စက်တင်ဘာ ၁၇ ရက်ထိပ်တန်းသတင်းများ - လေကြောင်းရန်ကြောက်လို့ ၂ ရက်စောကျင်းပခဲ့ရတဲ့ လက်ယက်ကုန်းနှစ်ပတ်လည်

လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Htoo Khant Zaw

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်လို့ ကလေးငယ်တွေ သေဆုံးခဲ့ရမှု ၁ နှစ်ပြည့် အောက်မေ့ဖွယ် မြင်ကွင်းတွေဖြစ်ပါတယ်။

လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှာ လေကြောင်း ကနေ ပစ်ခတ်လို့ စာသင်နေတဲ့ကလေးငယ် ၇ ဦးအပါဝင် လူ ၁၂ ဦးသေဆုံးခဲ့တာပါ။

အဲဒီဖြစ်ရပ် ၁ နှစ်ပြည့် အောက်မေ့ဖွယ်ကို နှစ်ပတ်လည်နေ့မှာ ပြုလုပ်ရမှာဖြစ်ပေမဲ့ စစ်ကောင်စီ လေကြောင်းရန်ကိုကြောက်ပြီး စက်တင်ဘာလ ၁၄ ရက်ကတည်းက အောက်မေ့ဖွယ် ပြုလုပ်ခဲ့ကြရတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

"လက်ယက်ကုန်းရွာ"အတွက် အမြန်ဆုံးတရားမျှတမှုရရှိစေဖို့၊ အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ချက်ချင်းရပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး လွမ်းသူ့ပန်းခွေချ ဆုတောင်းပွဲပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ထားဝယ်မှာ တနင်္သာရီဝန်ကြီးချုပ်လုံခြုံရေးယာဥ်တိုက်ခိုက်ခံရ

တနင်္သာရီဝန်ကြီးချုပ် ဦးမြတ်ကို

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, တနင်္သာရီဝန်ကြီးချုပ် ဦးမြတ်ကို

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က နည်းပညာတက္ကသိုလ်ကိုလာတဲ့ ဝန်ကြီးချုပ် ဦးရဲမြတ်ကိုရဲ့လုံခြုံရေးယာဥ်တန်းကို ပစ်မှတ်ထားတိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတိုင်းဝန်ကြီးချုပ်ရဲ့ စက်တင်ဘာလ ၁၅ ရက်ခရီးစဥ်မှာ ကြိုတင်လုံခြုံရေးယူတဲ့ စစ်တပ်ကားတစ်စီးကို အဝေးပစ်သေနတ်နဲ့ပစ်ခတ်တာ၊ နယ်မြေရှင်းလင်းဖို့ လုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ထားဝယ်အခြေစိုက် ဥသြစစ်ကြောင်းနဲ့ DGRF ဘက်က သတင်းထုတ်ပြန်ပါတယ်။

''အရင်ဆုံး လမ်းကင်းလာယူတဲ့ စကစတပ်သားတွေကို စနိုက်ပါနဲ့အရင်တိုက်ခဲ့တာ။ ပြီးမှ ပစ်ခတ်တဲ့နေရာကို စကစက နယ်မြေလာရှင်းတာပါ။ အဲဒီမှာတစ်ကြိမ် နီးကပ်ပစ်ကြတယ်ပေါ့။ အဲဒီဖြစ်စဉ်ဖြစ်ပြီးမှ ၀န်ကြီးချုပ်ယာဉ်တန်းရောက်လာပါတယ်။ ၀န်ကြီးချုပ် နည်းပညာတက္ကသိုလ်ရောက်နေချိန်မှ လက်နက်ကြီးနဲ့ ထပ်ပစ်ကြတယ်'' လို့ ဥသြစစ်ကြောင်းပြန်ကြားရေးတာဝန်ခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မောင်မယ်ရှောင်ကျေးရွာအနီး နည်းပညာတက္ကသိုလ်ကို ဝန်ကြီးချုပ်ရောက်နေချိန် အနီးဆုံးအထိ ကပ်ဖို့ ကြိုးစားပေမဲ့ စစ်ကောင်စီတပ်ဘက်က လုံခြုံရေးတင်းကျပ်ခဲ့တာကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့လည်း သူက ပြောပါတယ်။

ဥသြစစ်ကြောင်းဘက်ကတော့ စစ်ရေးအရှိန်မြှင့်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေကို ဖြတ်သန်းသွားလာမယ်ဆိုရင် သတိရှိရှိသွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ပုလောမှာ တိုက်ပွဲဖြစ်

