ဦးညီပု အဂတိမှုအတွက် ရှေ့နေပါဝါတင်၊ ပုဒ်မ ၅၀၅ ( ခ )အတွက် ဦးညီပုကို စက်တင်ဘာ ၂၈ ရက် ရုံးချိန်းမှာ စစစ်ဖို့ရှိ

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုစွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အတွက် ရှေ့နေအဖြစ် သဇင် ဥပဒေဆိုင်ရာအဖွဲ့အစည်းကနေ လက်ခံလိုက်ပြီဖြစ်ပြီးတော့ အဲ့ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးမယ့်ရှေ့နေအဖြစ် ကိုယ်စားလှယ်လွှဲစာကို တရားစွဲဆိုထားတဲ့ ရခိုင်ပြည်နယ် တရားလွှတ်တော်‌ကို စက်တင်ဘာလ ၂၁ ရက် ဒီကနေ့ရုံးချိန်းမှာပဲ လျှောက်ထားလိုက်ပြီဖြစ်တယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးဟောင်းငါးဦးတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ စွဲဆိုထားခဲ့တာဖြစ်ပါတယ်။

အဂတိမှုနဲ့တရားစွဲဆိုခံထားရတဲ့ ဝန်ကြီးဟောင်းငါးဦးအနက် ဦးညီပု၊ ဦးကျော်အေးသိန်းနဲ့ ဦးအောင်ကျော်ဇံတို့သုံးဦးအတွက် တော့ အမှုလိုက်ပါဆောင်ရွက်ပေးမယ့်ရှေ့နေတွေရှိနေပြီဖြစ်ပေမဲ့ ဉီးကျော်လွင်နဲ့ ဦးမင်းအောင်တို့နှစ်ဦးအတွက်တော့ ရှေ့နေတွေမရှိကြသေးဘူးလို့သိရကြောင်း ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ်တရားရုံးမှာ စွဲထားတဲ့ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပပုဒ်မ ၅၀၅ (ခ)အမှုမှာတော့ တရားလိုပြသက်သေ ၅ ဦးရှိပြီး အဲ့ဒီသက်သေတွေအားလုံးကို ပြီးခဲ့တဲ့ရုံးချိန်းက စစ်ဆေးမှုတွေပြီးစီးခဲ့ပြီ ဖြစ်ကာ စက်တင်ဘာ ၂၈ ရက် လာမယ့်ရုံးချိန်းမှာ ဦးညီပုကို စတင်စစ်ဆေးတော့မှာလည်း ဖြစ်တယ်လို့ ရှေ‌နေတွေကတစ်ဆင့် သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

အဂတိမှုမှာတော့ တရားလိုဘက်က သက်သေဘယ်နှစ်ယောက် တင်သွင်းထားတယ်ဆိုတာကို မသိသေးသလို ဦးညီပုကို အဂတိမှုအဖြစ် ဘယ်လိုအကြောင်းအရာတွေကို အခြေခံပြီး စွဲဆိုထားတယ် ဆိုတာကိုလည်း အသေးစိတ် ပြောပြဖို့ အခက်အခဲ ရှိတယ်လို့ ရှေ့နေက ပြောဆိုပါတယ်။

တရားစွဲခံထားရတဲ့ ဝန်ကြီးဟောင်းငါးဦးအနက် စည်ပင်သာယာရေးဝန်ကြီးဟောင်းဖြစ်တဲ့ ဦးမင်းအောင်နဲ့ NLD ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်မှုနဲ့ ငြိမ်းစုစီပုဒ်မ ၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့နဲ့ တောင်ကုတ်မြို့နယ် တရားရုံးမှာစွဲဆိုထားပြီး အဲ့ဒီအမှုနဲ့မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ၂ လစီ ချမှတ်လိုက်ပြီဖြစ်ပါတယ်။

ပြစ်ဒဏ် ၂ နှစ်နဲ့ ၂ လ ကျခံနေရတဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို စက်တင်ဘာ တတိယအပတ်အတွင်း သံတွဲအကျဉ်းထောင်ကနေ စစ်တွေအကျဉ်းထောင်းကို ပြောင်းရွှေ့သွားပြီဖြစ်တယ်လို့ ဦးမင်းအောင်ရဲ့သားဖြစ်သူက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

လက်ရှိမှာတော့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဝန်ကြီးဟောင်းငါးဦးအနက် လေးဦးကို စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုတော့ စစ်တွေတပ်နယ်အတွင်းမှာပဲ ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။

အဲ့ဒီဝန်ကြီးဟောင်းတွေ ထိန်းသိမ်းခံလိုက်ရပြီးနောက်ပိုင်းမှာတော့ မိသားစုတွေနဲ့ အဆက်အသွယ် မရရှိကြသလို ရုံးချိန်းတွေမှာလည်း အွန်လိုင်းဗီဒီယိုကနေ တစ်ဆင့် စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့ကို ဂွမြို့ ရွာမရပ်ကွက်နဲ့ ကင်းရိုးရပ်ကွက်ကြားရှိ ဂွချောင်း ဂုံးသောင်မြေနေရာမှာ တန်ဖိုးနည်းအိမ်ရာဖော်ထုတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံ ၃ ခု ကို ဒေသခံများအလုပ်အကိုင်ရရှိရေးခေါင်းစဉ်နဲ့ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီတစ်ခုကို ငှားရမ်းခြင်းနဲ့ ပြည်နယ် ရန်ပုံငွေ ၈၆၅ သန်းကို ဘဏ္ဍာရေး စည်းကမ်းနဲ့မညီဘဲ သုံးစွဲခဲ့တဲ့ အတွက် အမှုဖွင့်ခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။