ဒီဇင်ဘာ ၁၃ ရက်ထိပ်တန်းသတင်းများ- ကောလင်းမြို့နယ်ထဲ သတ်ဖြတ်ခံရထားရတဲ့အလောင်း ၅ လောင်းတွေ့

ဓာတ်ပုံ ရင်းမြစ်, Kawlin Info
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ပေပင်ချောင်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်သွားပြီးတဲ့နောက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသား အလောင်း ၅ လောင်းကို မနေ့ ဒီဇင်ဘာလ ၁၂ ရက်မှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသားတွေဟာ ကျေးရွာထဲက ကျန်းမာရေးမကောင်းလို့ မပြေးနိုင်တဲ့သက်ကြီးပိုင်း အမျိုးသား တစ်ဦးကို သယ်ထုတ်ဖို့ လုပ်နေကြချိန် စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီး ပစ်သတ်ခံခဲ့ရတာလို့ ကောလင်းအခြေစိုက်သတင်းတွေကိုဖော်ပြနေတဲ့ ကောလင်းအင်ဖို က ရေးသားပါတယ်။
စစ်ကောင်စီဘက်က သတင်းတွေကိုဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကောင်စီတပ်က ကုက္ကိုကုန်းရွာမှာ ပီဒီအက်ဖ်တွေ ရှိနေတယ်ဆိုတဲ့သတင်းကြောင့် နယ်မြေရှင်းလင်းရေးသွားချိန်မှာ ပေပင်ချောင်အနီး ထိတွေ့ တိုက်ပွဲဖြစ်ပြီး ပီဒီအက်ဖ်တွေ သေဆုံးတယ်လို့ သတင်းဖော်ပြနေပါတယ်။
ကောလင်းမြို့ ကိုးတောင်ဘို့နဲ့ ချပ်သင်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၆၉၊၃၆၁နဲ့ ၃၆၃ ခြေမြန်တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေဟာ ကျောက်ပျဥ်သာ တိုက်နယ်ထဲက ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
‘‘အခုတော့ ကျန်နေသေးတဲ့အိမ်လေးတွေဆီ ကပ်ပြီးနေကြတယ်။ တချို့တဝက်လည်း ရွာထဲ ပြန်ဝင်ကြပြီ။ တချို့လည်း တောထဲမှာ ရှောင်နေကြတုန်းပဲ’’ လို့ ဇီးဖြူကုန်းဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာလ ၁၂ ရက်မှာ အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် ကုက္ကိုကုန်း၊ ပေပင်ချောင်၊ ညောင်ကုန်း၊ ဇီးဖြူကုန်း၊ လျော်ဖြူကုန်းရွာတွေက နေအိမ် ၂၂၄ အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
နောက်လျှော်ဖြူကျေးရွာမှာလည်း အသက် ၄၀ အရွယ် ကိုမောင်မြင့်ဆိုသူအမျိုးသားဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်သွားတာကြောင့် ကျေးရွာထဲ ပြန်ဝင်လာချိန် ကင်းပုန်းနဲ့တွေ့ပြီး ပဲစင်းငုံခင်းထဲမှာ သတ်ဖြတ်ခံထားရတာကို ဒေသခံတွေက တွေ့ခဲ့ရတယ်လို့လည်း ကောလင်းအင်ဖိုက ရေးသားထားတာတွေ့ရပါတယ်။
မန္တလေးမြို့က Zeus ဘားကို ပစ်မှတ်ထားတဲ့ ဗုံးပေါက်ကွဲမှုဖြစ်

ဓာတ်ပုံ ရင်းမြစ်, Zeus Entertainment
မန္တလေးမြို့၊ ၅၅ လမ်းနဲ့ လမ်း ၃၀(ဘီ)မှာရှိတဲ့ Zeus ဘားကို ပစ်မှတ်ထားတဲ့ ဗုံးပေါက်ကွဲမှု ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ပြီး စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတာ၊ နောက် ကလပ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေတာတွေကြောင့် သတိပေးတဲ့အနေနဲ့ နေ့ခင်းပိုင်းမှာ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ပြောဆိုပါတယ်။
Zeus ဘား ဘက်ကတော့ ပေါက်ကွဲမှုဟာ ဘား ပရဝုဏ်အတွင်းမဟုတ်ဘဲ ခပ်လှမ်းလှမ်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးဖြစ်ခဲ့တာ ဖြစ်ပြီး အဲဒီလုပ်ငန်းခွင်မှာ လုပ်နေတဲ့ လူငယ်တစ်ဦး ဖောက်ခွဲရေးပစ္စည်းစ ထိမှန်တယ်လို့ ပြောပါတယ်။
မြို့ပြပြောက်ကျားအဖွဲ့တွေရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့တော့ ဘားဘက်က တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