အဲဒီနေ့ တစ်နေ့တည်းမှာပဲ ပုလောမြို့နယ်ထဲက လက္ကူးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၅ ဦး သေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက် ၂ ရက်ကြာဖြစ်တဲ့တိုက်ပွဲမှာ ရွာထဲက နေအိမ် ၁၀ လုံးကျော် မီးရှို့ခံခဲ့ရသလို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဂန့်ဂေါမှာ လက်နက်ကြီးထိမှန်လို့ ၃ ဦးသေဆုံး

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်မှာ စစ်ကောင်စီတပ်ဝင်ရောက်ချိန် မီးရှို့ခံထားရတဲ့ မြင်သားရွာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်မှာ စစ်ကောင်စီတပ်ဝင်ရောက်ချိန် မီးရှို့ခံထားရတဲ့ မြင်သားရွာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် သက်ကြီးပိုင်းအရပ်သား ၃ ဦးသေဆုံးပြီး နောက်ထပ် ၈ ဦးဒဏ်ရာရခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘက်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ကို ‌ထောက်ခံတဲ့ ပျူစောထီးရွာလို့ ဒေသခံတွေကြား သိကြတဲ့ မြစ်သာမြစ်အနောက်ဘက်ကမ်းက မြောက်ခင်ရန်းကျေးရွာကနေ မြစ်အရှေ့ခြမ်းက မြင်သားကျေးရွာထဲကို မနေ့ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ချိန် အခုလို ထိခိုက်သေဆုံးခဲ့ကြတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြောက်ခင်ရန်းနဲ့ တောင်ခင်ရန်းကျေးရွာကြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေအခြေချတဲ့နေရာကို ဒရုန်းရဲ့ ဗုံးချ တိုက်ခိုက်ခဲ့အပြီးမှာ အခုလို ပစ်ခတ်မှု ထွက်ပေါ်လာတာလို့ ဆိုပါတယ်။

‘’တောင်ခင်ရန်းရွာမှာ ရဲစခန်းရှိတယ်။ တောင်ခင်ရန်းက ဘူးလက်လှဆွေကို ထောက်ခံတဲ့နယ်မြေလို့ လူအများသိကြတယ်။ အခုကတော့ မြောက်ခင်ရန်း ပျူရွာဘက်က လှမ်းပစ်လိုက်တာ။ ဒဏ်ရာရသူတွေကိုတော့ အဆင်ပြေတဲ့နည်းလမ်းနဲ့ ကယ်ဆယ်ရေးလုပ်ထားရတယ်။ စစ်တပ်က ဂန့်ဂေါ မြောက်ပိုင်းကို စစ်ကြောင်းထိုးနေပေမဲ့ မြင်သားရွာက စစ်ကြောင်းပေါ်မှာရှိတာမဟုတ်ဘဲ အခုလို လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာ’’ လို့ မြို့နယ်ပအဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒေသခံတွေဟာ နေအိမ်ထဲရှိနေချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အခုလို ထိခိုက်သေဆုံးခဲ့ကြတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းတုန်းကလည်း မြင်သားရွာထဲ လက်နက်ကြီးကျလို့ ရွာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလဆန်းမှာ စစ်ကောင်စီတပ်က မြင်သားရွာကို ဝင်ရောက်ချိန်အတွင်း ကျေးရွာထဲက ရပ်ရွာလုံခြုံရေးယူနေတဲ့ လူငယ် ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောြပခဲ့ကြပါတယ်။

မြင်သားရွာမှာ နယ်မြေလုံခြုံရေးလုပ်ခဲ့တဲ့အကြောင်း စစ်ကောင်စီဘက်က အဲဒီတုန်းက ဘီဘီစီကို အတည်ပြုခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေ အကျအဆုံးများသလို လက်နက်တွေ သိမ်းဆည်းမိခဲ့တဲ့အကြောင်း ပြောခဲ့ပါတယ်။

မြန်မာ့အရေး အာဆီယံနဲ့တိုင်ပင်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြော

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်ရဲ့ မြန်မာ့အရေးအပေါ် အမြင်ဘယ်လိုရှိလဲ

ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs, Kingdom of Thailand

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် မစ္စတာ ပန်ပရီ ဟီတနုခွန် Panpree Pahitanukorn

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လိုအပ်ခဲ့ရင် အာဆီယံနဲ့ အရင်ဆုံး‌တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ကိုင်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ် မစ္စတာ ပန်ပရီ ဟီတနုခွန် Panpree Pahitanukorn က ပြောတဲ့အကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။

"ထိုင်းအနေနဲ့က မြန်မာ့နဲ့တွေ့ဆုံဆွေးနွေးမှုမတိုင်ခင် အာဆီယံနဲ့ အရင်ဆုံး‌တိုင်ပင်ဖို့လိုလားပါတယ်" လို့ မစ္စတာ ပန်ပရီက ‌ဆိုပါတယ်။

