မြန်မာ ရဲမှုထမ်းဟောင်း အဖွဲ့ဖွဲ့မယ်လို့ ရဲချုပ်ပြော

ရေးသားခဲ့သည်။

မြန်မာနိုင်ငံက အငြိမ်းစား ရဲတပ်ဖွဲ့ဝင်တွေအတွက် ရဲမှုထမ်းဟောင်း အဖွဲ့ကို မကြာခင် ဖွဲ့စည်းမယ်လို့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ကြေညာလိုက်ပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၁ ရက်က ပြုလုပ်တဲ့ ၅၅ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့မှာ ရဲချုပ်က အခုလို ပြောတာ ဖြစ်ပါတယ်။

အခုလို ရဲမှုထမ်းဟောင်းများအဖွဲ့ဖွဲ့ဖို့ ဆောင်ရွက်တာဟာ ရဲတပ်ဖွဲ့ဝင်တွေ အငြိမ်းစားယူတဲ့အခါ စည်းစည်းလုံးလုံး တစ်စုတစ်ဝေးတည်း ရှိစေချင်တဲ့အတွက်ကြောင့် ဖွဲ့စည်းတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအဖွဲ့ ဖွဲ့နိုင်ဖို့အတွက် အငြိမ်းစား ရဲအရာရှိတွေဆီကနေ အကြံဉာဏ်တွေ ယူသွားမယ်လို့ ပြောပါတယ်။

ဒီလို အကြံဉာဏ်တောင်းယူမယ့်သူတွေထဲမှာ ပြည်ထဲရေးဝန်ကြီး အငြိမ်းစား ရဲချုပ်ဟောင်းလည်း ပါရှိတယ်လို့ ရဲချုပ်က ပြောပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့မှာ ပြစ်မှု မရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အငြိမ်းစားယူခါနီးမှာ တစ်ဆင့်တိုး ရာထူးချီးမြှင့်ပေးမယ်လို့လည်း ရဲချုပ်က ပြောပါတယ်။

၅၅ နှစ်မြောက် ရဲတပ်ဖွဲ့နေ့မှာတော့ ထူးချွန်ရဲတပ်ဖွဲ့ဝင်တွေ ဆုချီးမြှင့်ခဲ့ပါတယ်။

ဆုပေးခဲ့သူတွေတွေထဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုတိုက်ပွဲနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ထူးထူးချွန်ချွန် တိုက်ခိုက်ခဲ့သူတွေကို ရာထူးတစ်ဆင့်တိုး ချီးမြှင့်ခဲ့ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေမှာ ပါဝင်ခဲ့သူတွေနဲ့ ရဲလုပ်ငန်း ထူးချွန်စွာ ထမ်းဆောင်ခဲ့သူတွေကိုလည်း ရာထူးတစ်ဆင့်တိုး ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ စခန်းတွေ တိုက်ခိုက်ခံရတာတွေ ရှိနေပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဝေဖန်တာတွေ ရှိနေပါတယ်။

ရဲတပ်ဖွဲ့ကို လုံခြုံရေးပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း တိုးမြှင့်ပေးဖို့ လုပ်သင့်တာတွေနဲ့ ပတ်သက်လို့ အငြိမ်းစား ရဲမှူးချုပ် ဝင်းခေါင်က အခုလို ပြောပါတယ်။

"ဘက်ပေါင်းစုံကနေ အဆင့်မီမီ တည်ဆောက်ဖို့ဆိုတာ ရဲတပ်ဖွဲ့က တာဝန်ရှိသူ သက်သက်လောက်နဲ့တင် တည်ဆောက်လို့မရပါဘူး။ နိုင်ငံတော် အစိုးရကနေလည်း ပံ့ပိုးမှု ပေးရမယ်။ နောက်တစ်ခုက ပြည်သူလူထုရဲ့ ပံ့ပိုးမှုတွေ ရရှိဖို့လိုအပ်တယ်။ ပြီးတာနဲ့ တပြိုင်တည်း ကျန်တဲ့ ဘေးပတ်ဝန်းကျင်နဲ့ သူနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ ထောက်ခံမှုတွေ၊ အားပေးမှုတွေလည်း လိုအပ်ပါတယ်" လို့ သူက ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေလုပ်ဆောင်ရမှာနဲ့ ပတ်သက်ပြီးလည်း "ဒီအဖွဲ့အစည်းအတွင်းမှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေ အကုန်လုံးရဲ့ စိတ်ဓာတ်ကလည်း ဟန်ချက်ညီအောင် မြင့်တက်လာဖို့ လိုအပ်ပါတယ်" လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ စဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

စတင်ဖွဲ့စည်းစဉ်က ပြည်သူ့ရဲတပ်ဖွဲ့လို့ ခေါ်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ အခုလက်ရှိ နာမည်ကို ပြောင်းလဲခေါ်ခဲ့တယ်လို့ သိရပါတယ်။