အတိုင်ပင်ခံနဲ့သမ္မတတို့ရဲ့ ရဟတ်ယာဥ်အဂတိမှုတွေမှာ သမ္မတရုံးဒုဝန်ကြီးဟောင်းကို စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, အတိုင်ပင်ခံရုံး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုနဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပူးတွဲစွပ်စွဲခံရတဲ့ ရဟတ်ယာဥ်ဆိုင်ရာ အဂတိမှုတွေအတွက် သက်သေအဖြစ် သမ္မတရုံးဒုဝန်ကြီးဟောင်း ဦးမင်းသူက ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လာရောက် အစစ်ဆေးခံသွားတယ်လို့ သိရပါတယ်။
အတိုင်ပင်ခံနဲ့ သမ္မတတို့ဟာ သဘာဝဘေးတုံ့ပြန်ရာမှာအသုံးပြုဖို့ ရည်ရွယ်ပြီး အီတလီထုတ် ရဟတ်ယာဥ်တစ်စီးကို ဝယ်ယူခဲ့ရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံတော်ပိုင်ငွေ ကြေးနစ်နာမှုဖြစ်စေတယ်လို့ဆိုကာ အဲဒီရဟတ်ယာဥ်တစ်စီးတည်းကို အကြောင်းပြုပြီး အမှု ၅ ခုကို တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
နေပြည်တော်အချုပ်ထောင်အတွင်းမှာပြုလုပ်တဲ့ ဒီနေ့တရားရုံးကြားနာမှုမှာတော့ ဦးမင်းသူက ရဟတ်ယာဥ် ဝယ်ယူမှု၊ ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီသာ ပြုလုပ်ခဲ့တယ်လို့ ထွက်ဆိုသွားတဲ့ အကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒါ့အပြင် မနေ့တုန်းကလည်း အဲဒီအမှုတွေအတွက် ဒုတိယသမ္မတဟောင်း ဦးဟင်နရီ ဗန်ထီးယူက တရားခွင်မှာ အလားတူထွက်ဆိုသွားခဲ့တယ်လို့လည်း သိရပါတယ်။
အခုတော့ အမှုတွေနဲ့ ပတ်သက်ပြီး သက်သေတွေကို လာမယ့်တစ်ပတ်ရုံးချိန်းမှာ ထပ်ပြီး စစ်ဆေးဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ ကြားနာမှုမှာ လာရောက်ထွက်ဆိုတဲ့ ဦးမင်းသူကိုယ်တိုင်လည်း ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့အတူအမှုဖွင့်ခံခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတယ်။
လက်ရှိမှာ NLD အစိုးရလက်ထက် သမ္မတ၊ အတိုင်ပင်ခံ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတာဝန်ယူခဲ့သူတွေဟာ ရွေးကောက်ပွဲ၊ အဂတိမှု၊ ဆူပူအောင်လှုံ့ဆော်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ အမှုရင်ဆိုင်ရပြီး ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံထားရပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်အထိ ဒုတိယသမ္မတ ၂ တာဝန်ယူခဲ့သူ ဦးဟင်နရီဗန်ထီးယူကတော့ စစ်ကောင်စီရဲ့ တရားစွဲ အရေးယူတာ ခံရခြင်းမရှိသေးပါဘူး။
ဦးကျော်မိုးထွန်းကို ကုလမှာ မြန်မာကိုယ်စားလှယ်အနေနဲ့ တစ်နှစ် ဆက်ထားမယ်

ဓာတ်ပုံ ရင်းမြစ်, Myanmar to the UN
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဆက်ထားဖို့ ကုလကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်လိုက်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုခွင့်ကိုတော့ ကော်မတီဘက်က ဆိုင်းငံ့ထားဦးမှာဖြစ်တယ်လို့ ဗီအိုအေ သတင်းဌာနက သတင်းဖော်ပြပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းကို စစ်ကောင်စီဘက်ကလည်း အဆိုပြု ထားတာဖြစ်ပေမဲ့ ဘယ်သူ့ကိုရွေးချယ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို တစ်နှစ်ကြာ ဆိုင်းငံ့ခဲ့အပြီးမှာ အရည်အချင်းစစ်ကော်မတီက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းမှုမဖြစ်ခင် သမ္မတ ဦးဝင်းမြင့်လက်ထက် ၂၀၂၀ ပြည့်နှစ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က သူ့ကို ဆက်ပြီးခန့်အပ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ဦးကျော်မိုးထွန်းဟာ မြန်မာကို ကိုယ်စားမပြုတော့ ဘူးလို့ ပြောသလို ကိုယ်စားလှယ် အသစ်ကို အရည်အချင်းစစ်ကော်မတီဆီ အဆိုပြုခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာဦးရေ ၉ သိန်းခွဲကျော်ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Getty