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးတာတွေ ရှိလာမလားဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီးက လိုအပ်တဲ့အခါ ရှိလာနိုင်မှာဖြစ်ပေမဲ့ အာဆီယံနဲ့အရင်တိုင်ပင်မယ်လို့ ဆိုပါတယ်။

မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုတွေထက် အွန်လိုင်းကနေတဆင့် ဆွေးနွေးနိုင်တဲ့ရွေးချယ်စရာ နည်းလမ်းကိုလည်း ဝန်ကြီးက ထည့်ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်က ပြောဆိုပြီး ဒီပြဿနာကို အာဆီယံယန္တရားအပါအဝင် မြန်မာ့တည်ဆဲဥပဒေတွေနဲ့ ဖြေရှင်းရမှာလို့ သူက ဆက်ပြောပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ငါးချက်လည်းရှိနေပြီး အာဆီယံအနေနဲ့ ဒေသတွင်းစည်းလုံးညီညွတ်မှုရှိနေဆဲဆိုတဲ့အချက်ကို ငြင်းပယ်ထားလို့မရဘူးလို့ မစ္စတာ ပန်ပရီက ထပ်လောင်းပြောပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နည်းလမ်းတွေကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေဟာ တရားမဝင်မူးယစ်မှောင်ခိုတိုက်ဖျက်ရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန်ပရာမွတ်ဝီနိုင်းဟာ မြန်မာစစ်ကောင်စီနဲ့ အလွတ်တန်းတွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့သလို နေပြည်တော်ကို တိတ်တဆိတ်လာရောက်သွားတဲ့ အဲဒီခရီးစဥ်မှာ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါကြောင့် သူဟာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ပထမဆုံးနိုင်ငံခြားထိပ်တန်းသံတမန်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲတွေမှာတော့ မြန်မာ့အရေးဆောင်ရွက်မှု အာဆီယံဥက္ကဋ္ဌနဲ့ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ အစည်းအဝေးအပြီးမှာ ဝန်ကြီးတွေက သဘောတူညီချက်ထုတ်ပြန်ခဲ့ကြပါတယ်။

မြန်မာ့အရေးဘယ်လို လှုပ်ရှားမှုတွေဖြစ်ဖြစ် ထောက်ပံ့ကူညီပေးသင့်ပေမဲ့ ဒါတွေဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်းဖြစ်သင့်ကြောင်း၊ အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှလုပ်ဖို့ကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။

ဦးကျော်မိုးထွန်း မြန်မာကိုကိုယ်စားပြုနိုင်ရေး ကုလရုံးရှေ့ ဆန္ဒဖော်ထုတ်

ဦးကျော်မိုးထွန်း ကိုယ်စားပြုသူဖြစ်ရေး တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဦးကျော်မိုးထွန်း ကိုယ်စားပြုသူဖြစ်ရေး တောင်းဆို

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပဖို့ရှိနေချိန်မှာပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိဖို့ အမေရိကန်ရောက်မြန်မာတွေ နယူးယောက်မြို့က ကုလရုံးချုပ်ရှေ့မှာ စုဝေးချီတက် တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံကိုယ်စားပြုသူတွေကိုရွေးချယ်တဲ့ ကုလ အရည်အချင်းစစ်ကော်မတီအနေနဲ့ ဦးကျော်မိုးထွန်းကို ရွေးချယ်ရေး တောင်းဆိုလှုပ်ရှားမှု အနေနဲ့ အခုလို စုဝေးချီတက်ခဲ့ကြတာလို့ ဆိုပါတယ်။

ကုလအရည်အချင်းစစ် ကော်မတီဟာ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်နေရာတွေအတွက် စစ်အာဏာသိမ်းမှုအောက်က မြန်မာနဲ့ တာလီဘန်တွေထိန်းချုပ်ထားတဲ့အာဖဂန်နစ္စတန်နိုင်ငံတို့ရဲ့ ကိုယ်စားပြုသူကို မရွေးချယ်ဘဲ ရွှေ့ဆိုင်းထားတာ ၂၀၂၁ ခုနှစ်ကတည်းကဖြစ်ပါတယ်။

အရည်အချင်းစစ်ကော်မတီမှာ ပါဝင်မြဲ အမေရိကန်၊ တရုတ်နဲ့ ရုရှား တို့ အပြင် ကျန် ၆ နိုင်ငံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မနက်ဖြန် စက်တင်ဘာလ ၁၈ ရက်မှာစတင်ကျင်းပမယ့် အထွေထွေညီလာခံကနေ ကော်မတီသစ်ကို ခန့်အပ်ဖို့ရှိနေပါတယ်။

ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းမှု မတိုင်ခင် မြန်မာကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်တာကြောင့် ကုလကိုယ်စားလှယ် အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်မချခင်အထိ ကုလသမဂ္ဂမှာရှိတဲ့ မြန်မာကိုယ်စားပြုထိုင်ခုံနေရာမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆက်ထိုင်နေနိုင်ခဲ့တာဖြစ်ပါတယ်။

အခုတော့ ကုလသမဂ္ဂအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုရေး လှုပ်ရှားမှုတွေ ပြည်တွင်းပြည်ပမှာ ပြုလုပ်နေကြတာဖြစ်ပါတယ်။

စစ်ကိုင်းမြို့၊ မြင်းဆည်ရွာမှာ အမျိုးသား ၄ ဦးအသတ်ခံရ

 စစ်ကိုင်းမြို့၊ မြင်းဆည်ရွာမှာ အမျိုးသား ၄ ဦးအသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီစစ်ကြောင်းထိုးတာ ကြုံခဲ့ရတဲ့ စစ်ကိုင်းမြို့နယ်အပိုင် ကျေးရွာတွေက နေအိမ်အချို့ မြင်ကွင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ကနေလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာ ၁၄ ရက်နေ့ကစလို့ စစ်ကိုင်းမြို့နယ်အရှေ့ပိုင်းက ကျေးရွာတွေဘက်ကို မနေ့ညနေပိုင်းအထိ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရသလို အမျိုးသား ၄ ဦးလည်းအသတ်ခံရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကြောင်းစဝင်တဲ့ စက်တင်ဘာ ၁၄ ရက်နေ့မှာပဲ မြင်းဆည်ရွာက ကိုသိန်းဇော်၊ ကိုဇော်မင်း၊ ကို‌တေ ဇောဦးနဲ့ ကိုကျော်ထွန်းနိုင်တို့ အသတ်ခံခဲ့ရတာလို့ စစ်ကိုင်းဒေသခံတွေဆီက သိရပါတယ်။

"၁၄ ရက်နေ့က တိုက်ပွဲဖြစ်တယ်။ ဒီလူ ၄ ဦးကတော့ အဖမ်းခံရပြီး အသတ်ခံရတာပါ။ မနေ့ညနေကတော့ စစ်ကိုင်းကနေ မြင်းမူဘက်ကို စစ်ကြောင်းပြန်ဝင်သွားတယ်လို့ကြားရတယ်။ ဒါပေမဲ့ သုံးလင့်၊ ကင်းတော်၊ ညောင်ပင်ကွင်း ဒီတကြောက ရွာ‌ခံတွေ နေရပ်မပြန်ရဲကြသေးဘူး" လို့ စစ်ကိုင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းစထိုးတဲ့ စက်တင်ဘာ ၁၄ ရက်နေ့မှာပဲ စစ်ကိုင်းမြို့နယ်ထဲက တစ်အိမ်တည်းကျေးရွာကို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရောက်ရှိခဲ့ပြီး ချည်မျှင်ရှည်ဝါ အထွက်နှုန်းများဖို့ နည်းပညာပြပွဲကို ‌တက်ရောက်တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြပါတယ်။

ဒါဟာ စစ်ကိုင်းဝန်ကြီးချုပ်ခရီးစဉ်အပြီး သုံးရက်အကြာ စက်တင်ဘာ ၁၇ ရက်ထုတ်သတင်းစာတွေမှာ ခရီးစဉ်အကြောင်း တရားဝင်ဖော်ပြတာလည်းဖြစ်ပါတယ်။

တခါ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ကနေပဲ ဧရာဝတီမြစ်တဖက်ကမ်းမှာရှိတဲ့ ငါန်းဇွန်မြို့နယ်က ကျေးရွာတွေကိုလည်း စစ်ကောင်စီရဲ့ နောက်ထပ်စစ်ကြောင်းကလှည့်လည်သွားလာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီကသိရပါတယ်။

ငါန်းဇွန်မြို့နယ်က ကျေးရွာတွေဖြစ်တဲ့ အောင်သာ၊ တလင်းကုန်း စတဲ့ရွာတန်းတစ်လျှောက်ကို စစ်ကောင်စီစစ်ကြောင်းထိုးတာ သီတင်းတပတ်ခန့် ကြာမြင့်နေပြီဖြစ်တာကြောင့် ဒေသခံရာနဲ့ချီဟာ နီးစပ်ရာကို ထွက်ပြေးရှောင်တိမ်းနေရပါတယ်။