗုံးကြဲခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါ ၁၆ ယောက် သေဆုံး ၁၇ ယောက်ဒဏ်ရာရပြီး ကရင်လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ တပ်ပေါင်းစုဘက်က ၁ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

အခုဖျက်ဆီးခံရတဲ့ စစ်ကောင်စီစခန်းတွေမှာ နယ်မြေခံတပ်တွေဖြစ်တဲ့ ခလရ - ၆၀၊ ခမရ ၃၅၁ အပြင် တပ်မ ၇၇နဲ့ ခမရ ၅၉၈ ပါဝင်တယ်ဆိုတဲ့ အကြောင်းအပါအဝင် ဒီတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ ဧပြီ ၂၃ရက် မနက် ၁၀နာရီဝန်းကျင်အထိ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ဘီဘီစီဘက်ကလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းဖို့ကြိုးစားနေပါတယ်။

တနေ့တည်းမှာ ကိုဗစ်ပိုးတွေ့သူ ၄၆ ယောက်ရှိ ၊ပြည်တွင်းကူးစက်သူဦးရေပိုများနေ

မနေ့ ဧပြီ ၂၂ရက် တနေ့တည်းမှာတင် မြန်မာမှာ ကိုဗစ်ကူးစက်ခံရသူ ၄၆ ယောက် တွေ့ရှိထားပြီး အဲ့ဒီထဲက ၂၇ ယောက် ဟာ ပြည်တွင်းကူးစက်သူတွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ အခုနှစ်အစပိုင်းထဲ အများဆုံးကိုဗစ်ပိုးတွေ့ရှိတာလည်းဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၁၉ရက်က ၃၉အယောက် နဲ့ ဧပြီ ၂၀ရက်မှာ အယောက် ၃၀ အထိ ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။

"သင်္ကြန်မတိုင်ခင်ကလည်း ဖျားနာသူတွေရှိတယ်၊ သင်္ကြန်ပြီးနောက်ပိုင်း နှာစေး၊ချောင်းဆိုး၊ လည်ချောင်းနာ၊ ဝမ်းသွား၊ ဖျားနာတဲ့လက္ခဏာတွေနဲ့ ကိုဗစ်ဖြစ်သူတွေ သိသိသာသာများလာတယ်။ မေးလိုက်ရင် သင်္ကြန်ကာလခရီးသွားထားသူတွေ၊ လူလတ်ပိုင်းတွေများတယ်" လို့ ရန်ကုန်မြို့က အထွေထွေအထူးကုသမားတော်ကြီးတဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အခုဧပြီလအစပိုင်းမှာ ပိုးတွေ့တဲ့သူမရှိတဲ့နေ့တွေရှိခဲ့ပေမဲ့ သင်္ကြန်ကာလနဲ့ သင်္ကြန်ပြီး‌နောက်ပိုင်းမှာတော့ တရက်မှာ ကိုဗစ်ပိုးတွေ့သူ ဆယ်နဲ့ချီဖြစ်လာတာကို တွေ့ရပါတယ်။

တခါ အိမ်နီးချင်းနိုင်ငံတချို့မှာသာမက ကမ္ဘာမှာလည်း အိုမီခရွန်ကိုဗစ်မျိုးကွဲအသစ်တွေ့ရှိနေပြီး ဒီမျိုးကွဲသစ်ဟာ ပိုပြီးကူးစက်နှုန်းမြန်တာကြောင့် ပြည်တွင်းမှာလည်းကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်နိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်မယ့်အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဒီရက်ပိုင်းဖော်ပြလာပါတယ်။ လက်ရှိပြည်တွင်းမှာ XBB.1.16 အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကို မတွေ့ရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောထားပါတယ်။

ပြည်တွင်းအနေအထားကိုကြည့်ရင်လည်း နွေရာသီအပူချိန်မြင့်တက်မှုကြောင့်ရော အထွေထွေကြပ်တည်းမှုကြောင့်ပါ နှာခေါင်းစည်းမက်စ်တပ်တာကအစ ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာသူ သိသိသာသာနည်းနေတာကို ‌ပြည်သူတွေဆီက သိရပါတယ်။