ဖေဖော်ဝါရီ ၈ ရက်ညနေခင်း နိုင်ငံတကာသတင်းများ- ယူကရိန်း သမ္မတ ဗြိတိန်ရောက်လာ

ဗြိတိန်ဝန်ကြီးချုပ်နဲ့ ယူကရိန်း သမ္မတ
ဓာတ်ပုံ ပုံစာ, ဗြိတိန်ဝန်ကြီးချုပ်နဲ့ ယူကရိန်း သမ္မတ
ရေးသားခဲ့သည်။

ယူကရိန်း သမ္မတက ဒီကနေ့ ဗြိတိန်နိုင်ငံကို စီစဉ်မထားဘဲ ရုတ်တရက် ရောက်လာခဲ့ပါတယ်။

အခုတကြိမ်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီး နောက်မှာ သမ္မတ ဗလိုဒိုမီယာ ဇလန်းစကီးရဲ့ ပထမဆုံး ဗြိတိန်နိုင်ငံ ခရီးစဉ် ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်က သူ နောက်ဆုံး လာရောက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဇလန်းစကီးက ချားလ်စ် ဘုရင်နဲ့ တွေ့ဆုံဖို့မယ်လို့ မျှော်လင့်ရပါတယ်။ ဝန်ကြီးချုက် ရီရှီ ဆူးနတ် နဲ့လည်း တွေ့ဆုံဖို့ ရှိပြီး ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ဒါ့အပြင် ယူကေမှာ လေ့ကျင့်သင်တန်းတွေ ရယူနေတဲ့ ယူကရိန်း တပ်ဖွဲ့တွေကိုလည်း သွားတွေ့ဆုံဖို့ ရှိပါတယ်။

တိုက်လေယာဉ်မှူးတွေနဲ့ မရိန်းတပ်သားတွေအတွက် လေ့ကျင့်မှုကို တိုးချဲ့သွားမယ်လို့ ကြေညာထားပါတယ်။

ယူကရိန်းခေါင်းဆောင်က ဥရောပပါလီမန်မှာ မိန့်ခွန်းပြောပြီး အီးယူ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ကြာသပတေးနေ့မှာ ဘရပ်ဆဲလ်ကို သွားရောက်မယ်လို့လည်း မျှော်လင့်ရပါတယ်။

အမေရိကန် သမ္မတရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ဘာတွေပြောထားလဲ

ယူကရိန်းနဲ့ တသားတည်းရပ်တည်မယ်လို့ သမ္မတ ဘိုင်ဒန်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်းနဲ့ တသားတည်းရပ်တည်မယ်လို့ သမ္မတ ဘိုင်ဒန်ပြော

 အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ နှစ်ပတ်လည် နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ယူကရိန်းနဲ့အတူ ဆက်လက် ရပ်တည်သွားမယ်လို့ ထပ်လောင်း ပြောခဲ့ပါတယ်။

အမေရိကန်ဟာ ဗလာဒီမီယာ ပူတင်ရဲ့ ရန်လိုမှုကို ဆန့်ကျင်တဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ် အဖွဲ့ကို တည်ဆောက်ခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြည်တွင်းရေးကိစ္စတွေနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်လိုတဲ့ ဆန္ဒရှိတယ်လို့ အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေးမှာ သမ္မတ ဘိုင်ဒန်က ပြောခဲ့ပါတယ်။

တိုက်ခိုက်ရေး လက်နက်တွေကို တားမြစ်ဖို့၊ ကိုယ်ဝန်ဖျက်ချခွင့် အခွင့်အရေးကို ကာကွယ်ဖို့နဲ့ ရဲအရာရှိတွေ ပိုမို တာဝန်ယူ တာဝန်ခံစေအောင်လုပ်မယ့် ပြုပြင်ပြောင်းလဲရေးတွေ အပါအဝင် ဥပဒေတွေကို အတည်ပြုနိုင်ရေး အစီအစဉ်တွေကို လုပ်ဆောင်မယ်လို့ ထပ်မံ အတည်ပြု ပြောခဲ့ပါတယ်။

