ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေအရောင်းအဝယ်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ အာရုံပြန်စိုက်လာကြ
ပြည်တွင်းမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် လုပ်ငန်းတချို့လုပ်ကိုင်ရခက်လာ ချိန်နဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေဖြစ်နေချိန်မှာရွှေအရောင်းအဝယ်ဘက်မှာ ရင်းနှီးမြှုပ်နှံဖို့ အာရုံပိုစိုက်လာတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။
ပြည်တွင်းမှာ ငွေထုတ်ယူမှုတွေနဲ့ ပတ်သက်လို့ကန့်သတ်မှုတွေရှိနေချိန်နဲ့ ဘဏ်ကောလာဟလ တွေ ထွက်ပေါ်ချိန်ကတည်းက ရွှေဝယ်ယူစုဆောင်းမှုတွေစရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက ဈေးကွက်မှာရွှေဝယ်လိုအားများပြီးရွှေရှားပါးနေတာလို့ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
" ပထမတုန်းကတော့ ဟုတ်တယ်။ ဘဏ်တွေရဲ့ကောလာဟာလကြောင့် ငွေထုတ်ပြီးတဲ့လူက ရွှေလာဝယ်တယ်။ ရောင်းချတဲ့သူတွေကလည်း ဘဏ်မှာ မအပ်တော့ဘဲရွှေဝယ်တယ်။ အဲ့ဒီမှာ စပြီး ရွှေရှားတော့တာ။ ကိုဗစ်ကြောင့် ကျန်တဲ့လုပ်ငန်းတွေရပ်ဆိုင်းထားချိန်မှာ ဒီတစ်ခုပဲ လွယ်လွယ်လုပ်လို့ရတော့ ဒီထဲကိုဝင်လာတာ။ ဝယ်ထားရင်မြတ်မယ်ဆိုတဲ့အတွေးရှိကြတယ်။မနေ့က အသင်းရုံးမှာ လူ ၅၀ လာတယ်၊ ၅၀လုံးက အဝယ်သမားတွေချည်းပဲ" လို့ ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။
အရင်ကတော့ မြန်မာ-လာအို-တရုတ်နယ်စပ်က ရွှေတြိဂံဒေသမှာ ရွှေသွားရောက်ဝယ်ယူမှု ရှိကြပေမယ့် လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေးကြောင်း အဲ့ဒီဘက်ကို သွားရောက် ဝယ်ယူဖို့မရနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့ရွှေဈေးကွက်အတွင်းလုပ်ကိုင်သူတွေကပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ အာဏာမသိမ်းခင်က တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဝန်းကျင်ရှိခဲ့တဲ့ ဒေါ်လာ ဈေးဟာလည်း မနေ့က စက်တင်ဘာ ၂၇ ရက်နေ့ထိ နောက်ဆုံးရ ဈေးနှုန်းအရ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂,၃၀၀ အထိရောက်ခဲ့တာတွေဟာလည်း ပြည်တွင်းရွှေဈေးကို အဓိက သက်ရောက်စေတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
မနေ့ကစက်တင်ဘာ ၂၇ရက်နေ့မှာတော့ ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၂၀ ကျော်နဲ့ဈေးပိတ်ခဲ့ပါတယ်။