မြောက်ကိုရီးယားဒုံးကျည် ဂျပန်နိုင်ငံပေါ် ကျော်လွှားပစ်ခတ်

တိုင်းပြည် ဂျီဒီပီရဲ့ ၅ ပုံ ၁ ပုံကျော်ကို ကင်ဂျုံအွန်းက စစ်ရေးဘတ်ဂျက်အတွက် အသုံးပြု

ဓာတ်ပုံ ရင်းမြစ်, KCNA VIA REUTERS

ရေးသားခဲ့သည်။

မြောက်ကိုရီးယားဟာ မစ်ဇိုင်းဒုံးလို့သံသယဖြစ်ဖွယ်ရှိတဲ့အရာနဲ့ ဂျပန်နိုင်ငံပေါ်ကျော်လွှားပစ်ခတ် ခဲ့ပါတယ်။ ဒါဟာ ဂျပန်နဲ့အမေရိကန်တို့ရဲ့ အာရုံစူးစိုက်မှုရအောင် တမင်လုပ်ဆောင်တာ ဖြစ်ပုံရပါတယ်။  

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းမစ်ဇိုင်းဒုံးဟာ ကီလိုမီတာ ၄၅၀၀ (မိုင်ပေါင်း ၂၈၀၀) လောက် ပျံသန်းပြီးမှ ပစိဖိတ်သမုဒ္ဒရာထဲကို ပြုတ်ကျသွားပါတယ်။ ဒါဟာအမေရိကန်ပိုင် ဂူအမ်ကျွန်းဘက်ကို ချိန်ရွယ်ပစ်ခတ်မယ်ဆိုရင် အလှမ်းမီတဲ့အကွာအဝေးလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဒါဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးအကြိမ် ဂျပန်နိုင်ငံပေါ် ကျော်လွှား မစ်ဇိုင်းပစ်လွှတ်မှုဖြစ်ပါတယ်။  

ဂျပန်နိုင်ငံဟာ သူ့နိုင်ငံသားတွေကို မကြုံစဖူးထူးခြားစွာ တပ်လှန့်သတိပေးခဲ့ရပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းဒုံးတွေနဲ့ နျူးကလီးယားလက်နက်တွေကို မစမ်းသပ်ဖို့ ကုလသမဂ္ဂက တားမြစ်ထားပါတယ်။ တခြားနိုင်ငံတနိုင်ငံနဲ့ ကြိုတင်သတိပေးခြင်း၊ ညှိနှိုင်းပြောဆိုခြင်း မရှိဘဲ သူ့နိုင်ငံပေါ် ဒုံးကျည်ပျံဝဲပစ်ခတ်တာဟာ နိုင်ငံတကာ စံနှုန်းတွေကို ချိုးဖောက်တာ ဖြစ်ပါတယ်။  

နိုင်ငံအများစုဟာ အဲသလိုလုပ်ရပ်မျိုးကို ရှောင်ရှားလေ့ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အစစ်အမှန်တိုက်ခိုက်မှုလုပ်နေပြီလို့ အထင်အမြင်မှားယွင်းသွားနိုင်တဲ့အတွက်ပါ။ ဒါဟာ နျူးကလီးယား စမ်းသပ်မှုလောက် မကြီးကျယ်ပေမဲ့ နောက်တခါဘာထပ်လုပ်မလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဒါဟာ အကြီးအကျယ်ရန်စလိုက်တာလို့ စဥ်းစားစရာရှိပါတယ်။  

ဟော့ကိုင်းဒိုးကျွန်းနဲ့ အောမိုရီမြို့တွေ အပါအဝင် ဂျပန်မြောက်ပိုင်းဒေသကလူတွေဟာ အချက်ပေး ဥသြဆွဲသံတွေကြောင့် လန့်နိုးခဲ့ကြသလို တယ်လီဖုန်းမှာလည်း မက်ဆေ့ချ်တွေ ရခဲ့ကြပါတယ်။ “မြောက်ကိုရီးယားဟာ မစ်ဇိုင်းဒုံးပစ်လွှတ်လိုက်ပုံရတဲ့အတွက် အဆောက်အအုံထဲဖြစ်စေဝင်ပါ။ မြေအောက်ဖြစ်စေဆင်းနေပါ” လို့ မက်ဆေ့ချ်တွေမှာ ရေးသားထားပါတယ်။  