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ လက်ခံထားတဲ့ ရိုဟင်ဂျာဦးရေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကုန်အထိဆိုရင် ၉ သိန်းခွဲကျော်အထိ ရှိလာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ကပြောပါတယ်။
ဒီအရေအတွက်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ကောက်ဘဇားခရိုင်နဲ့ ဘာဆန်ချာ ကျွန်းပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဦးရေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ UNHCR တို့ ပူးတွဲ စာရင်းကောက်ယူပြီးတဲ့နောက်မှာ သိရှိရတာဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းခွဲကျော်ထဲက တစ်ဝက်ဟာ ကလေးငယ်တွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူအများစုဟာ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။
နိုင်ငံအတွင်းက ထွက်ခွာသွားရသူတွေ၊ ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူနိုင်ရေး ဆောင်ရွက်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး လပိုင်းအကြာမှာ ထုတ်ဖော်ပြောထားခဲ့ပေမဲ့ ဘာတွေ လုပ်ဆောင်ဖို့ ရှိသလဲ ဆိုတာကို တိတိကျကျ ထုတ်ဖော် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဦးရေတိုးလာတာနဲ့အမျှ ဆက်ပြီးလက်ခံထားရေးမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုတဲ့အချက်ကို ထောက်ပြပြီး ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ရေး မြန်မာကို တိုက်တွန်းဖို့ တရုတ်အပါအဝင် အာဆီယံနိုင်ငံတွေကို ထုတ်ဖော်ပြောဆိုနေပါတယ်။
အီးယူ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်အချို့ ဘရပ်ဆဲလ်မြို့ကိုရောက်နေ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော် ဘရပ်ဆဲလ်မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ(အီးယူ)- အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်အချို့ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အဲဒီထဲမှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းကျန်နေသေးတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟွန်ဆန်၊ ဖီလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာ၊ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ဟာ ဘရပ်ဆဲလ်မြို့ကို မနေ့ ဒီဇင်ဘာလ ၁၂ ရက်ကတည်းက ရောက်နေပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်မှာပဲ ဘရပ်ဆဲလ်မြို့ကို လေကြောင်းခရီးစဥ်နဲ့ ထွက်ခွါ သွားပြီဖြစ်ပါတယ်။
မနက်ဖြန် ဒီဇင်ဘာလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမယ် အဲဒီထိပ်သီးဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီဥက္ကဋ္ဌဘက်က တက်ရောက်ခွင့် ရ၊ မရ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ဒါပေမဲ့ အာဆီယံဟာ မြန့်မာ့အရေးဖြေရှင်းနိုင်ရေးအတွက်ထားရှိတဲ့ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းတာကိုထောက်ပြပြီး စစ်ကောင်စီဘက်က နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးကိုပဲ တက်ရောက်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက် ဆက်ထားမယ်ဆိုရင်၊ စစ်ကောင်စီဘက်ကလည်း အဲဒီလို ဖိတ်ကြားမှုကို လက်မခံဘူးဆိုရင်တော့ ဒီထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကို ကိုယ်စားပြုတက်ရောက်မယ့်သူနေရာမှာ လစ်လပ်နေဦးမှာဖြစ်ပါတယ်။
