ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်တော်မှာ လက်နက်ကြီးကျလို့ နှစ်ဦးဒဏ်ရာရ
တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတဲ့ ကျော်တော်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း ၅ နာရီဝန်းကျင်လောက်က ဂုပ္ပီထောင့် ကျေးရွာအတွင်းလက်နက်ကြီးကျပြီး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ကျေးရွာတာဝန်ခံ ဦးဘစိန်က ဘီဘီစီကို ပြောပါတယ်။
အဲ့ဒီလက်နက်ကြီးကျည်ဟာ ကုလားတန်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့တဲ့ တပ်မတော်ရေတပ်သင်္ဘော က ပစ်ခတ်လိုက်တဲ့ကျည်ဖြစ်ကြောင်းနဲ့ ဂုပ္ပီထောင့်ကျေးရွာအတွင်းက ဦးရှေ့ကာမောက်ရဲ့နေအိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဂုပ္ပီထောင့် ကျေးရွာတာဝန်ခံ ဦးဘစိန်က ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်အတည်ပြုလို့တော့ မရသေးပါဘူး။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ နေအိမ်ပိုင်ရှင်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဦးရှေ့ကာမောက်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၃၀ အရွယ် ဒေါ်မော်ဟာဂျာရာတို့နှစ်ဦးမှာ လက်နဲ့ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ၁၃ ရက်မနက်ပိုင်း တပ်မတော်ရေယာဉ်က ပစ်ခတ်မှုကြောင့် ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရ သိရကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
"ဒီနေ့မနက် ၄ နာရီ ၄၅ မိနစ်မှာဖြစ်တာပါ။ နေဗီက အပေါ်ကနေဆင်းလာတယ်။ ပစ်သံတွေအများကြီးကြားရတော့ ရွာသားတွေက ပုန်းနေကြတယ်။ အဲ့ဒီမှာ ရွာထဲက အိမ်ကိုကျပြီးတော့ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဒဏ်ရာရသွားတယ်။"လို့ ကျေးရွာတာဝန်ခံ ဦးဘစိန်က ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးဘက် ကို ဆက်သွယ်ပေမဲ့ အခုထိတော့ ဆက်သွယ်လို့ မရသေးသလို ပစ်ခတ်မှုကို ဘီဘီစီက သီးခြား အတည်ပြုနိုင်တာမျိုးလည်း မရှိသေးပါဘူး။
ဒဏ်ရာရရှိခဲ့တဲ့ လင်မယားနှစ်ဦးဟာ လက်နက်ကြီး ပစ်သံတွေ ကြားနေရတဲ့အတွက် အိမ်ရဲ့နောက် ဖေးခန်းမှာ ပုန်းခိုနေတဲ့အချိန် အိမ်အနီးလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး စဉ် ထွက်လာတဲ့ကျည်စတွေက ထရံကိုထောက်ဝင်ကာ သူတို့ကို ထိခိုက်ခဲ့တာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒါ့အပြင် အပေါက်ဝကျေးရွာနဲ့ တစ်ဖက်ကမ်းမှာရှိတွဲ့ ရွာညာကျေးရွာမှာလဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် နွားတစ်ကောင်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အခုလအတွင်း ကျောက်တော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေမရှိပေမဲ့ တပ်မတော်ဘက်က စစ်ဆင်ရေးတွေတိုးမြှင့် ဆောင်ရွက်နေတာကို တွေ့နေရသလို တချို့နေရာတွေမှာလဲ အေအေဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
" မနက် ၄ နာရီကျော်လောက်မှာ နိုးလာတော့ လက်နက်ကြီးသံတွေက ကျောက်တော်မြို့ပေါ်ကနေ ကြားရတယ်။ မနက်ပိုင်းဆက်သွယ်ကြည့်တော့ ဂုပ္ပီထောင်ရွာမှာ မွတ်ဆလင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ ကျွန်တော်တို့က အဝေးသံကိုပဲ ကြားရတာဆိုတော့ တိုက်ပွဲဖြစ်လားမဖြစ်လား ဆိုတာတော့ အတည်ပြုလို့မရဘူး။ ဒေသခံတွေပဲသိမှာပါ။"လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။
အခုလိုမျိုး လက်နက်ကြီးတွေဟာ ကျေးရွာတွေကို မကြာခဏ ကျရောက် ပေါက်ကွဲတဲ့အတွက် အရပ်သားတွေ ထိခိုက်မှုတွေကိုလည်း ကြုံတွေ့နေကြရပြီး စိုးရိမ်ကြောက်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
အထူးသဖြင့် မွတ်ဆလင်တွေအနေနဲ့ တခြားနေရာတွေကို ထွက်ပြေးသွားလာဖို့အတွက် အခက်အခဲတွေရှိနေပြီး တိုက်ပွဲတွေဖြစ်ပွားလို့ ရှိရင်လဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကျေးရွာတွေကို ပစ်ခတ်မှုတွေမလုပ်ကြဖို့ကို ဒေသခံတွေက တောင်းဆိုကြ ပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့ကလဲ ရသေ့တောင်မြို့နယ်အတွင်းမှာ အခုလိုမျိုး လက်နက်ကြီးကျည် ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အောင်စည်ကုန်းကျေးရွာက အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တွေဆေးရုံကို ပို့ဆောင်ထားရပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ကလဲ မြေပုံမြို့နယ် ညောင်ကန်ရွာမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့အတွက် ကလေးနှစ်ဦးနဲ့ ကျောင်းဆရာမ တစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေထဲက ဦးခေါင်းမှာကျည်စထိမှန်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေးတစ်ဦးကိုလဲ စစ်တွေဆေးရုံကိုပို့ဆောင်ထားရပြီး စက်တင်ဘာ ၁၃ ရက်နေ့ထိ သတိမရသေးဘူးလို့ သိရပါတယ်။