သူတို့ခေါင်းပေါ်ကနေ မစ်ဇိုင်းကျော်လွှားပျံသန်းသွားပြီးနောက်မှာလည်း ပျက်စီးပြိုကျမှုတွေကို သတိထားပါဆိုတဲ့ သတိပေးချက်တွေ ရခဲ့ပါတယ်။ အသံချဲ့စက်တွေနဲ့ သတိပေးကြေညာနေကြပေမဲ့ လူအများစုဟာ အေးဆေးငြိမ်သက်စွာရှိနေပုံရတယ်လို့ သတင်းရရှိပါတယ်။ တိုကျိုမြို့မှာ ခရီးသွားလာသူတွေဟာ ဟန်မပျက်အေးအေးဆေးဆေး လမ်းလျှောက်နေကြတာကို ဗီဒီယိုတခုမှာ တွေ့ရပါတယ်။  

ဒါပေမဲ့ တချို့လူတွေကတော့ တုန်လှုပ်နေကြပါတယ်။ “မစ်ဇိုင်းနဲ့ပစ်ပြီးဆိုရင်တော့ ဒီနေရာသာမက တနိုင်ငံလုံးတော့ ပြဿနာကြီးတက်ပြီလို့ စိတ်ပူလိုက်မိပါတယ်” လို့ အောမိုရီမြို့သား တယောက်ဖြစ်တဲ့ ကာဇူကို အက်ဘီနာက အဆာဟိရှင်ဘွန်း သတင်းစာကို ဖြေကြားထားပါတယ်။  

ဂျပန်နိုင်ငံနဲ့ အလှမ်းကွာဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာအတွင်း တနေရာကို တာလတ်ပစ်ပဲ့ထိန်းမစ်ဇိုင်းဒုံးကျရောက်ခဲ့တယ်လို့ နောက်ပိုင်းမှာ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ သတင်းထွက်ပေါ်တာမျိုး မရှိပါဘူး။  

ဒါဟာမြောက်ကိုရီးယူမစ်ဇိုင်းဒုံးကို အဝေးကွာဆုံးပစ်လွှတ်ခဲ့တာဖြစ်ပြီး အမြင့်ပေအားဖြင့်လည်း ကီလိုမီတာ ၁၀၀၀ ဝန်းကျင်ရောက်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းတွေရဲ့ အမြင့်ထက် ကျော်လွန်ပါတယ်။

ဇန်နဝါရီလမှာ မြောက်ကိုရီးယား အစိုးရရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မစ်ဇိုင်းပစ်လွှတ်မှုဟာ “အကြမ်းပတမ်းအပြုအမူ” လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ပြောဆိုပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာစုကာဇုဟာမာဒါကလည်း ဂျပန်နိုင်ငံအနေနဲ့ “တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်” အပါအဝင် ကာကွယ်ရေးအင်အား တိုးမြင့်ဖို့ဆောင်ရွက်ချက်တွေကို စွန့်လွှတ်ပယ်ချမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 

ဒါဟာအန္တရာယ်များပြီး အဆင်အခြင်မဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒေသတွင်း မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ အမေရိကန်နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရ အေဒရီယန်ဝပ်ဆင်ကဆိုပါတယ်။  

အခုမစ်ဇိုင်းပစ်လွှတ်မှုဟာ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားတို့ပူးပေါင်းပြီး ကာကွယ်ရေးအင်အားမြင့်မားအောင် တိုးချဲ့ရေး ပူးပေါင်း အလုပ်လုပ်ကိုင်နေကြစဉ်မှာ ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။   

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံဟာ ပြီးခဲ့တဲ့အပတ်ထဲမှာ ရေတပ်စစ်ရေး လေ့ကျင့်ခန်းတွေ ပူးတွဲဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပြန်လည်စတင်တာလည်း ဖြစ်ပါတယ်။ အဲသလို စစ်ရေးလေ့ကျင့်မှုမျိုးတွေဟာ သူ့ရန်သူတွေက မြောက်ကိုရီးယားကို စစ်တိုက်ဖို့ပြင်ဆင်လေ့ကျင့်နေတာလို့ မစ္စတာကင်ဂျုံအန်းက ရှုမြင်တဲ့အတွက် မနှစ်မြို့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။  

၂၀၁၇ ခုနှစ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့စဉ်ကလည်း မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံပေါ်ကျော်ပြီး မစ်ဇိုင်းဒုံး ၂ လုံးပစ်ခတ်ခဲ့ပါသေးတယ်။ အဲဒီနောက်တပတ်အကြာမှာလည်း နျူးကလီးယား စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။  

အခုလည်း ထောက်လှမ်းရေးသတင်းတွေက မြောက်ကိုရီးယားဟာ နောက်ထပ် နျူးကလီးယားလက်နက် စမ်းသပ်မှုလုပ်ဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။  