ဥရောသမဂ္ဂအဖွဲ့ဘက်ကတော့ မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံကို အီးယူက အပြည့်အ၀ ပံ့ပိုးပေးမယ်လို့ ပြောထားပါတယ်။
မြန်မာအရေးဖြေရှင်းဖို့နဲ့ပတ်သက်ပြီး အလှည့်ကျ ဥက္ကဋ္ဌသစ်အင်ဒိုနီးရှားနိုင်ငံအပေါ်အများကြီးမျှော်လင့်ထားကြောင်း အာဆီယံဆိုင်ရာ အီးယူသံအမတ်ကပြောထားပါတယ်။
“ နိုင်ငံကိုသာမက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေတဲ့ ဒီအကျပ်အတည်းအတွက် အဖြေရဖို့ နဲ့ အမှန်တကယ်တွန်းအားပေးဖို့ အင်ဒိုနီးရှားကို ကျွန်တော်တို့ အားကိုးတယ်။ဒါမှလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်မှာပါ” လို့ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က ပြောထားပါတယ်။
နမ့်ဆန်တိုက်ပွဲ - ကုန်းသာရွာထဲက အပျက်အစီးတွေအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းမြောက်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်မြို့အနီးမှာ တအားန် ပလောင်တပ် PSLF/TNLA နဲ့ စစ်တပ်တို့အကြား ဖြစ်နေတဲ့တိုက်ပွဲအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကုန်းသာ(ရဝ်ဘြာန်း)ကျေးရွာက လူနေအိမ် ၄လုံး မီးလောင်ပြာကျပြီး၊ ရွာက လူနေအိမ်အများ အပြားလက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၃ရက် မနက်ပိုင်းမှာ ဖော်ပြလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TNLA
နမ့်ဆန်မြို့အနီးမှာ ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက နှစ်ဖက် ထိတွေ့တိုက် ပွဲတွေ ဖြစ်နေတာ ဒီနေ့အထိ ဆိုရင် တပတ်လောက်ကို ကြာမြင့်လာပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်နေတယ်လို့ ဒီဇင်ဘာ ၁၃ရက်နေ့ မနက်ပိုင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ကုန်းသာရွာ စီးနှင်းတိုက်ခိုက်ခံရပြီးနောက် အဲဒီအနီးက ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံနဲ့ ဆာမ်ငမ်ရွာတို့က ဒေသခံ ထောင်ချီမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်
TNLA ဘက်က ထုတ်ဖော်ပြောဆိုမှုတွေအပြင် အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကလေးမြို့နယ်ထဲ ဘုရားကျောင်းနဲ့လူနေအိမ် ၁၉ လုံး မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းက နန်းချောင်းရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာ ဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၁၉ လုံး မီးရှို့ခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နန်းချောင်းရွာထဲကို စစ်ကောင်စီတပ်တွေက မနေ့ ဒီဇင်ဘာလ ၁၂ ရက်မှာ ဝင်ရောက်ချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲအပြီးမှာ Foursquare ဘုရားကျောင်းနဲ့ လူနေအိမ်တွေ မီးရှို့ခံခဲ့ရတာလို့ဆိုပါတယ်။
‘‘သူတို့ ဒီနေ့အထိ ရွာထဲမှာရှိနေတုန်းပဲ။ ရွာထဲကို ပြန်ဝင်လို့ မရသေးဘူး။ ဒရုန်းနဲ့ကြည့်လို့ မီးရှို့ခံရတဲ့အဆောက်အဦ အရေအတွက်ကို သိရတာ။ ရွာထဲမှာ ပိတ်မိနေသူအချို့လည်း ရှိနေသးတယ်’’ လို့ နန်းချောင်းရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီတပ်ဟာ နန်းချောင်းကျေးရွာထဲကို အရင်ကလည်း ၂ ကြိမ် တိတိဝင်ရောက်ခဲ့ဖူးပေမဲ့ အခုတစ်ကြိမ်မှ နေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်တာလို့လည်း ဆိုပါတယ်။
လက်ရှိမှာ နန်းချောင်းရွာဒေသခံတွေအပါအဝင် အနီးနားက ပြည်တော်သာ၊ သာယာကုန်းနဲ့ မောက်လင်းရွာက ပြည်သူတွေလည်း နီးစပ်ရာကို ပြောင်းရွှေ့နေထိုင်နေတယ်လို့သိရပါတယ်။
နန်းချောင်းကျေးရွာဟာ ကလေးမြို့မြောက်ပိုင်းမှာ ချင်းတိုင်းရင်းသားအများစုနေထိုင်ပြီး နေအိမ် ၁၉၀ နီးပါးရှိတဲ့ ရွာငယ်တစ်ရွာဖြစ်ပါတယ်။