အောက်လွှတ်တော်မှာ အများစု နေရာရထားတဲ့ ရီပတ်ပလစ်ကန်တွေကိုလည်း တိုင်းပြည် ပေါင်းစည်း ညီညွတ်ရေးမှာ ဒီမိုကရက်တွေနဲ့အတူ ကူညီ လုပ်ဆောင်ဖို့လည်း သမ္မတ ဘိုင်ဒန်က တိုက်တွန်းပါတယ်။

၁၃ နှစ် အရွယ်တွေပါတဲ့ ထိုင်းကလေးတွေ ထောင်နှစ်ရှည်ချခံရနိုင်

ဘန်ကောက်မြို့မှာ ၂၀၂၀ ခုနှစ်က ထိုင်းအစိုးရ ဆင်းပေးရေး ဆန္ဒပြ မြင်ကွင်းတခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့မှာ ၂၀၂၀ ခုနှစ်က ထိုင်းအစိုးရ ဆင်းပေးရေး ဆန္ဒပြ မြင်ကွင်းတခု

ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကလေးငယ် ၃၀၀ နီးပါး ထောင်ကျနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ လူ့အခွင့်အရေး အဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။

တချို့က အသက် ၁၃ နှစ် အရွယ်သာရှိသေးတဲ့ ကလေးတွေကို နိုင်ငံတော်ပုန်ကန်မှု၊ ဘုရင်စနစ်ကို စော်ကားမှု တို့လို ရာဇဝတ်ပြစ်မှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ Amnasty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲဒီ လူငယ်တွေဟာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရနိုင်တယ်လို့ AI အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသူတွေဟာ အဲဒီအချိန်တုန်းက ကျောင်းသားတွေ ဖြစ်ကြပါတယ်။

သူတို့က ထိုင်းဝန်ကြီးချုပ် ရာထူးက ဆင်းပေးဖို့နဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

နယူးဇီလန် လေယာဉ်မှူးကို ပါပူဝါ လက်နက်ကိုင်အဖွဲ့ ဖမ်းထား

ပါပူဝါသူပုန်တွေက လေယာဉ်မှူး Philip Mehrtens ကို ဖမ်းထား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပါပူဝါသူပုန်တွေက လေယာဉ်မှူး Philip Mehrtens ကို ဖမ်းထား

အင်ဒိုနီးရှားနိုင်ငံ ပါပူဝါ ဒေသမှာရှိတဲ့ တောင်ထူထပ်တဲ့ Nduga ခရိုင်က ဝေးလံခေါ့င်သီတဲ့ လေဆိပ်တခုကို ခရီးသည်တင် လေယာဉ်တစ်စင်း ဆင်းသက်လာခဲ့ အပြီးမှာ နယူးဇီလန် လေယာဉ်မှူးတစ်ယောက်ကို ခွဲထွက်ရေး သူပုန်တွေက ဓားစာခံအဖြစ် ဖမ်းဆီးထားပါတယ်။

The West Papua National Liberation Army အနောက်ပါပူဝါ လွတ်မြောက်ရေး တပ်မတော်ဆိုတဲ့ သူပုန်အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သူတို့အဖွဲ့က လေယာဉ်ကို ဝင်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ ဆိုထားပါတယ်။

ကလေးငယ် တစ်ယောက်အပါအဝင် ခရီးသည် ငါးယောက်ကို ပါပူဝါ ဌာနေတိုင်းရင်းသားတွေ ဖြစ်တဲ့အတွက် ပြန်လွှတ်ပေးခဲ့တယ်လို့ အဲဒီထဲမှာ ဆိုထားပါတယ်။

ပါပူဝါနိုင်ငံ လွတ်လပ်ရေးကို အင်ဒိုနီးရှားက အသိအမှတ်မပြုရင် လေယာဉ်မှူးကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူးလို့ လည်း အဲဒီ အဖွဲ့က ပြောပါတယ်။