မြောက်ကိုရီးယားဟာ သူ့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ဒီလကုန်ပိုင်း ကွန်မြူနစ်ပါတီညီလာခံပြုလုပ်ဖို့ရှိတဲ့အတွက် အဲဒီညီလာခံအပြီးလောက်ကို စောင့်ဆိုင်းပြီး နျူးကလီးယားစမ်းသပ်မှုလုပ်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။  

ဒါပေမဲ့အခုအခါမှာတော့ အရင်ကထင်တာထက်စောနိုင်တယ်လို့ ပြောင်းလဲခန့်မှန်းနေကြပါတယ်။ အခု အောက်တိုဘာလ ၄ ရက် အင်္ဂါနေ့မှာ မစ်ဇိုင်းပစ်လွှတ်ပြီးနောက် မြောက်ကိုရီးယားဟာ နျူးကလီးယားစမ်းသပ်မှုအတွက်လည်း ပြင်ဆင်နေပြီလို့ ခန့်မှန်းကြတာပါ။  

အခုမစ်ဇိုင်းပစ်လွှတ်မှုဟာ တပတ်အတွင်းမှာ ပဉ္စမမြောက်ဖြစ်ပါတယ်။ စနေနေ့က ဂျပန်အထူးစီးပွားရေးဇုန်ရဲ့ အပြင်ဘက်နားရေပြင်ပေါ်ကို ရော့ကက်ဒုံး ၂ လုံးကျရောက်ခဲ့ပါတယ်။  

မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းစမ်းသပ်မှုတွေဟာ လေယာဉ်လမ်းကြောင်းနဲ့ လွတ်ကင်းတဲ့ အမြင့်မှာ ပစ်လွှတ်လေ့ရှိပါတယ်။ သူတို့အိမ်နီးချင်းနိုင်ငံတွေရဲ့ လေယာဉ်တွေကို မထိခိုက်အောင် ရှောင်ရှားတာပါ။  

ဒါပေမဲ့ ဂျပန်နိုင်ငံပေါ် ကျော်လွှားပစ်ခတ်ရာမှာတော့ အခြေအနေတမျိုးဖြစ်ပါတယ်။  

သိပ္ပံပညာရှင်တွေအနေနဲ့ အမှန်တကယ်ပစ်လွှတ်တဲ့အတိုင်း ပစ်ဖို့ ခွင့်ပြုထားတယ်လို့ ကျွမ်းကျင်ပညာရှင် အန်းကစ်ပန်ဒါက ရိုက်တာ သတင်းအေဂျင်စီကိုပြောပါတယ်။  

၁၉၁၀ ကနေ ၁၉၄၅ ခုနှစ်အထိကာလအတွင်း ဂျပန်က မြောက်ကိုရီးယားကို ကိုလိုနီပြုခဲ့မှုနဲ့ ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက ပြန်ပေးဆွဲမှုတွေကြောင့် နှစ်နိုင်ငံကြားမှာ ဆက်ဆံရေး မပြေလည်မှု မြစ်ဖျားခံခဲ့ပါတယ်။ အခုဆောင်ရွက်ချက်တွေဟာ အဲဒီတင်းမာမှုတွေကို ပြန်လည် ပေါ်ထွက်လာစေပါတယ်။  

ဒီလဆန်းပိုင်းမှာ မြောက်ကိုရီးယားကို နျူးကလီယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံအဖြစ် ကြေညာတဲ့ ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအနေနဲ့ နျူးကလီးယားဖျက်သိမ်းရေးဆွေးနွေးလို့ မရအောင် ဟန့်တားတဲ့ ဥပဒေဖြစ်ပါတယ်။  

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကာလအတွင်းမှာ နျူးကလီးယား စမ်းသပ်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုတွေကြောင့် ပိတ်ဆို့အရေးယူမှု အများအပြားခံခဲ့ရပါတယ်။  

နျူးကလီးယားနဲ့ မစ်ဇိုင်းစမ်းသပ်မှုတွေဟန့်တားရေးမှန်သမျှကို မြောက်ကိုရီးယားဟာ သူ့ကာကွယ်ရေး စွမ်းရည်မြှင့်တင်ဖို့အတွက် လိုအပ်ချက်လို့ပြောဆိုပြီး အမြဲလိုလို ဖီဆန်ပယ်ချလေ့ရှိပါတယ်။

မြောက်ကိုရီးယား အစိုးရမီဒီယာမှာ မနှစ်ကဖော်ပြခဲ့တဲ့ ခရုဇ်ဒုံးကျည်စမ်းသပ်မှု

ဓာတ်ပုံ ရင်းမြစ်, kcna