ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရသေ့တောင်က လက်နက်ကြီးကျည်စထိပြီး ဒဏ်ရာပြင်းထန်တဲ့ကလေးကို စစ်တွေဆေးရုံ ပို့
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက် မနေ့ မွန်းလွဲ ၂ နာရီခွဲအချိန် လက်နက်ကြီးကျည်တစ်လုံး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကလေးငယ်ဟာ စိုးရိမ်နေရတဲ့အခြေအနေ ရှိနေတာကြောင့် စေတီပြင်တိုက်နယ်ဆေးရုံကနေ စက်တင်ဘာ ၁၂ ရက် ဒီကနေ့ မနက်ပိုင်းမှာ စစ်တွေဆေးရုံကို ထပ်မံပို့ဆောင်လိုက်ရတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
မနေ့က မွန်းလွဲပိုင်းမှာ အောင်စည်ကုန်းကျေးရွာနဲ့ တစ်မိုင်ကျော်လောက်အကွာ ရေမျက် ကျေးရွာအနီး မေယုမြစ်ထဲမှာသွားလာနေတဲ့ တပ်မတော်ရေ ဇက်ရေယာဉ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ အောင်စည်ကုန်းကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ကျေးရွာ ရာအိမ်မှူး ဦးမောင်သိန်းဝင်းရဲ့ အဆိုအရ သိရပါတယ်။
တပ်မတော်ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။
ဒဏ်ရာရှိခဲ့တဲ့ မောင်ပြည့်စုံအောင်ဟာ သူ့ရဲ့နေအိမ်အောက်မှာ ကစားနေချိန် နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘယ်ဘက်လက်လှုပ်အရိုးကို ကျည်စဖောက်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။
"သူတို့ပစ်တာက ရေမျက်ရွာတည့်တည့်လောက်က ပစ်တာ။ အချက် ၃၀ လောက် ရှိမယ်"လို့ ရာအိမ်မှူး ဦးမောင်သိန်းဝင်းက ပြောပါတယ်။
ရသေ့တောင်မြို့နယ်ဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားတဲ့ မြို့နယ်တွေထဲ တစ်ခုအပါအဝင်ဖြစ်ပြီး အရပ်သားထိခိုက်မှုတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ကလည်း ရခိုင်အလယ်ပိုင်း မြေပုံမြို့နယ် ညောင်ကန်ကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကလေးငယ်နှစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးအပါအဝင် ရွာသားလေးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၁ ဦး ရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူ ၁၁ အနက် အသက် ၂၂ နှစ်အရွယ် အဝေးသင်နောက်ဆုံးနှစ်ကျောင်းသူ မနှင်းအိလှိုင်ဟာ ကမ်းထောင်းကြီးဆေးရုံမှာ နှစ်ရက်အကြာ သတိမေ့နေတဲ့အတွက် ၉ ရက်နေ့မှာ စစ်တွေဆေးရုံကို ထပ်မံပို့ဆောင်ပြီး ဆေးကုသမှုတွေ ပြုလုပ်နေရပါတယ်။
"ကျွန်တော်တို့ကတော့ ဒဏ်ရာရရှိသူပေါင်း ၆၂၀ ကျော်လောက်ရှိမယ်လို့ခန့်မှန်းပါတယ်။ ကလေးက ၂၀ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ သေဆုံးသူကတော့ ၂၆၅ ဦးလောက်တော့ရှိနေပါတယ်"လို့ ရခိုင်စစ်ပွဲတွေအတွင်း ထိုခိုက်သေဆုံးမှု အခြေအနေတွေကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။