ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်နဲ့မန္တလေးမှာ အကန့်အသတ်နဲ့ ရောင်းချပေးနေတဲ့ ရွှေတွေ
အာဏာသိမ်းပြီးနောက် စျေးဆက်တိုက်မြင့်တက်နေတဲ့ ရွှေစျေးနှုန်းကျဆင်းဖို့ရည်ရွယ်တယ်လို့ဆိုကာ ရန်ကုန်နဲ့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းတွေက ရွှေအဝယ်များတဲ့ သီတင်းကျွတ်ရာသီမှာ ပြင်ပပေါက်စျေးထက် အနည်းငယ်လျှော့ပြီး ပြည်သူတွေကို ရွှေတွေ ရောင်းချပေးနေပါတယ်။
မန္တလေးမြို့မှာဆိုရင် အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၂,၅၄၀,၀၀၀ နှုန်းနဲ့ လူတဦးကို ၁၀ ကျပ်သားနှုန်းနဲ့ ရွှေပိဿာ ၇ ပိဿာအထိ အောက်တိုဘာလ ၇ ရက်နေ့မှာ စတင်ရောင်းချ ပေးခဲ့ပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့မှာလည်း တကျပ်သား ၂,၅၄၀,၀၀၀ ကျပ်နဲ့ ၇ ပိဿာ ၂၀ သား ထပ်မံ ရောင်းချပေးနေပါတယ်။
ရွှေလုပ်ငန်းရှင်အသင်းသားတွေကလွဲလို့ ဘယ်သူမဆို လာရောက်ဝယ်ယူနိုင်တယ်ဆိုပေမယ့် ရွှေလုပ်ငန်းရှင်တွေ ပိဿာအထုတ်လိုက် ချပေးတဲ့ပေါ်မူတည်ပြီး ရောင်းချတာဖြစ်လို့ ရောင်းချစရာအပိုင်းတွေကုန်သွားရင်တော့ အရောင်းရပ်မယ်လို့လည်း ပြောဆိုထားပါတယ်။
ရွှေလုပ်ငန်းရှင်များအသင်းက ရောင်းချတဲ့ ရွှေကို သက်ဆိုင်ရာ တံဆိပ်အတိုင်း ရွှေဆိုင်တွေမှာ ပြန်လည် ရောင်းချနိုင်တယ်လို့ မန္တလေးရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“ ဒီရွှေတွေဟာ အပြင်ကနေ ပြန်ပြီးတော့ ဝယ်ပေးမှာ မဟုတ်ဘူး။ အပြင်မှာ ကြိုက်တဲ့နေရာ ပြန်ရောင်းပေးလို့ရတယ်။ စုတ်ပြတ်နေတဲ့ ရွှေလည်း မဟုတ်ဘူး။ ညစ်တီးညစ်ပတ်ရွှေလည်း မဟုတ်ဘူး။ ကိုယ့်ဆိုင်တံဆိပ်နဲ့ ကိုယ်ပဲ။ သဘောက အစိုးရ ရွှေဒင်္ဂါးပြား ဝယ်လာတယ်ဆိုပါတော့။ ကျွန်တော်တို့ ရောင်းတာမှ ကျွန်တော်တို့ကမှ ကိုယ့်တံဆိပ်နဲ့ကိုယ် ရှိသေးတယ်။ အခု လေလံပစ်ထားတဲ့ ဟာတွေဆို ဘာပေးမှန်းတောင် မသိရဘူး” လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး မီးလင်းရွှေအတုံးအခဲ ၁ဝ ပိဿာကျော်ကို ရောင်းချပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီလိုရွှေလုပ်ငန်းရှင်များအသင်းကနေ အပြင်ပေါက်ဈေးထက် အနည်းငယ်လျှော့ပြီး ရောင်းချပေးတာဟာ ရွှေဈေးကွက်ကို ရိုက်ခတ်မှုရှိလာသလို နောက်ပိုင်းမှာ ရွှေဈေးအတက်အကျ ရှိလာနိုင်တယ်လို့လည်း ရွှေကုန်သည်နှင့် ရွှေဈေးကွက် လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“ ဒီရက်ပိုင်း စျေးနည်းနည်းငြိမ်သွားတယ် ပြောရမှာပေ့ါ။ လောလောဆယ်တော့ ကျပ် ၂၅ သိန်းခွဲနဲ့ ၂၆ သိန်း ဝန်းကျင်နဲ့ စျေးငြိမ်နေတယ်ပေ့ါလေ။ နောက်ပိုင်းတွေမှာတော့ မတက်သွားနိုင်ဘူးလို့ ပြောလို့ မရဘူး၊ အချိန်ကာလတခုအထိတော့ ထိန်းချုပ်မှုတခုအဖြစ် ရှိနေလိမ့်မယ်” လို့ ဆိုပါတယ်။
အောက်တိုဘာလ အစောပိုင်းမှာလည်း စစ်ကောင်စီခန့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဦးစီးပြီး စျေးပြိုင်တင်ဒါစနစ်နဲ့ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရောင်းချပေးခဲ့ပါတယ်။
ရန်ကုန်မှာတော့ ရွှေတကျပ်သားကို ၂,၅၀၀,၀၀၀ ဝန်းကျင်နဲ့ လေလံအောင်သွားခဲ့ပြီး မန္တလေးမြို့မှာတော့ နှစ်ပိသာကို ၂,၄၅၀,၀၀၀စီ၊ ကျန်တစ်ပိသာကို ကျပ် ၂,၄၈၀,၀၀၀နဲ့ လေလံအောင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလေလံအောင် ရွှေတွေဟာ ဘာရွှေမှန်း အတိအကျ မသိရသေးသလို ရက်အနည်းငယ်ကြာမှသာ လေလံအောင်ရွှေတွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ရွှေကုန်သည်တွေက ပြောကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးအကျပ်ရိုက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ရှားပါးမှုတွေနဲ့အတူ ပြည်တွင်းရွှေစျေးဟာလည်း တကျပ်သားကို သိန်း ၃၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ တဖြည်းဖြည်း စျေးကျဆင်းခဲပြီး ရွှေစျေး ၂၆ သိန်း ဝန်းကျင်သာ ရှိနေတာ ဖြစ်ပါတယ်။
တဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီကလည်း တရိပ်ရိပ်မြင့်တက်နေတဲ့ ပြည်တွင်းရွှေစျေးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး တကျပ်သား၊ ငါးမူးသားနဲ့ တမတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းတာတွေလည်း လုပ်နေပါတယ်။
ရွှေစျေးတည်ငြိမ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ စျေးပြိုင်တင်ဒါစနစ်နဲ့ ရွှေပိဿာချိန် ရောင်းချပေးတာတွေလည်း ဆက်လက် လုပ်ဆောင်ပေးသွားမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းသတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။